Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဇွန်လ ၂၈ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️NUG နဲ့ ဒီမိုကရေစီအင်အားစုတွေကို ထိရောက်တဲ့ပံ့ပိုးကူညီမှုများပေးဖို့ CRPH တိုက်တွန်း

အမေရိကန်နဲ့ အိန္ဒိယအစိုးရတို့အနေနဲ့ NUG နဲ့ ဒီမိုကရေစီအင်အားစုများကို ထိရောက်တဲ့ပံ့ပိုးကူညီမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ပေးဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ဒီနေ့ တိုက်တွန်းထုတ်ပြန်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီက တရားလက်လွတ်ဖမ်းဆီးချုပ်နှောင်ထားသူအားလုံးကို ပြန်လွှတ်ပေးဖို့၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆီ ပြန်သွားဖို့ တောင်းဆိုထားတဲ့ အမေရိကန်သမ္မတနဲ့ အိန္ဒိယဝန်ကြီးချုပ်တို့ရဲ့ပူးတွဲကြေညာချက်ကို CRPH က ကြိုဆိုကြောင်း ဖော်ပြပါတယ်။ အမေရိကန်နှင့် အိန္ဒိယနိုင်ငံတို့ စိုးရိမ်ပူပန်သလို မြန်မာ့အရေးမှာ အမှန်တကယ် စိုးရိမ်ဖွယ်ဖြစ်ပြီး စိုးရိမ်မှုများမှသည် လက်တွေ့ကျ ထိရောက်တဲ့ ကူညီမှုများအဖြစ်သို့ ဆက်လက်ဖော်ဆောင် ကူညီပေးဖို့ လိုအပ်ကြောင်း CRPH က ထောက်ပြပါတယ်။

▪️မော်ချီးမြို့အနီး စစ်ကောင်စီတပ် တိုက်​လေယာဥ်နဲ့ ဗုံးကြဲ

ကရင်နီပြည်နယ်၊ မော်ချီးမြို့အနီးမှာ စစ်ကောင်စီတပ်က တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်များက ပြောပါတယ်။ ဒီနေ့ နေ့ခင်းမှာ တိုက်လေယာဥ်နဲ့ နှစ်ကြိမ် ထက်မနည်း မော်ချီးလမ်းပိုင်း ၁၀ မိုင်ခန့်မျာ ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။ မော်ချီးဘက်မှာ တိုက်ပွဲမရှိဘဲ မယ်စဲ့ဘက်အတွက် လမ်းကြောင်းလာရှင်းတာလို့ စစ်ရင်းသတင်းရင်းမြစ်က သုံးသပ်ပါတယ်။ မယ်စဲ့မြို့ရှိ စစ်စခန်းအားလုံးကို ကရင်နီပူး​ပေါင်းတပ်များက တိုက်ခိုက်သိမ်းယူပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ရှားတော၊ လောပိတ၊ ဒီးမော့ဆို လမ်းပိုင်းများကို တပ်ဖြန့်ထားတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

(ကရင်နီပြည်နယ်အတွင်း ဗုံးကျဲ တိုက်ခိုက်ခဲ့​သော စစ်ကောင်စီ၏ တိုက်လေယာဥ်တစ်စီး (ပုံအ​ဟောင်းဖြစ်ပါသည်) ။ဓာတ်ပုံ CJ)
(ကရင်နီပြည်နယ်အတွင်း ဗုံးကျဲ တိုက်ခိုက်ခဲ့​သော စစ်ကောင်စီ၏ တိုက်လေယာဥ်တစ်စီး (ပုံအ​ဟောင်းဖြစ်ပါသည်) ။ဓာတ်ပုံ CJ)

