ဟန်နွေ/People’s Spring
စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပူးပေါင်းတိုက်ပွဲဝင်ကြရန်နှင့် ကျဆုံးတော်လှန်ရေးရဲဘော်များအား လေးစားတန်ဖိုးထားပြီး ၎င်းတို့၏ မပြီးဆုံးသေးသည့် တော်လှန်ရေးတာဝန်များ ဝိုင်းဝန်းထမ်းဆောင်ရန် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက တိုက်တွန်းလိုက်သည်။
ယနေ့ (ဩဂုတ် ၁၀ရက်) ကျရောက်သည့် ကချင်အာဇာနည်နေ့ ၌ KIO ဥက္ကဋ္ဌက ကချင်ဘာသာဖြင့် မိန့်ခွန်းပြောကြားခဲ့ရာ KIO/KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ဘာသာပြန်ရှင်းပြပေးခဲ့သည်။
” ကျနော်တို့ ကချင်ပြည်နယ်ဘက်မှာ တိုက်ပွဲဝင်နေတဲ့အချိန်မှာ ကျနော်တို့ကို ကူညီ ပံ့ပိုးသွားကြတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေအားလုံးကို လည်း အထူးပဲ ကျေးဇူးတင်ရှိကြောင်းလည်း ပါတာပေါ့။စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက်ကတော့ ကျနော်တို့ လက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံး ပူးပေါင်း ပြီးမှ တိုက်တွန်းရမယ့်ကိစ္စဖြစ်တဲ့အကြောင်းတွေလည်း ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ ပြောကြားချက်ကိုရှင်းပြသည်။
တော်လှန်ရေးကာလအတွင်း ကျဆုံးရဲဘော်များအား တန်ဖိုးထားရန် နှင့် မိသားစုများအား ကူညီစောင့်ရှောက်ရန်လည်း KIO ဥက္ကဋ္ဌက မှာကြားခဲ့သည်ဟု ဆိုသည်။
” တိုင်းနဲ့ ပြည်နယ်အတွက်ကိုယ့်လူမျိုးအတွက် အသက်စတေးခံရတဲ့ လှူဒါန်းသွားကြတဲ့ ကျနော်တို့ရဲ့ ရဲဘော်တွေအားလုံးကို တန်ဖိုးထားဖို့ လေးစားဖို့တွေပါတာပေါ့။ ကျန်ရစ်နေတဲ့ သူ့ရဲ့ မိသားစုတွေ သားသမီးတွေကိုလည်း ကူညီစောင့်ရှောက်ဖို့ အကြံပြုထားတာတွေ ပါပါတယ်။ နောက် ဆက်လက်ပြီးတော့လည်း မပြီးဆုံးသေးတဲ့ သူတို့ရဲ့ တော်လှန်ရေးတာဝန်တွေကို ကျနော်တို့ အားလုံး ဝိုင်းဝန်းပြီး ဆက်ပြီးမှ တိုက်ပွဲဝင်ကြဖို့ တွန်းအားပေးတဲ့ စကားတွေပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောပြသည်။
ယခုနှစ်တွင် စစ်ကောင်စီ၏ စခန်းများစွာကို အချိန်တိုအတွင်း ထိန်းချုပ်နိုင်ခဲ့သော်လည်း စစ်ရေး မပြီးဆုံးသေး၍ စစ်ကောင်စီ၏ လေကြောင်းရန် အမြဲတမ်း သတိထားရန်လည်း KIO ဥက္ကဋ္ဌက သတိပေးခဲ့သည်။
” ဆက်လက်ပြီးမှ စစ်ရေး သတိ ဝိရိယ ရှိဖို့ အရေးကြီးတဲ့အကြောင်းတွေပါတယ်။နောက်တစ်ခုရှိတာကတော့ ကျနော်တို့ ကချင်တိုင်းရင်းသားထဲမှာလည်း BGF တို့ ပြည်သူ့စစ်တို့လည်း ရှိတာပေါ့။ ကျနော်တို့ ညီအကို အချင်းချင်း သွေးထွက်သံယို မဖြစ်အောင် အားလုံးကတော့ အချင်းချင်း စည်းရုံးကြဖို့ ၊ စကစရဲ့ လက်အောက်ခံ မလုပ်ဖို့ စည်းရုံးကြဖို့ပါတာပေါ့” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ထို့ပြင် တိုင်းရင်းသားအချင်းချင်းအကြား နယ်မြေလု၊ နယ်မြေတိုးချဲ့ပြီး အုပ်ချုပ်ရေးချမှတ်ခြင်းများ မလုပ်သင့်ကြောင်းလည်း KIO ဥက္ကဋ္ဌက ပြောကြားခဲ့သည်ဟုဆိုသည်။
” ဒါတွေကတော့ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းတဲ့နည်းနဲ့ သုံးကြဖို့ အားလုံးကို ပြောထားတဲ့ အကြောင်းတွေပါပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ဗိုလ်ချုပ်ကြီးအင်ဘန်လ၏ မိန့်ခွန်းပါ အကြောင်းအရာကို ရှင်းပြသည်။
လက်ရှိတွင် ရှမ်းမြောက်ဒေသ၌ KIO/KIA နှင့် တအာင်းတပ် (TNLA)၊ KIO/KIAနှင့် ကိုးကန့်တပ်(MNDAA) အောက်ခြေတပ်များအကြား နယ်မြေဆိုင်ရာပြဿနာအချို့ရှိခဲ့သည်။
KIOသည် စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူနှင့်အတူ ရပ်တည်ကာ စစ်အာဏာရှင်ကို တော်လှန်တိုက်ပွဲဝင်ခဲ့သည့် တော်လှန်ရေးတပ်ဖြစ်ပြီး ၂၀၂၃ နှစ်ကုန်ပိုင်းမှစ၍ စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်သည့် စစ်ဆင်ရေးများကို တဆင့်ပြီး တဆင့်တိုး၍ ဆင်နွှဲခဲ့ရာ ကချင်နှင့် ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်း များစွာကို သိမ်းပိုက်ရရှိထားသည်။ထို့ပြင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းအတွင်း စစ်ဆင်ရေးများ၌လည်း PDF အပါအဝင် အခြားသောတော်လှန်ရေးတပ်များနှင့် ပူးပေါင်းတိုက်ပွဲဝင်လျက်ရှိသည်။