Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဧပြီ ၁၉ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️နှစ်သစ်ကူးကာလ ဒီးမောဆိုတိုက်ပွဲ စစ်တပ်ထံမှ လက်နက်နဲ့ခဲယမ်းများရရှိ

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ အများအပြားနဲ့ ကျည်၊ ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ဗဟို သတင်းနှင့်ပြန်ကြားရေး KnICက ထုတ်ပြန်ပါတယ်။ ဧပြီ ၁၆၊ ၁၇၊ ၁၈ ရက် တိုက်ပွဲဖြစ်ပွားမှု၊ လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုအခြေအနေများကို အသိပေးခဲ့တာပါ။ ဒီးမော့ဆိုမြို့နယ် ဒေါညေးခူ ကျေးရွာအပေါ်ဖက် တောင်ကြောပေါ်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ ပူးပေါင်းတပ်များအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ ထိခိုက်သေဆုံးမှုအခြေအနေကို မသိရသေးပါဘူး။

▪️ပဇီးကြီးရွာကို စစ်​ကောင်စီတပ်စစ်​ကြောင်းထိုးလာ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးရွာဘက်သို့ သပိတ်ကျင်းမြို့နယ်ဘက်မှ တက်လာတဲ့ အင်အား ၃၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်း နှစ်ကြောင်းခွဲတက်လာတာကြောင့် ကျေးရွာ(၇)ရွာမှ စစ်ဘေးရှောင်အရပ်သားများထပ်မံထွက်ပြေးနေရတယ်လို့ ​ဒေသခံများက​ပြောပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ မနေ့ ညနေပိုင်းက ၁၂ ဘီးကားနှစ်စီး၊ ကားအသေးနှစ်စီးနဲ့ သပိတ်ကျင်းမြို့နယ်ဘက်မှ ထွက်လာရာ ဒီနေ့ မနက်ပိုင်းမှာ ပဇီကြီးရွာနဲ့ နှစ်မိုင်ခန့်အကွာသို့ ရောက်ရှိလာတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ စစ်ကောင်စီတပ်စစ်ကြောင်းမှာ လက်နက်ကြီးများလည်း သယ်ဆောင်လာတယ်လို့ သိရပါတယ်။

▪️မန္တလေးမှာ မြဝတီဘဏ်စောင့် လုံခြုံရေးရဲကင်းနဲ့ ဘန်ကာတစ်ခုကို ဖောက်ခွဲတိုက်ခိုက်

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ စစ်အုပ်စုပိုင် မြဝတီဘဏ်အစောင့် ရဲကင်းနဲ့ စစ်ကောင်စီတပ် ဘန်ကာတစ်ခုကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ အောင်စည်တော်စစ်ဆင်ရေးအဖွဲ့က ပြောပါတယ်။ မနေ့ မနက်ပိုင်းမှာ ပြည်ကြီးတံခွန်မြို့နယ် ကျွဲဆည်ကန်ကားဝင်းအနီးရှိ မြဝတီဘဏ်အစောင့် စစ်ကောင်စီလက်ပါးစေ ရဲကင်းကို လျက်ဆားပုလင်းဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ညနေပိုင်းမှာလည်း အမရပူရကွက်သစ် ကပ်ကျော်ဓမ္မာရုံအနီးရှိ စစ်ကောင်စီတပ်ရဲ့ ဘန်ကာတစ်ခုကို လျက်ဆားပုလင်းဗုံးနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်သားတွေ သေဆုံးထိခိုက်မှုရှိတယ်လို့ သိရပေမယ့် အရေအတွက်ကို စုံစမ်းဆဲလို့ ဆိုပါတယ်။

(မန္တလေးမြို့ရှိ စစ်အုပ်စုပိုင် မြဝတီဘဏ်၌ လုံခြုံရေးယူနေသည့် စစ်ကောင်စီလက်ပါးစေများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(မန္တလေးမြို့ရှိ စစ်အုပ်စုပိုင် မြဝတီဘဏ်၌ လုံခြုံရေးယူနေသည့် စစ်ကောင်စီလက်ပါးစေများအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

▪️ဖားကန့်ဒေသခံများကို စစ်ကောင်စီ ဖမ်းဆီးပြီးလူသားဒိုင်းအဖြစ်အသုံးချလို့ အရပ်သားအချို့ထိခိုက်သေဆုံးရဟု KIA ပြော

