‘ဝ’ပြည် သွေးစည်ညီညွတ်ရေးပါတီ(UWSP) ဗဟိုကော်မတီက မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေနှင့်ပတ်သပ်၍ ယနေ့သဘောထားထုတ်ပြန်ရာ ရှမ်းပြည်နယ်မြောက်ပိုင်းအပါအဝင် နိုင်ငံတဝန်းပဋိပက္ခများကို တွေ့ဆုံဆွေးနွေးမှုအပါအဝင် ငြိမ်းချမ်းသောနည်းလမ်းမျိုးစုံဖြင့် ဖြေရှင်းကြရန်အလေးအနက်တောင်းဆိုသည်ဟုဖော်ပြထားသည်။
ပြည်သူတို့၏ စီးပွားရေးနလန်ပြန်ထူရန်နှင့် နေရပ်စွန့်ခွာသွားသောပြည်သူများလုံခြုံရေးအာမခံချက်ရှိစွာ နေရပ်ပြန်နိုင်စေရန် ထိုသို့တောင်းဆိုခြင်းဖြစ်သည်ဟုဆိုသည်။
၂၀၂၁ နိုင်ငံမတည်မငြိမ်ဖြစ်ချိန်မှ စ၍ ဝသည်ဘက်မလိုက်မူဝါဒကိုကျင့်သုံးခဲ့သည်ဟုဆိုပြီး လက်ရှိ စစ်ရေးပဋိပက္ခများကြောင့် နိုင်ငံတော်ပြိုကွဲမည့်အခြေအနေရောက်ရှိနေပြီး ၊စီးပွားရေးကပ်ဆိုက်ပြီး ကုန်ထုတ်လုပ်မှု နှင့်ကုန်သွယ်မှုရပ်ဆိုင်းကာလုပ်ငန်းများအားလုံးအပေါ်ဆိုးရွားစွာထိခိုက်၍ ပြည်သူနေထိုင်မှုဘဝ မျှော်လင့်ချက်ကင်းမဲ့သည့်အခြွေနေရောက်ရှိနေသည်ဟု ဝကဆိိုသည်။ထိုအပြင် တိုင်းရင်းသားပြည်သူများသည်တိုက်ပွဲများအမြန်ရပ်တန့်ရန်မျှော်လင့်ပြီး စီးပွားရေးကောင်းမွန်ရန် ၊နေထိုင်မှုဘဝများပုံမှန်ဖြစ်စေရန် ဆန္ဒများပြင်းပြနေသည်ဟုဆိုထားသည်။
သို့သော် ဝ သည် စစ်တပ်အာဏာသိမ်းမှု ၊စစ်တပ်က အာဏာသိမ်းမှုအပေါ်ဆန့်ကျင် သောပြည်သူများအပေါ်အကြမ်းဖတ်သတ်ဖြတ်မှုများကြောင့် ပြည်သူများက လက်နက်ဆွဲကိုင်ခုခံတော်လှန်မှု ၊ စစ်အုပ်စုက ပြည်သူများ၏နေအိမ်ပေါင်း တစ်သိန်းခန့်ကို မီးရှို့ဖျက်ဆီးပြီးစာသင်ကျောင်းများ၊ဘာသာရေးကျောင်းနှင့် ဆေးရုံများပါမရှောင် ဗုံးကြဲအကြမ်းဖက်သတ်ဖြတ်နေသောအခြေအနေများကိုဖော်ပြခြင်းမရှိသလို စစ်အုပ်စုကိုလည်းအပစ်တင်ခြင်းမရှိပေ။
ဝအဖွဲ့၏ ထုတ်ပြန်ချက်အပေါ် “အာဏာမသိမ်းခဲ့ရင်ဒီလိုဖြစ်စရာအကြောင်းကိုမရှိတာ ဦးဝ တို့က တရားစကားများများပြောနိုင်ပါစေ”ဟု တုံ့ပြန်မှတ်ချက်ရေးသားထားသည်။
အခြားပြည်သူတစ်ဦးကလည်း “ICJ ၊ICC အမှုကို တာဝန်မခံရဲဘဲ လက်နက်အားကိုးဖြင့် နိင်ငံ့အာဏာကို မတရားလုယူပြီး၊ တနိုင်ငံလုံးကို အကြမ်းဖက်နေတဲ့ ဖက်ဆစ်ဝါဒီ အကြမ်းဖက်အဖွဲ့၊ Blacklist for JUNTA (စကစ)အား အမြစ်ပြတ် ချေမှုန်းရေးကို ဦးတည်နေတဲ့ လူထုနွေဦးတော်လှန်ရေး PDF တွေရဲ့ စစ်ဆင်ရေးကို ဘယ်သူကမှ ဟန့်တားလို့မရတော့ပါ။ တိုင်းပြည် ပျက်စီးပါစေ အဓိက လူလို လူ့စကားကို နားမလည်တဲ့၊ လူစိတ်ပျောက်တဲ့ ဖက်ဆစ်ဝါဒီ အကြမ်းဖက်အဖွဲ့(စကစ)ကို လုံးဝ အမြစ်ပြတ်ဖို့ ပြည်သူလူထုကြီးရဲ့ သဘောထားကို နှောက်ယှက်တဲ့ကောင် နောင်တချိန်ကျရင် လူထုက တရားစွဲပါလိမ့်မယ်”ဟု UWSP ထုတ်ပြန်ချက်အပေါ် တုံ့ပြန်မှတ်ချက်ရေးသည်။
ပြည်သူအများစုသည် ဝ အပါအဝင် စစ်ကောင်စီအားတိုက်ခိုက်ခြင်းမရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပေါ် ထောက်ခံ လေးစားခြင်းမရှိဘဲ ပြည်သူနှင့်အတူရပ်တည်၍ စစ်တပ်ကိုတိုက်ခိုက်နေသော ညီနောင်မဟာမိတ် ၃ ဖွဲ့ ၊KIA ၊KNU ၊KNPP ၊ CNA ၊ PDF စသောတော်လှန်ရေးတပ်များကိုသာ ထောက်ခံအားပေးနေကြခြင်းဖြစ်သည်။