▪️KNU တပ်မဟာ(၅)နယ်မြေ စစ်ကောင်စီတပ် လေကြောင်းမှဗုံးကြဲ၊ အဆောက်အဦးအချို့ ပျက်စီး

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေအတွင်းသို့ စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အဆောက်အဦးပျက်စီးမှုရှိခဲ့တယ်လို့ တပ်မဟာ(၅)က သတင်းထုတ်ပြန်ပါတယ်။ ဖာပွန်ခရိုင် ထော့ထီးပယ်ခိုဒေသသို့ မနေ့ မနက်က နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်လာတာဖြစ်ပြီး လူမနေတဲ့ အဆောက်အဦးအချို့ ဗုံးထိမှန် ပျက်စီးခဲ့တယ်လို့ ဖော်ပြပါတယ်။ လေကြောင်း တိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးမှုမရှိဘူးလို့ အသိပေးခဲ့ပြီး ထိခိုက်ပျက်စီးခဲ့တဲ့ အဆောက်အဦးများရဲ့ မှတ်တမ်းဓာတ်ပုံများကို ထုတ်ပြန်ထားပါတယ်။

(မူတြော်ခရိုင်အတွင်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်လာရောက်တိုက်ခိုက်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU-Mutraw News)
(မူတြော်ခရိုင်အတွင်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်လာရောက်တိုက်ခိုက်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ – KNU-Mutraw News)

▪️ကျောက်ထုတိုက်ပွဲ စစ်ကောင်စီတပ်က တိုက်​လေယာဥ်သုံးပေမယ့် ၁၀ ဦး​ထက်မနည်း​သေ

စစ်ကောင်စီတပ်က လေကြောင်း ခုနှစ်ကြိမ်အထိ အသုံးပြုတိုက်ခိုက်ခဲ့​ပေမယ့် မ​ကွေးနဲ့ ချင်းနယ်စပ်ရှိ ကျောက်ထုနယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးတယ်လို့ CDF Mindatက ​ပြောပါတယ်။ ပခုက္ကူမှ တက်လာတဲ့ ‌စစ်ကောင်စီယာဉ်တန်းဟာ မင်းတပ်နဲ့ ကျောက်ထုမြို့အနီး နှော်စေတီကုန်းသို့ ရောက်ရှိ‌နေစဉ် CDF မင်းတပ်က ဇွန်လ ၂၆ ရက် မနက်မှာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ တိုက်ပွဲအပြင်းအထန်ဖြစ်ပြီးနောက် တစ်နာရီကျော်အကြာမှာ အထိနာတဲ့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ နှစ်စီးနဲ့ ခုနှစ်ကြိမ်လာရောက် ဗုံးကြဲခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ CDF-Mindat ရဲဘော်တစ်ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ အသိပေးပါတယ်။

▪️ညောင်ကုန်းရွာ လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၁၀ ဦးအထိရှိလာ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရှိ ညောင်ကုန်းကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုမှာ ဒဏ်ရာရသူများအနက် တစ်ဦးထပ်မံသေဆုံးခဲ့ရာ စုစုပေါင်း သေဆုံးသူ ၁၀ ဦးအထိရှိပြီလို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က ပြောပါတယ်။ မနေ့ ညနေပိုင်းက ညောင်ကုန်း‌ကျေးရွာကို စစ်ကောင်စီတပ်က အကြောင်းမဲ့သက်သက် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းတစ်‌ကျောင်း၊ လူနေအိမ် ၁၃ လုံးပျက်စီးပြီး ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူကာ အမျိုးသား ခြောက်ဦး၊ အမျိုးသမီး သုံးဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ငါးဦးဒဏ်ရာရထားပြီး တစ်ဦးမှာ စိုးရိမ်ရတဲ့အခြေအနေလို့ ဦးဇော်ထက်က ပြောပါတယ်။

(ဇွန်လ ၂၇ ရက်က ပုလဲမြို့နယ် ညောင်ကုန်းရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဘုန်းကြီးကျောင်း ထိခိုက်အပျက်အစီးများအား တွေ့မြင်ရစဉ်။ ဓာတ်ပုံ - CJ)
(ဇွန်လ ၂၇ ရက်က ပုလဲမြို့နယ် ညောင်ကုန်းရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဘုန်းကြီးကျောင်း ထိခိုက်အပျက်အစီးများအား တွေ့မြင်ရစဉ်။ ဓာတ်ပုံ – CJ)