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံပြည်သူများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးချပြီး စစ်ကြောင်းနဲ့အတူခေါ်လာလို့ မနေ့ တိုက်ခိုက်မှုမှာ အရပ်သားအချို့ ထိခိုက်သေဆုံးခဲ့ရတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ဖားကန့်မြို့နယ် ဆိုင်းဖရာရွာ ဒေသခံများကို စစ်ကောင်စီတပ်က ဧပြီ ၁၇ ရက်မှာ ဖမ်ဆီးခဲ့ပြီး လူသားဒိုင်းအဖြစ် ခေါ်ဆောင်ကာ KIA နယ်မြေအတွင်းသို့ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားလာခဲ့တာလို့ သိရပါတယ်။ မနေ့ မနက်ပိုင်းမှာတော့ စစ်ကောင်စီယာဉ်တန်းကို KIAက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များအပြင် အရပ်သားအချို့ ထိခိုက်သေဆုံးခဲ့ရတယ်လို့ KIAက အတည်ပြုပါတယ်။ အရပ်သား ပြည်သူ ၇ ဦး ထိခိုက်ခဲ့တယ်လို့ ကြားသိရကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

(စစ်​ကောင်စီတပ်က ဆိုင်းဖာရာရွာမှ ပြည်သူများကိုလူသားဒိုင်းအဖြစ်အသုံးပြုဖမ်းဆီး​ခေါ်​ဆောင်လာခဲ့​သော (၁၂)ဘီးကုန်တင်ကားဖြင့် ဖမ်းဆီးခံရရာမှလွတ်​မြောက်ပြီး နေရပ်ပြန်ရန်ပြင်ဆင်​နေ​သောပြည်သူများ။ ဓာတ်ပုံ-CJ)
(စစ်​ကောင်စီတပ်က ဆိုင်းဖာရာရွာမှ ပြည်သူများကိုလူသားဒိုင်းအဖြစ်အသုံးပြုဖမ်းဆီး​ခေါ်​ဆောင်လာခဲ့​သော (၁၂)ဘီးကုန်တင်ကားဖြင့် ဖမ်းဆီးခံရရာမှလွတ်​မြောက်ပြီး နေရပ်ပြန်ရန်ပြင်ဆင်​နေ​သောပြည်သူများ။ ဓာတ်ပုံ-CJ)

▪️မတ္တရာနယ် စစ်ကောင်စီတပ်ကို သင်္ကြန်တစ်တွင်းလုံး ဒရုန်းနဲ့ဗုံးချတိုက်ခိုက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ပိုဝတောင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားများကို သင်္ကြန်တစ်တွင်းလုံး ဒရုန်းများနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။ ပိုဝတောင်ကျေးရွာ ဘုန်ကြီးကျောင်းဝင်းအတွင်းနဲ့ ရွာအတွင်း တပ်စွဲထားတဲ့ အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီတပ်ကို သင်္ကြန်တွင်း သုံးဆက် ဒရုန်းသုံးစီးနဲ့ ဗုံးသီး ၁၅ လုံးချ တိုက်ခိုက်ခဲ့ရာ နှစ်ဆန်း တစ်ရက်နေ့ညမှာတော့ စစ်ကောင်စီတပ် ပြန်လည် ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။ မနေ့ကလည်း မတ္တရာမြို့ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးနဲ့ ဆောက်လုပ်ရေးရုံးများရှိ စစ်ကောင်စီတပ်သားများကို ဒရုန်းနဲ့ တပြိုင်နက် ဗုံးသီးသုံးလုံးချ တိုက်ခိုက်ခဲ့တယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

▪️ခင်ဦးနယ် စစ်ကြောင်းဝင်လာတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်မှုရှိ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မကျီးအုပ်ကျေးရွာသို့ စစ်ကြောင်း သုံးကြောင်းနဲ့ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ ၇ ဦး သေဆုံးတယ်လို့ ခင်ဦးနယ် ဒေသခံကာကွယ်ရေးမဟာမိတ်အင်အားစု – KURDAF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ မနက်ပိုင်းက ရေဦးမှ ထွက်လာတဲ့ အင်အား ၉၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ပျူစောထီးများနဲ့ ပူးပေါင်းကာ လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်ကာ စစ်ကြောင်းထိုးလာခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီစစ်ကြောင်းကို အသင့်စောင့်ဆိုင်းနေခဲ့ပြီး မိုင်းပဒေသာ (၄)တွဲ၊ မိုင်း ၁၆ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ရန် စောင့်ဆိုင်းနေသော ခင်ဦးအခြေစိုက် PDF ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Kurdaf

▪️မြင်းမူမြို့ ရဲစခန်းနဲ့ စစ်ကောင်စီတပ်စွဲရာ​နေရာများ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့မရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာများကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Dog Killers People’s Defence Force Myinmu အဖွဲ့ တာဝန်ခံက ပြောပါတယ်။ မနေ့ ညနေပိုင်းက မြင်းမူမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများအား (၈၀) မမ သုံးလုံး၊ (၆၀) မမ လေးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ခိုက်မှုကြောင့် စစ်အုပ်စုထိခိုက်မှုများပြားနိုင်ပြီး အရေအတွက်မသိရသေးဘူးလို့ သိရပါတယ်။ တော်လှန်ရေးရဲဘော်တွေတော့ အထိအခိုက်မရှိဘူးလို့ အသိပေးပါတယ်။