Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လဲချားမြို့နယ်ရှိ နေရာသုံးခု၌ SSPPနှင့် စစ်ကောင်စီ ယနေ့နံနက် တိုက်ပွဲဖြစ်နေ

စစ်ကောင်စီတပ်ဘက်က စတင်ပစ်ခတ်ပါကတုံ့ပြန်ရန် အသင့်ဖြစ်ကြောင်း၊ တပ်စခန်းဖယ်ပေးရန် မဖြစ်နိုင်ကြောင်း နယ်မြေခံSSPP တပ်မှူးက ဇွန်လကတည်းက အသိပေးပြောကြားခဲ့သည်။

(ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - SSPP)
(ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - SSPP)

▪️SSPP တပ်စခန်းများဖယ်ပေးရန် အကြောင်းကြားထားသည့်ဒေသသို့ စစ်ကောင်စီက လက်နက်ကြီးများ စတင်ပစ်ခတ်ချဉ်းကပ်လာ၍ တိုက်ပွဲဖြစ်ဟု ပြော

ရှမ်းပြည်နယ် လဲချားမြို့နယ်ရှိ နေရာသုံးနေရာ၌ ယနေ့ (ဩဂုတ် ၆ရက်)နံနက်မှစ၍ တိုက်ပွဲဖြစ်ပွားနေကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစိုင်းဆုကပြောသည်။

“လွန်ခဲ့တဲ့ နှစ်ရက် သုံးရက်ကတည်းက တပ်က ကျနော်တို့ကို အမြောက်နဲ့လှမ်းထုတယ်။ လှမ်းထုတော့ ကျနော်တို့ သည်းခံခိုင်းတယ်။ မလုပ်ပါနဲ့ဒါအချိန်ကာလမဟုတ်ဘူး။ ကျနော်တို့မဖြစ်ချင်ဘူး ပြောပြီး သည်းခံထားတယ်။ နေ့တိုင်း ပစ်နေကြတယ်။ အဲဒီတော့ဒီမနက်မှာကျတော့ ကျနော်တို့ ရှိနေတဲ့နမ့်ပေါက်ရွာရဲ့ ကုန်းအနားလေးမှာ တပ်က ချဉ်းကပ်မှုလုပ်တယ်။ ချဉ်းကပ်မှုလုပ်တော့ ကျနော်တို့လည်း သတင်းမရတော့ စခန်းအပြင်လှည့်တဲ့အချိန်မှာသူတို့နဲ့ သွားတိုးတာ။ တိုးတဲ့အချိန်မှာ သူတို့က စပစ်တယ်။ ပစ်တော့ ကျနော်တို့ ရဲဘော် တစ်ယောက်ကျသွားတယ်။ ကျသွားတာနဲ့ သူပစ်ကိုယ်ပစ်ပေါ့”ဟု ၎င်းက ပြောသည်။

ထိုသို့ တိုက်ပွဲစတင်ပြီးနောက် လဲချားရှိနေရာ ၃ခုတွင်တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“သုံးနေရာဖြစ်သွားတယ်။ နမ့်ပေါက်ကဖြစ်လိုက်တာနဲ့ လဲချားအဝင်မှာ မနေ့က တပ်က ကားတစ်စီးနဲ့လာချပြီးကတုတ်ကျဉ်းတွေ လာတူးပြီး ချဉ်းကပ်မှုလုပ်တာပေါ့။ အဲဒီမှာလည်းဖြစ်တယ်။ နောက်ပြီးနမ့်တိန်းကြိုးတံတားပေါ့ လူသွားတံတားပေါ့ အဲဒီနားလေးမှာဖြစ်တယ်။ သုံးနေရာဖြစ်တယ် ဒီမနက်”ဟု ဒုဗိုလ်မှူးကြီးစိုင်းဆုက ပြောသည်။

တိုက်ပွဲဖြစ်ပွားရာသည့် အကြောင်းအရင်းမှာ ဒေသတွင်းရှိ SSPP တပ်စခန်းများ ဖယ်ပေးရန်စစ်ကောင်စီက ပြောလာသော်လည်း စစ်ရေးအခြေအနေအရ ဖယ်ပေးနိုင်ခြင်းမရှိသည့် အပေါ် ယခုကဲ့သို့ စစ်ကောင်စီတပ်ကစတင် တိုက်ခိုက်လာခြင်းဖြစ်သည်ဟုဆိုသည်။ ယင်းဒေသ၌ယခင်က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)နှင့်SSPP/SSA ရှမ်းတပ်အချင်းချင်း အကြား တိုက်ပွဲဖြစ်ပြီး RCSSတပ်များ ဆုတ်ခွာသွားခြင်းဖြစ်သည်။

