Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဧပြီ ၁၈ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️အရပ်သားထိခိုက်မှုနည်းရေး ပိုမိုလုပ်ဆောင်ဖို့၊ အရပ်သားထိခိုက်မှုများ နိုင်ငံတကာသို့ အသိပေးဖို့ NUG ခေါင်းဆောင်များပြော

အရပ်သားများကို ပစ်မှတ်ထားတဲ့ ရက်စက်မှုများကို စစ်ကောင်စီတပ်က ပိုမိုလုပ်ဆောင်လာတာကြောင့် အရပ်သားထိခိုက်မှု နည်းနိုင်သမျှ နည်းရေးဆောင်ရွက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပါတယ်။ ကန့်ဘလူနယ် ပဇီကြီးရွာ လေကြောင်း တိုက်ခိုက်ခံရမှု စိတ်မကောင်းစရာ ဖြစ်ခဲ့တဲ့ တစ်ချိန်တည်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြေပြင်တိုက်ပွဲများမှာ စစ်ကောင်စီဟာ အဘက်ဘက်က ကျဆုံးနေတယ်လို့ ယာယီသမ္မတက ဒီနေ့ ကျင်းပတဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောပါတယ်။ ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုများ စိတ်အားမလျှော့ကြဖို့လည်း ယာယီသမ္မတက အားပေးပါတယ်။ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း သွေးရူးသွေးတန်းဖြစ်နေတဲ့ စစ်ကောင်စီဟာ ၎င်းတို့ အားကိုးရာ လေကြောင်းကတဆင့် အပြစ်မဲ့ ပြည်သူများကို အငြှိိုးကြီးစွာတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိပြီး ထပ်မံမကျူးလွန်ဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူးလို့ သတိပေးပါတယ်။

(စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရအပြီးတွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရအပြီးတွေ့ရစဥ်။ ဓာတ်ပုံ – CJ)

▪️သန်လျင်မှာ စစ်ကောင်စီတပ် အရာရှိနှစ်ဦးအပါအဝင်သုံးဦး ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ သန်လျင်မြို့မှာ စစ်ကောင်စီတပ်မှ အရာရှိနှစ်ဦးဆိုသူ အပါအဝင်သုံးဦး ပစ်သတ်ခံရတယ်လို့ ဒေသခံသတင်းရင်းမြစ်များက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက ထန်းပင်ကုန်းရပ်ကွက်ရှိ အမှတ်(၃)ကျောင်းအနီးမှာ ပစ်သတ်ခံရတာလို့ ဆိုပါတယ်။ ပစ်ခတ်မှုမှာ စစ်ကောင်စီတပ်မှ အရာရှိနှစ်ဦး နေရာမှာပွဲချင်းပြီးသေဆုံးသွားပြီး သူတို့နဲဲ့အတူပါလာသူတစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(သန်လျင်မြို့အတွင်း စစ်ကောင်စီလက်ပါးစေများက ပိတ်ဆို့စစ်ဆေးနေစဥ်(ပုံအဟောင်းကို အသုံးပြုထားပါသည်။ ဓာတ်ပုံ - CJ)
(သန်လျင်မြို့အတွင်း စစ်ကောင်စီလက်ပါးစေများက ပိတ်ဆို့စစ်ဆေးနေစဥ်(ပုံအဟောင်းကို အသုံးပြုထားပါသည်။ ဓာတ်ပုံ – CJ)

▪️ဒေသခံများ ကန့်ကွက်တဲ့ မြေရှားသတ္တုတူးဖော်ရေးစီမံကိန်းများ ရပ်ဆိုင်းမယ်လို့ KIO ဥက္ကဋ္ဌကတိပေး

ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းများကို ဒေသခံများက ကန့်ကွက်တာကြောင့် KIO/KIA ခေါင်းဆောင်က လုပ်ငန်းများ ရပ်ဆိုင်းမယ်လို့ ကတိပေးခဲ့ကြောင်း ကချင်ဒေသခံက ပြောပါတယ်။ မံစီမြို့နယ်အတွင်းရှိ အင်ဘာပါကျေးရွာ၊ ဒိန်ဆင်းပါကျေးရွာ၊ ဒိန်ဆိန်းဘွမ်ကျေးရွာ၊ ခပရာကျေးရွာမှာ တူးဖော်မယ့် လုပ်ငန်းများကို ရပ်ဆိုင်းပေးဖို့ ဒေသခံများ၊ ကချင်ပြည်နယ် လူထုအခြေပြု အဖွဲ့အစည်းများက တောင်းဆိုခဲ့တာပါ။ ကချင်သတင်းဌာန KNGရဲ့ ဖော်ပြချက်အရ ဧပြီ ၁၅ ရက်က ပြည်သူ ၁၆၀၀ ကျော်ဟာ မိုင်ဂျာယန်မြို့သို့ သွားရောက်ပြီး KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ တွေ့ဆုံခဲ့ရာ KIO ဥက္ကဋ္ဌက မြေရှားသတ္တုတူးဖော်ရေး စီမံကိန်းများအားလုံးကို ရုတ်သိမ်းပေးမယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