▪️ပုသိမ်ကြီးမြို့နယ်မှာ စစ်​ကောင်စီဖယ်ရှားခိုင်းတဲ့ နေအိမ်ပေါင်း ကိုးထောင်ကျော် ရှိပြီး ပြည်သူများအခက်​တွေ့နေ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် နန်းဦးလွင်ကျေးရွာအုပ်စုနဲ့ အဲဒီအုပ်စုမှာပါဝင်တဲ့ ကန်ကောက်ရွာရှိ နေအိမ် ၉၀၀၀ ​ကျော်ကို စစ်ကောင်စီတပ်က ၁၀ ရက်အတွင်းဖယ်ရှားဖို့ ဖိအား​ပေးထားတာကြောင့် ​ဒေသခံပြည်သူများ အခက်တွေ့နေတယ်လို့ သိရပါတယ်။ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာအုပ်စုနဲ့ ကန်ကောက်ကျေးရွာရှိ နေအိမ်များကို စစ်အုပ်စုက ဇွန်လ ၂၆ ရက်မှာ စာလာကပ်ပြီး ဇူလိုင်လ ၆ ရက် အပြီးဖယ်ရှားခိုင်းထားတာပါ။ အိမ်ခြေ ကိုးထောင်ကျော်မှာ အိမ်ကြီးအိမ်ကောင်းများ အများအပြားပါဝင်ပြီး အချို့နေအိမ်များမှာ မြို့တွင်းမှာ ဖယ်ရှားခံရလို့ အခုနေရာမှာ ဝယ်ယူနေထိုင်ချိန် ထပ်မံဖယ်ရှားခံရတာဖြစ်တယ်လို့ ဒေသခံအချို့က ပြောပါတယ်။

▪️မြောင်နယ် သားအဖနှစ်ဦးအပါအဝင် ရဲဘော် လေးဦးကျဆုံးတဲ့ဖြစ်စဥ်မှာ စစ်ကောင်စီတပ် နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အခြေစိုက် စစ်ကိုင်းခရိုင်တပ်ရင်းအမှတ်(၄) MSPDFအဖွဲ့ခေါင်းဆောင်နဲ့ သားဖြစ်သူအပါအဝင် ရဲဘော်လေးဦးကျဆုံးခဲ့တဲ့ ဖြစ်စဥ်မှာ စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ MSPDFအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဇွန်လ ၂၆ ရက် မနက်ပိုင်းက မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းမှ ထွက်လာတဲ့ စစ်ကောင်စီတပ်ဟာ ပရိမ္မကျေးရွာသို့ တိတ်တဆိတ် စစ်ကြောင်းထိုး ၀င်ရောက်ခဲ့ကာ MSPDF အဖွဲ့ခေါင်းဆောင် (၄၇)နှစ်အရွယ် ဗိုလ်စာက​လေး​ခေါ် ဆရာသက်ခိုင်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။ MSPDF ခေါင်းဆောင်ကို ပြန်လည်ကယ်ထုတ်နိုင်ဖို့ စစ်ကိုင်းခရိုင်တပ်ရင်းအမှတ်(၄)၊ မြင်းခြံခရိုင်တပ်ရင်းအမှတ်(၈) နဲ့ မိတ္ထီလာခရိုင် တပ်ရင်းအမှတ်(၂)တို့က လက်နက်ကြီး၊ လက်နက်ငယ်များ မိုင်းပွိုင့်များနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ သေဆုံးဒဏ်ရာရမှုတွေ ရှိခဲ့တာလို့ သိရပါတယ်။

(ကျဆုံးရဲဘော်များ​အတွက် ဈာပနအခမ်းအနားပြုလုပ် မီးသဂြိုလ်ပေးနေစဉ်။ ဓာတ်ပုံ - ပေးပို့)
(ကျဆုံးရဲဘော်များ​အတွက် ဈာပနအခမ်းအနားပြုလုပ် မီးသဂြိုလ်ပေးနေစဉ်။ ဓာတ်ပုံ – ပေးပို့)