“ဘာကြောင့်ဖြစ်လဲဆိုတော့ အကြောင်းထူးက RCSSနဲ့ ကျနော်တို့ထိတွေ့မှုဖြစ်တော့ ရောက်ရှိတဲ့နေရာကိုကျနော်တို့ကကာထားတာ။ ကာထားတော့ RCSSနဲ့ တွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းဖို့နည်းလမ်းရှာနေချိန် သူတို့ကလည်း တပ်ကကြားမှာ ဝင်ရှုပ်တာပေါ့။ဝင်ရှုပ်တော့ ဖြစ်သွားတာ။ တပ်က ဟိုမှာရွှေ့ပေးပါ ဒီမှာရွှေ့ပေးပါ အဲဒီလိုမျိုးပြောတယ်။ ကျနော်တို့လည်း အခြေအနေ အရ ကျနော်တို့ အပစ်အခတ်မပြီးသေးတဲ့ကိစ္စမှာ သူတို့က လာပြီးတော့ ချဉ်းကပ်ပြီးတော့ ခြိမ်းခြောက်မှုတွေလုပ်တာပေါ့။ပစ်ခတ်မှုတွေ လုပ်တာပေါ့”ဟု ဒုဗိုလ်မှူးကြီးစိုင်းဆုက ပြောသည်။

တိုက်ပွဲက နမ့်တိန်းချောင်း ၊ မိုင်းကိုင်၊ပင်လုံ၊ စနင်းတောင် စသည့် SSPP တပ်ရှိရာ နေရာများ၌ တိုက်ပွဲဆက်ဖြစ်နိုင်သည်ဟုဆိုသည်။

“တစ်နေရာဖြစ်ရင်တော့ကျနော်တို့ရှိတဲ့နေရာဖြစ်သွားနိုင်တယ် တိုက်ပွဲက”ဟု ဒုဗိုလ်မှူးကြီးစိုင်းဆုက ပြောသည်။

ယနေ့ တိုက်ပွဲဆက်ဖြစ်နေပြီး သေဆုံးထိခိုက်အခြေအနေများကို အသေးစိတ်မသိရဟု ဒုဗိုလ်မှူးကြီး စိုင်းဆုက ပြောသည်။

“မဖြစ်တာတော့ ကြာပြီ။ကျနော်တို့လည်း ထိန်းရင်း ထိန်းရင်းနဲ့။ပြောမယ်ဆို မဖြစ်စေချင်ဘူး။ ဒါပေမဲ့ တပ်က ထပ်ပြီးတော့ သူတို့ရန်ရှာတာသုံးရက်ရှိပြီ။ ၆၀ မမနဲ့ ၈၁နဲ့ လှမ်းထုတယ်။ ကျနော်တို့ ရှိရာနေရာကို ပစ်တာပေါ့။ သုံးရက် ပစ်တော့ မြေပြင်မှာလည်း ကျနော်တို့လည်း မထိန်းနိုင်တော့ ဖြစ်သွားတာ။ ဒီနေ့မှာလည်း သူတို့က လာပစ်တာ။ ကျနော်တို့ စခန်းအနီးအနား သွားသွားလာလာနေတဲ့ ကျနော်တို့ရဲဘော်ကိုသူတို့က ပစ်တာ။ ရဲဘော်တစ်ယောက်ကျသွားတော့ ကျနော်တို့တပ်ကလည်း သူတို့ရှိတဲ့နေရာတွေကို ပစ်တာပေါ့”ဟု ၎င်းက ပြောသည်။

လဲချားမြို့နယ်အတွင်း လဲချား-ပန်လုံလမ်းမကြီး၏ တောင်ဘက်အရပ်ရှိ SSPP/SSA ယာယီစခန်း ၁၀ ခုကို ဆုတ်ပေးရန် စစ်ကောင်စီဘက်က ဇွန် ၉ ရက်နေ့တွင် တစ်ကြိမ် ဇွန် ၁၁ ရက်နေ့တွင် တစ်ကြိမ် သတိပေးအကြောင်းကြားခဲ့သော်လည်း SSPPက ဖယ်ပေးမည်မဟုတ်ဟု တုံ့ပြန်ခဲ့သည်။

ထို့ကြောင့် ထိုဒေသအတွင်း စစ်အင်အားများ ဖြည့်တင်းပြီးစစ်ရေးတင်းမာခဲ့ရာ ယနေ့တွင်တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဘက်က စတင်ပစ်ခတ်ပါကတုံ့ပြန်ရန် အသင့်ဖြစ်ကြောင်း၊ တပ်စခန်းဖယ်ပေးရန် မဖြစ်နိုင်ကြောင်း နယ်မြေခံSSPP တပ်မှူးက ဇွန်လကတည်းက အသိပေးပြောကြားခဲ့သည်။

စစ်ကောင်စီဘက်က တပ်ဆုတ်ခိုင်းသည့် လဲချားမြို့တောင်ဘက်အရပ်ရှိ SSPP/SSA ၏ယာယီတပ်စခန်း ၁၀ခုသည် ခိုလမ် တိုင်းစစ်ဌာန၏ လုံခြုံရေးအတွက် အဓိကကျသည့် နေရာများ ဖြစ်သကဲ့သို့ SSPP/SSA ဌာန ချုပ်၏ လုံခြုံရေးအတွက်လည်း အဓိကသည့်နေရာများဖြစ်သည်ဟု SSPPက အသိပေးထားသည်။