တော်လှန်ရေးအင်အားစုများနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အတိုင်ပင်ခံပုဂ္ဂိုလ် မစ္စတာတွမ်ဆူလီဗန် တို့ တွေ့ဆုံဆွေးနွေးခဲ့မှုသည် လက်ရှိတော်လှန်ရေးအပေါ် သက်ရောက်မှုရှိလာနိုင်ကြောင်း တွေ့ဆုံမှုတွင် ပါဝင်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကပြောကြားသည်။
တော်လှန်ရေးအမြန်ဆုံးအောင်မြင်ရန်အတွက် ပြည်သူလူထု၏ ထောက်ခံမှု၊ နိုင်ငံတကာ၏ ထောက်ခံမှုနှင့် စစ်ကောင်စီတွင်း ပြိုပျက်မှု သည် အဓိက အချက်များဖြစ်ဟု KNU ပြောရေးဆိုခွင့်ရှိသူကပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ KNU၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကိုယ်စားလှယ်များနှင့် မစ္စတာတွမ်ဆူလီဗန် ၊ USAID လက်ထောက်ကြီးကြပ်ရေးမှူး တို့သည် ဩဂုတ် ၁၅ရက်က အွန်လိုင်းမှ တဆင့်ဆွေးနွေးမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မစ္စတာတွမ်ဆူလီဗန် သည်အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အတိုင်ပင်ခံပုဂ္ဂိုလ် အဖြစ် ယခင် မစ္စတာ ဒဲရက်ရှိုလက် နေရာတွင် အစားထိုးတာဝန်ထမ်းဆောင်နေသူဖြစ်သည်။ အမေရီကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် ကဝန်ကြီးဌာန ၏ အတိုင်ပင်ခံအဖြစ် ဒဲရက်ရှိုလက်ကို ပြီးခဲ့သည့် ဇွန်လတွင်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါတွေ့ဆုံမှုနှင့်ပတ်သက်ပြီး တော်လှန်ရေးအပေါ် သက်ရောက်မှုကြီးမားစွာ ရှိနိုင်ပါသလားဟု မေးမြန်းရာ ပဒိုစောတောနီးက တော်လှန်ရေးတစ်ခု အမြန်ဆုံးနှင့် အောင်မြင်စွာ အောင်ပွဲခံနိုင်ရန် အဓိကကျသည့် အကြောင်းအရာများစွာရှိသော်လည်း အခရာကျသည့် အပိုင်းမှာ နိုင်ငံတကာ၏ ထောက်ပံ့မှု၊ ပြည်သူလူထု ထောက်ခံမှု နှင့် စစ်အာဏာရှင်များအတွင်းပြိုကျနေမှု စသည့် အချက်သုံးချက် မရှိမဖြစ်လိုအပ်ကြောင်း ပြောကြားသည်။
“အဓိကကျတဲ့ အာဏာရှင်တွေရဲ့ပြိုကျမှုက မျက်ဝါးထင်ထင်ဖြစ်နေတယ်။ နောက်တစ်ချက်က ပြည်သူလူထုရဲ့ ထောက်ခံမှုဆိုတာကလည်း ၂၀၂၁ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ မကြုံဖူးအောင် ကျနော်တို့လူထုတွေကအင်မတန် နိုင်ငံရေးနှိုးကြားပြီးတော့ ဒီစစ်အာဏာရှင်စနစ်က မပြတ် ပြတ်အောင် ဖြတ်ရတော့မှာပဲဆိုတဲ့ သံဓိဌာနန်ကလည်း ရှိထားတယ်။ သုံးနှစ်လေးနှစ်အတွင်းမှာ ကျနော်တို့ ဒါ(ပြည်သူလူထု၏ ထောက်ခံမှု)နဲ့ရုန်းကန်နေရတယ်။ နိုင်ငံတကာ ထောက်ခံမှုဆိုတာက မရှိတာတော့ မဟုတ်ဘူး ရှိတယ်။ အထူးသဖြင့် စစ်အာဏာရှင်တွေကို အသိအမှတ်မပြုရေးတို့ သံတမန်ဆက်ဆံရေး ကို လုံး၀ ကျဉ်ထားတာတို့၊ စီးပွားရေးပိတ်ဆို့မှုတို့ ဒါတွေက လုပ်နေတဲ့အပိုင်းတွေဖြစ်တယ်။ ဒါပေမဲ့ ကြည့်ရမယ်ဆိုရင် ဒီအပိုင်းတွေက သိပ်ပြီးအားရစရာမရှိဘူးလို့ပဲပြောရမယ်” ဟု ပဒိုစောတောနီးက ပြောသည်။
