အီယိုရီ/People’s Spring
တရုတ်နိုင်ငံခြားရေးဝမ်ယိသည် ယခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံဖွယ်ရှိကြောင်း သတင်းရင်းမြစ်အချို့က ပြောသည်။
ထိုင်းနိုင်ငံတွင် ကျင်းပမည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတက်ရောက်မည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက နေပြည်တော်သို့လည်း လာရောက်ရန် စီစဥ်ထားခြင်းဖြစ်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် သြဂုတ် ၁၄ မှ ၁၇ ရက်အတွင်း နေပြည်တော်နှင့် ထိုင်းနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။
ယခုခရီးစဥ်သည် ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်လာရောက်ခြင်းဖြစ်ပြီး ပထမအကြိမ်မှာ ၂၀၂၂ နှစ်လယ်ပိုင်းက လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးတက်ရန် ပုဂံမြို့သို့လာရောက်ခဲ့ခြင်းဖြစ်သည်။ ထိုစဥ်က မစ္စတာဝမ်ယိသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တွေ့ဆုံခဲ့ခြင်းမရှိပေ။
ယခုခရီးစဥ်တွင်လည်း LMC ခေါ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးကို ခေါင်းတင်ထားသဖြင့် နိုင်ငံတကာဆက်ဆံရေးသဘောတရားရှုထောင့်မှ ကြည့်လျှင် တရုတ်အစိုးရက စစ်ကောင်စီကို တဆင့်နိမ့် ဆက်ဆံခြင်းဖြစ်ပြီး စစ်ကောင်စီအတွက် အပေါင်းလက္ခဏာဆောင်သည့် ရလဒ်များကို မြင်တွေ့ရဖွယ် မရှိကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူ၊ ဆောင်းပါးရှင် Otto က သုံးသပ်သည်။
“ဆက်ဆံရေးက တဆင့်ပြန်နိမ့်သွားတယ်။ အစိုးရအချင်းချင်းသွားနေရာကနေ နိုင်ငံတကာဆက်ဆံရေးသဘောနဲ့ပြောရင် multilateral အောက်ကနေပဲ ပြန်ပြီးတွေ့တော့တယ်။ တဆင့်ကတော့ နိမ့်သွားပြီ။ အပေါင်းလက္ခဏာများများတော့ မြင်ရစရာအကြောင်းမရှိဘူး” ဟု ၎င်းက ဆိုသည်။
နေပြည်တော်သတင်းရင်းမြစ်တစ်ဦးကလည်း ယခု တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဥ်မှာ နှစ်နိုင်ငံချစ်ကြည်ရေးခရီးစဥ်မဟုတ်သဖြင့် မျှော်လင့်စရာမရှိကြောင်း မှတ်ချက်ပြုသည်။
ရန်ကုန်မြို့ တရုတ်သံရုံးက မစ္စတာဝမ်ယိ၏ မြန်မာနိုင်ငံခရီးစဥ်နှင့်ပတ်သက်၍ ယနေ့(သြဂုတ် ၁၃ရက်)သတင်းထုတ်ပြန်ထားရာ ယခုတကြိမ်ခရီးစဉ်သည် တရုတ်-မြန်မာ ကဏ္ဍအသီးသီးတွင် အကျိုးတူပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရင်းနှီးသောသံယောဇဉ်ကို ခိုင်ခံ့စေကာ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှု နက်ရှိုင်းခိုင်မာစေရေးကို မြှင့်တင်ရန်ဖြစ်ကြောင်း ဖော်ပြသည်။
