Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုအနောက်ခြမ်း၌ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့နေ

စစ်ကောင်စီတပ်သည် မေလ ၈ ရက် နံနက်ပိုင်းက ရွှေဘိုနယ်အနောက်ခြမ်းရှိ သရက်ပင်ဝန်းကျေးရွာသို့ ဝင်ရောက်၍ နေအိမ် ၂၂လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

သရက်ပင်ဝန်းကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ - CJ
သရက်ပင်ဝန်းကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ - CJ

▪️အရှေ့ခြမ်းတွင်လည်း စစ်ကောင်စီတပ်အား တစ်ရက်တည်း သုံးကြိမ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့နေပြီး အရှေ့ခြမ်း၌လည်း စစ်ကောင်စီတပ်အား ဒေသတွင်းတော်လှန်ရေးအင်အားစုများက သုံးကြိမ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်သည် မေလ ၈ ရက် နံနက်ပိုင်းက ရွှေဘိုနယ်အနောက်ခြမ်းရှိ သရက်ပင်ဝန်းကျေးရွာသို့ ဝင်ရောက်၍ နေအိမ် ၂၂လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

“သရက်ပင်ဝန်းရွာကို မီးတင်သွားပြီး ညအိပ်တည်းတယ်။ ဘုန်းကြီးကျောင်းမှာ ရွာထဲက စားစရာတွေယူပြီး ထင်သလို ချက်ပြုတ်စားသွားတဲ့အပြင် ဖဲပါရိုက်သွားပါတယ်။”ဟု Shwe Bo Local Defence Force ၏ တာဝန်ခံတစ်ဦးက ပြောသည်။

ထို့အပြင် ရွှေဘိုနယ်အရှေ့ခြမ်းရှိ ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းတွင်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား သုံးကြိမ်တိတိ လိုက်လံတိုက်ခိုက်ခဲ့ကြောင်း BLACK WOLF – ARMY၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မေလ ၈ ရက် နေ့လည် ၁၂နာရီခန့်က ကျောက်မြောင်းမြို့၊ ခမရ(၁၂)မှ ဆိုင်ကယ် ၁၅စီးဖြင့် ကင်းပုန်းဝပ်ရန် ထွက်လာသော စစ်သားများအား တည်ပင်ရွာဇရပ်အနီး၌ တိုက်မိုင်း သုံးလုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သည်။

အလားတူ ခမရ(၁၂)မှပင် ညနေ ၃ နာရီကျော်က ထွက်လာသော ( ၁၂ )ဘီးယာဉ် နှစ်စီးကိုလည်း ရွှေဘို – ကျောက်မြောင်းလမ်းပိုင်း တစ်နေရာတွင် တိုက်မိုင်း ငါးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကားနှစ်စီးလုံး ထိမှန်သွားကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

ထို့အပြင် ရွှေဘိုမြို့တွင်းမှထွက်လာသော အင်အား (၄၀)ဦးခန့်ပါ စစ်ကောင်စီတပ်အား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲငယ်ဖြစ်ပွားခဲ့သည်ဟု BLACK WOLF – ARMYက ဆိုသည်။

အဆိုပါ စစ်ဆင်ရေးများတွင် စစ်အုပ်စုဘက်မှထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း BLACK WOLF – ARMY ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ဖြစ်ပြီးတော့ ယာဥ်တွေရပ်သွားတာတော့မရှိဘူး။ ဆက်ထွက်သွားပါတယ်။ ရွှေဘိုနဲ့ကျောက်မြောင်းကို အမြဲသွားလာနေတာပါ”ဟု BLACK WOLF – ARMY ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယင်းတိုက်ခိုက်မှုများအား BLACK WOLF – ARMY နှင့် တိုက်နယ် ပကဖ (၄)၊WHO AM I ARMYတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

သို့သော်စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုများအား လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။

ရွှေဘိုနယ်အနောက်ခြမ်းရှိ စစ်ကောင်စီတပ်သည် ညောင်ပင်သာ စိုက်ပျိုးရေးခြံ၌ တပ်စွဲထားပြီး ပျူသောထီးများလည်း အင်အားထပ်ဖြည့်ထားကြောင်း၊ အနီးဝန်းကျင်ရွာများအား ဆက်လက်စစ်ကြောင်းထိုးလာနိုင်၍ ပြည်သူများ သတိပြုနေထိုင်ကြရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတိပေးထားသည်။