အထူးသဖြင့် အမေရိကန်နိုင်ငံ၏ ထောက်ခံမှုသည် ပြီးခဲ့သည့် သုံးနှစ်ကျော်အတွင်း များစွာ ကြီးကြီးမားမားမတွေ့ရဟု ရိုးရှင်းစွာ ပြောရမည်ဖြစ်ကြောင်းလည်း ၎င်းကသုံးသပ်ပြောကြားသည်။
“ဒါပေမဲ့ ဒါတွေက မရှိမဖြစ်လည်း လိုအပ်နေတဲ့အရာတွေပဲဖြစ်တယ်။ ဒီကနေတဆင့် ဆက်ပြီး ကြိုးစားသွားရမယ့်အပိုင်းရှိတယ်။ခုဏကျနော်ပြောသလို ဒီတွေ့ဆုံမှုတွေက ကျနော်တို့ တော်လှန်ရေးအပေါ် သက်ရောက်မှုတော့ရှိလာနိုင်ပါတယ်။ ကြီးကြီးမားရယ်လို့တော့ အခုလက်ရှိကာလမှာတော့ မမြင်ရသေးဘူး ဆိုတာပဲ ပြောရပါမယ်။ဒါပေမဲ့ ကျနော်တို့ဘက်ကတော့ ဒီထက်ပိုပြီး ဘက်ပေါင်းစုံက နိုင်ငံတကာ ထောက်ခံမှုရအောင် ကျနော်တို့ လုပ်ရမယ့်တာဝန်တွေရှိတယ်လေ။ အဓိက ကျတာကတော့ ကျနော်တို့ ပြည်သူလူထုပဲ” ဟု ပဒိုစောတောနီးက ပြောသည်။
ပြည်သူလူထုများအနေဖြင့် ပြင်ပ၏ ထောက်ခံမှု ကူညီမှု ရသည်ဖြစ်စေ မရသည်ဖြစ်စေ ပြည်သူများအနေဖြင့် လုပ်ရမည့် အလုပ်ကို လုပ်ဆောင်လျက်ရှိရာ နိုင်ငံရေး၊ စစ်ရေးဟန်ချက်ညီမှု ရှိနေကြောင်း ၎င်းက ပြောသည်။
မစ္စတာတွမ်ဆူလီဗန်နှင့် တွေ့ဆုံမှုအပေါ် KNUက သတင်းထုတ်ပြန်ခဲ့ရာ တွေ့ဆုံပွဲသို့ KNU အထွေထွေအတွင်းရေးမှူးချုပ် နှင့် နိုင်ငံခြားရေး ဌာနမှူး ပဒိုစောတောနီးတို့ ပါဝင်တက်ရောက်ခဲ့ဟု အသိပေးသည်။
လက်ရှိ အမေရိကန်၏ မူဝါဒ၊ ဒီမိုကရေစီ လိုလားသည့် တော်လှန်ရေးအင်အားစုများအကြား မဟာမိတ်ဖွဲ့ခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီအတွက် အစီအမံ၊ ဒေသန္တရအုပ်ချုပ်ရေး မြှင့်တင်ရေး နှင့် အားလုံးပါဝင်သည့်တွေ့ဆုံဆွေးနွေးပွဲအတွက် ပြင်ဆင်ခြင်းတို့ကို ဆွေးနွေးခဲ့ကြကြောင်း KNUက ထုတ်ပြန်သည်။
ထို့ပြင် စစ်အစိုးရအပေါ် ဖိအားပေးမှုများကို ဆက်လက်လုပ်ဆောင်ရန်နှင့် ၎င်းတို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ယူမှုတာဝန်ခံမှုရှိလာစေရန် အရေးကြီးလုပ်ဆောင်ရမည်ဖြစ်ကြောင်းကိုလည်းအလေးပေးဖော်ပြခဲ့သည်ဟု ဖော်ပြသည်။
အတိုင်ပင်ခံပုဂ္ဂိုလ် Sullivan မှ ဒီမိုကရေစီအရေးလှုပ်ရှားသူများအား တိုက်ရိုက်အကူအညီများမှတစ်ဆင့် ပံ့ပိုးပေးရန် အမေရိကန်ပြည်ထောင်စုမှ ဆက်လက်လုပ်ဆောင်သွားမည်ဆိုသည့်အကြောင်းကို အလေးပေး ပြောကြားခဲ့သည်ဟုလည်း အသိပေးထားသည်။
အဆိုပါ ပံ့ပိုးကူညီမှုသည် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးတွင် ညီညွတ်မှုတည်ဆောက်ရန်၊ ပြည်သူ့ဝန်ဆောင်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ မြှင့်တင်ရန်နှင့်အရပ်သားအုပ်ချုပ်ရေးသို့ ခြေလှမ်းများဖြစ်ရန် ရည်ရွယ်ကြောင်းလည်း KNUက ထုတ်ပြန်သည်။