ထို့အပြင် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုသည့် အခြေခံမူကို အမြဲတစေလိုက်နာကာ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ အာမခံရေးတို့ကို အစဉ်အမြဲထောက်ခံသွား၍ မြန်မာနိုင်ငံဘက်အသီးသီးက အခြေခံဥပဒေနှင့် တရားဥပဒေမူဘောင်အတွင်း၌ နိုင်ငံရေးဆွေးနွေးခြင်းဖြင့် သဘောထားကွဲလွဲမှုများကို ကောင်းမွန်စွာဖြေရှင်းရေးအတွက် အပြုသဘောဆောင်သော ကူညီမှုများ ပေးအပ်သွားမည်ဟု ဆိုထားသည်။
တရုတ်နိုင်ငံသည် မြန်မာ့အရေးနှင့်ပတ်သက်၍ အမြဲတစေ မီးစတဖက်၊ ရေမှုတ်တဖက် ပုံစံမျိုးဖြင့် ဆက်ဆံသည်ကို တွေ့ရပြီး ရှမ်းပြည်မြောက်ပိုင်း၌ စစ်ကောင်စီတပ်များ သမိုင်းဝင်ရှုံးနိမ့်မှုများ ဖြစ်ပေါ်နေချိန်တွင် စစ်ကောင်စီအား သံတမန်ရေးမျက်နှာသာပေးမှု ပြုလုပ်ခြင်းဖြစ်သည်ဟု နိုင်ငံရေးအကဲခတ်တစ်ဦးက ယူဆသည်။ “ကြိမ်တစ်ချက်ရိုက်လိုက်၊ diplomatic reward လေးပေးလိုက်” ဟု ၎င်းက ဆိုသည်။
တရုတ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို ကိုးကန့်တပ်မတော်(MNDAA)က အပြီးသတ်သိမ်းပိုက်ထိန်းချုပ်လိုက်ခြင်းမှာ စစ်တပ်နှင့် စစ်တပ်ထောက်ခံသူများအတွက် အရှက်တကွဲရှုံးနိမ့်မှု ဖြစ်ခဲ့သည်သာမက အိမ်နီးချင်းတရုတ်နိုင်ငံကိုလည်း မုန်းတီးဆန့်ကျင်မှုများ ပြုလုပ်လာခဲ့သည်။ ထိုအတောအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်လာရောက်ခြင်းက “တရုတ်ဆန့်ကျင်ရေးက စစ်တပ်ထောက်ခံသူတွေကြားမှာ ကြီးထွားလာတော့ ဒါလေးကို တစ်ခါပြန်ပြီး ဆေးသိပ်တာပေါ့” ဟု အထက်ပါ နိုင်ငံရေးအကဲခတ်က မှတ်ချက်ပြုသည်။
သို့သော် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ယခင်ကတည်းက အလွှာအလိုက် ဆက်ဆံသည်ကို တွေ့ရပြီး လက်ရှိတွင် တရုတ်က စစ်ကောင်စီကို တဆင့်နိမ့်ဆက်ဆံကာ ထောက်ခံမှု(favor)ပေးသည့်အနေအထား မရှိတော့ကြောင်း ဆောင်းပါးရှင် Otto က ပြောသည်။
ထို့အပြင် ယခုခရီးစဥ်သည် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ခေါင်းဆောင်မှုအခြေအနေကို တရုတ်နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ မစ္စတာဝမ်ယိကိုယ်တိုင် လာရောက် စူးစမ်းအကဲဖြတ်ခြင်းဖြစ်နိုင်ကြောင်း အထက်ပါ နိုင်ငံရေးလေ့လာစောင့်ကြည်သူက ပြောသည်။
“တရုတ်အနေနဲ့ သူ့ထိပ်ပိုင်းလူတွေ တစ်ယောက်ယောက်ကို လွှတ်ပြီးတော့ မင်းအောင်လှိုင် regime ဘယ်လောက်ခိုင်မာမှုရှိနေသေးသလဲဆိုတာကို ကိုယ်တိုင်လာကြည့်တာမျိုးလည်းဖြစ်နိုင်တယ်ပေါ့။ခေါင်းဆောင်မှုအနေအထား ဘယ်လောက်အထိ ရှိသေးလဲပေါ့။ စစ်ရေးအရကတော့ သူတို့ မြင်ပြီးသွားပြီ။ ဒီလိုအရှုံးတွေ တွေ့ပြီးသား။ ဒါပေမဲ့ နိုင်ငံရေးခေါင်းဆောင်မှု နေပြည်တော်မှာ ဘယ်လောက်အထိရှိသေးသလဲ အဲဒါကို ကိုယ်တိုင်လာပြီး assessment(အကဲဖြတ်ခြင်း)လုပ်တယ််လို့ ယူဆလို့ရတယ်”ဟု Otto က သုံးသပ်သည်။