Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်မြို့နယ် မန်ကျည်းကန်ရွာ စစ်ကောင်စီတပ် လေကြောင်းမှပစ်ခတ်ပြီး ရွာမီးရှို့နေ

စစ်ကောင်စီတပ်သည် ဧပြီလ ၈ ရက်နေ့ကလည်း မြိုင်မြို့နယ် ညောင်ရွာကျေးရွာသို့ MI35 ဖြင့်ပစ်၍ လူချခဲ့ပြီး ကျေးရွာ ၃ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခဲ့သေးသည်။

Update News
Update News

▪️ကျန်းမာရေးမကောင်းသူများအပါအဝင် ဒေသခံအချို့ ဖမ်းဆီးခံထားရဟုဆို

မကွေးတိုင်း မြိုင်မြို့နယ်ရှိ မကျည်းကန်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ရဟတ်ယာဥ်သုံးစီးဖြင့် တပ်အင်အားချပေးကာ ရွာကိုမီးရှို့ဖျက်ဆီးနေကြောင်း ဒေသသတင်းရင်းမြစ်များက People’s Spring သတင်းဌာနသို့ ပြောသည်။

ယနေ့(ဧပြီ ၁၈) နံနက် ၁၁ နာရီခန့်က စစ်ကောင်စီတပ်သည် Mi-35 တစ်စင်း မကျည်းကန်ရွာသို့ရောက်ရှိလာပြီး လေကြောင်းမှ မိနစ် ၂၀ ခန့်ပစ်ခတ်ပြီး ၊Mi-17 ရဟတ်ယာဥ် နှစ် စီး​ပေါ်မှ စစ်သားနှင့် ပျူ​စောထီးများကိုချ​ပေး၍ရွာအတွင်းဝင် ရောက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ​ပြောသည်။ထိုစစ်သားနှင့်ပျူများက ရွာကို မီးတင်ရှို့ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“လေကြောင်းက ပစ်တယ်ရှင့်။ မြင်တဲ့သူတချို့က ပြေးလာရင်း ဖုန်းဆက်ပြောလို့ သိရတယ်။ အခုက ပျူရော ရောပြီးလာတာ”ဟု ဒေသခံတစ်ဦးက People’s Spring သို့ ပြောသည်။

ထို့အပြင် မကျည်းကန်ကျေးရွာအတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ်များသည် ကျေးရွာအတွင်းရှိ တိုက်နယ်ဆေးရုံအားဝင်စီးကာ ပြေးလွှားနိုင်ခြင်းမရှိသော လူနာများအပါအဝင် ဒေသခံပြည်သူအချို့ကို ဖမ်းဆီးထားပြီး ပြည်သူမည် မျှ အဖမ်းခံထားရသည်ကို မသိရသေးပေ။

လက်ရှိအခြေအနေတွင် ရဟတ်ယာဥ်သုံးစင်းဖြင့်လာချသွားသော ပျူနှင့်စစ်သား ခန့်မှန်းအင်အား (၇၀)ဝန်းကျင်သည် မကျည်းကန်ရွာအတွင်းဆက် ရှိနေသောကြောင့် မကျည်းကန်အပါအဝင် အနီးဝန်းကျင်ကျေးရွာများမှ ပြည်သူအများအပြား ထွက်ပြေးနေကြကြောင်း စုံစမ်းသိရသည်။

မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က ဆေးရုံနှင့် လူနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ပြီး ၎င်းတို့ ရွာထဲ၌ ရှိနေသေး၍ ပျက်စီးမှုအခြေအနေ မသိရသေးကြောင်း နယ်ခံများက ပြောသည်။

“ညနေပိုင်းထိ မန်ကျည်းကန်ရွာထဲမှာ ရှိနေသေးတယ်။ ဆေးရုံထဲမှာရှိတဲ့ လူနာတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ပြည်သူတချို့ ဖမ်းဆီးခံထားရတယ်။”ဟု ​ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ဧပြီလ ၈ ရက်နေ့ကလည်း မြိုင်မြို့နယ် ညောင်ရွာကျေးရွာသို့ MI35 ဖြင့်ပစ်၍ လူချခဲ့ပြီး ကျေးရွာ ၃ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခဲ့သေးသည်။