တွေ့ဆုံမှုတွင် ပါဝင်သည့် CNFကလည်း သတင်းထုတ်ပြန်ထားရာယင်းတွေ့ဆုံမှုတွင် စစ်ကောင်စီကို စဉ်ဆက်မပြတ် ဖိအားပေးရန် သဘောတူခဲ့ကြပြီး မစ္စတာတွမ်ဆူလီဗန်မှ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တော်လှန်ရေးအင်အားစုများအကြားပူးပေါင်းဆောင်ရွက်နေမှုကို ချီးကျူးဂုဏ်ပြုခဲ့သည်ဟု ဖော်ပြသည်။
အာဆီယံ၊ ကုလသမဂ္ဂအထူးကိုယ်စားလှယ်များ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်း ပဋိပက္ခများ အဆုံးသတ်ပြီးငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီရရှိရေးအတွက် ဆက်လက်ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း မစ္စတာတွမ်ဆူလီဗန်နှင့် ၎င်း၏ ကိုယ်စားလှယ်အဖွဲ့တို့က ကတိပြုခဲ့သည်ဟု CNFက ထုတ်ပြန်သည်။
ဆက်လက်၍ အမေရိကန်ပြည်ထောင်စုမှ တော်လှန်ရေးအင်အားစုများအကြား ညီညွတ်ရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၊ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများအတွက်အကူအညီများ ပိုမိုပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် အရပ်သားအစိုးရ ပေါ်ပေါက်လာရေးအတွက် လိုအပ်သည့် လုပ်ငန်းစဉ်များတွင် ကူညီသွားမည်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့ကြောင်း၊
လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ယူမှုတာဝန်ခံမှုရှိလာစေရန် အရေးကြီးလုပ်ဆောင်ရမည်ဖြစ်ကြောင်းကိုလည်း အလေးပေးဖော်ပြခဲ့ဟု CNF ကထုတ်ပြန်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်းထုအာဏာသိမ်းစစ်ကောင်စီ လမ်းကြောင်း ပြောင်းလဲရေး ဆက်လက် ဖိအားပေးရန် အမေရိကန်နှင့် တော်လှန်ရေးအင်အားစုများအကြား သဘောတူညီခဲ့ကြောင်း ထုတ်ပြန်သည်။
စစ်ကောင်စီကို ဆက်လက်ဖိအားပေးရေး အရေးကြီးမှုနှင့် အကြမ်းဖက်မှုများ ကျယ်ပြန့်လာချိန်တွင် မည်သည့်အဖွဲ့အစည်းကဖြစ်စေ ကျူးလွန်သော ကြမ်းကြုတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ခံမှုမြှင့်တင်ရေး အမေရိကန်က ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆွေးနွေးခဲ့သည်ဟုဆိုသည်။
တွေ့ဆုံမှုတွင် အမေရိကန်ပြည်ထောင်စုက မြန်မာပြည်သူလူထုအတွက် လိုအပ်နေသောလိုအပ်ချက်များ၊ အထူးသဖြင့် လူသားချင်းစာနာမှု အထောက်အကူပေးခြင်း၊ တော်လှန်ရေးအင်အားစုများ ထိန်း
ချုပ်နိုင်သည့် နေရာများ ပိုမိုများပြားလာချိန်တွင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ပေးအပ်ရန်၊ လိုအပ်ချက်များကို တိုက်ရိုက်ကူညီပေးရန် အချက်များကို ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။