▪️ဓာတ်အားလိုင်းလာပြင်တဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်ရှိ အမှတ်(၂၂ ) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)သို့ သွယ်တန်းထားတဲ့ လျှပ်စစ်ဓာတ်အားလိုင်းဖြိုချခံရလို့ လာရောက်ပြုပြင်တဲ့ စစ်ကောင်စီတပ်သားများကို လက်နက်ကြီးအပါအဝင် ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူခရိုင် တပ်ရင်း (၁၉) ဆိပ်ဖြူဘာမထီတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောပါတယ်။ ကပစ(၂၂)ရဲ့ ဓာတ်အားလိုင်းကို ဧပြီ ၅ ရက်က ဖောက်ခွဲဖြိုချခဲ့ရာ မအောင်မြင်သဖြင့် ဧပြီ ၈ ရက်မှာ ထပ်မံဖောက်ခွဲခဲ့တယ်လို့ ဆိုပါတယ်။ ပျက်စီးသွားတဲ့ ဓာတ်အားလိုင်းကို ဧပြီ ၁၀ ရက်မှာ စစ်ကောင်စီတပ်မှ အင်အား ၁၅ ဦးခန့်နဲ့ လာရောက်ပြုပြင်ရာ တော်လှန်ရေးပူးပေါင်းတပ်က ဒရုန်းနဲ့ ဗုံးသီးချခြင်း၊ လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်ခြင်းတို့ လုပ်ဆောင်ခဲ့တာလို့ ရှင်းပြပါတယ်။

(ဓာတ်အားလိုင်းလာပြင်သည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့်ဗုံးသီးချ တိုက်ခိုက်ခဲ့စဥ်)
(ဓာတ်အားလိုင်းလာပြင်သည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့်ဗုံးသီးချ တိုက်ခိုက်ခဲ့စဥ်)

▪️မုံရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးအဖွဲ့များ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အောင်ဇေယျကွက်သစ်ရှိ စစ်ကောင်စီတပ်သားများကို လက်နက်ကြီးများနဲ့ တစ်နာရီခန့်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Salingyi Border Task Force – SBTFအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဒီနေ့ မနက်အစောပိုင်းက မုံရွာမြို့၊ မုံရွာ – ပုသိမ် – ယာကြီး လမ်းဆုံ၊အောင်ဇေယျရပ်ကွက်သစ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားများကို တာဝေးပစ် (၆၀)မမ၊ (၈၀)မမ၊ (၁၂၀) မမတို့နဲ့ အလုံးရေ ၃၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ တော်လှန်ရေးရဲဘော်တစ်ဦးမှာ (၈၀)မမ လက်နက်ကြီး ချို့ယွင်းမှုဖြစ်ပြီး အနည်းငယ်ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး စစ်အုပ်စုရဲ့ ထိခိုက်မှုအခြေအနေကို စုံစမ်းနေဆဲလို့ ပြန်ကြားရေးတာ၀န်ခံက ပြောပါတယ်။

(မုံရွာမြို့တွင် စစ်တပ်အာဏာသိမ်းမှု ကန့်ကွက်ဆန္ဒပြနေသော ပြည်သူများအား အကြမ်းဖက်ဖြိုခွင်းနေသော စစ်ကောင်စီတပ်သားများကို ၂၀၂၁ က တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(မုံရွာမြို့တွင် စစ်တပ်အာဏာသိမ်းမှု ကန့်ကွက်ဆန္ဒပြနေသော ပြည်သူများအား အကြမ်းဖက်ဖြိုခွင်းနေသော စစ်ကောင်စီတပ်သားများကို ၂၀၂၁ က တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

▪️ဖားကန့်နယ်မှာ KIA/PDF ပူးပေါင်းအဖွဲ့နဲ့ ရှမ်းနီSNAတို့ တိုက်ပွဲဖြစ်၊ SNA အထိနာဟု ဒေသခံပြော

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသမှာ မနေ့က ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီလက်အောက်ခံ ရှမ်းနီတပ်ဖွဲ့ (SNA)တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆယ်ဇင်းဒေသခံက ပြောပါတယ်။ မနေ့ မနက်အစောပိုင်းက ဆယ်ဇင်းဒေသ နံ့ကသာနဲ့ ပန်ချယ်ကျေးရွာအကြားမှာ တိုက်ပွဲဖြစ်ခဲ့ပြီး SNA ဘက်က ၄၀ ဦးကျော် သေဆုံးတယ်လို့ ကြားရကြောင်း ဒေသခံက ပြောပါတယ်။ KIA/PDF ပူးပေါင်းအဖွဲဲ့ဘက်က ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

▪️ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို လက်တွဲပုံဖော် တည်ထောင်ဖို့ ‘ဝ’ ကို NUG တိုက်တွန်း

အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အတူလက်တွဲပုံဖော်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ‘၀’လက်နက်ကိုင်အဖွဲ့ ‘၀’ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA)ကို ဖိတ်ခေါ်လိုက်ပါတယ်။ မနေ့က ကျရောက်တဲ့ ‘၀’ဒေသ ငြိမ်းချမ်းရေးတည်ဆောက်မှု (၃၄)နှစ်မြောက်နေ့ အခမ်းအနားသို့ NUG ကာကွယ်ရေးက ဂုဏ်ပြုသဝဏ်လွှာမှတဆင့် တိုက်တွန်းဖိတ်ခေါ်ခဲ့တာပါ။ လက်ရှိ ပြည်သူလူထုတရပ်လုံး ကြုံတွေ့ခံစားနေရတဲ့ မတရားအာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ အဆုံးစွန်သော ရက်စက်ကြမ်းကြုတ်မှုများနဲ့ နှစ်ကာလပေါင်းများစွာ မတရားဖိနှိပ်မှုများကို အဆုံးသတ်အမြစ်ဖြတ်ဖို့မှာ အကြမ်းဖက်စစ်တပ်ကို အပြီးတိုင်ဖယ်ရှားပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတရပ်ကို အားလုံးအတူတကွ လက်တွဲထူထောင်ကြရမယ်လို့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။