Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးဆီဆိုင်များတွင် တန်းစီသူများ၏ ဆီဘူးများအား စစ်တပ်က လိုက်သိမ်းနေ

ဆီပြတ်လပ်မှုပိုမိုဆိုးရွားလာပြီး ဆီဝယ်ရန် တနေကုန်တန်းစီနေရ

မန္တလေးမြို့တွင် စက်သုံးဆီတန်းစီနေသူများအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ

​အင်ကြင်း/People’s Spring

မန္တလေးတွင် အာဏာသိမ်းစစ်တပ်က စက်သုံးဆီဝယ်ယူရန် တန်းစီနေသူများ၏ ဓါတ်ဆီဘူးများအား အဓမ္မလိုက်သိမ်းနေကြောင်း မြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဆိုင်ကယ်ဖြင့် စက်သုံးဆီဝယ်ယူရန် တန်းစီနေသူများမှာ ဆိုင်၏ ရောင်းချပေးမှုပမာဏ၊ ဆိုင်သို့သွားရမည့်အကွာအဝေးပေါ်မူတည်၍ ဆီတိုင်ကီထဲမှဆီအား ဘူးဖြင့်ထုတ်ထားခြင်း၊ ဘူးအပိုဖြင့် ယူဆောင်လာခြင်းများ ပြုလုပ်နေရပြီး ထိုအပိုပါလာသည့် ဆီဘူးများအား စစ်ကောင်စီ၏ စစ်သား၊ ရဲနှင့် ထွေအုပ်ဝန်ထမ်းများက အဓမ္မလိုက်သိမ်းနေခြင်းဖြစ်ကြောင်း မန္တလေးမြို့ခံများက ပြောသည်။

“ပြန်ရောင်းတဲ့သူတွေဆိုပြီး ဆီဘူးတွေအကုန်သိမ်းတာ။ ဆီဆိုင်ကတစ်သောင်းဖိုးပေးတယ်ဆိုလို့ အပြည့်ဝယ်လို့ရအောင် တိုင်ကီထဲကဆီကိုဘူးနဲ့ထုတ်ထားတာ။ အဲဒါကိုသိမ်းသွားတာ။”ဟု ပြည်ကြီးတံခွန်မြို့နယ်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

ယမန်နေ့ သြဂုတ် ၁၈ ရက် နေ့လယ်ပိုင်းက ရတနာပုံတက္ကသိုလ်အနီးရှိ ဆီဆိုင်၌ ဆိုင်ကယ်ဖြင့်ဆီတန်းစီနေသူများအား စစ်အုပ်စုက ဝင်ရောက်စစ်ဆေးပြီး ဆီဘူးများအား သိမ်းဆည်းသွားကြောင်း ကြုံတွေ့ခဲ့သူများက ပြောသည်။

“ဆီဘူးတွေအကုန်ထုတ်ခိုင်းပြီး လွှင့်ပစ်တယ်။ ဆီပိုက်ကအစသိမ်းတယ်။ ပြီးတော့သူတို့ပဲ စုပုံသိမ်းထားတဲ့ဆီဘူးတွေ အကုန်သိမ်းသွားတယ်။

ထွေအုပ်ကကောင်က ခင်ဗျားတို့ဒါပဲထုတ်စားမနေနဲ့ဆိုပြီး ဟိန်းဟောက်သွားတယ်။ ဘယ်သူကလာတန်းစီချင်မလဲ။ နေပူကြီးထဲ။”ဟု ကိုယ်တွေ့ကြုံခဲ့သူ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦးက ပြောသည်။

လက်ရှိ စက်သုံးဆီပြတ်လပ်မှုမှာလည်း ပိုမိုဆိုးရွားလာပြီး တစ်ညလုံးနှင့် တနေကုန်တန်းစီရသည်အထိ စောင့်ဆိုင်းနေရကြောင်း၊ ကုမ္ပဏီဝန်ထမ်းများ၊ နေ့စားအလုပ်သမားများ၊ delivery ပို့သူများ၊ ကုန်စိမ်းစျေးသည်များမှာလည်း စက်သုံးဆီဝယ်ယူမရ၍ အလုပ်လုပ်ကိုင်ရန် အခက်အခဲတွေ့နေကြောင်း သိရသည်။

ထို့အပြင် အပူချိန်ပြင်းထန်နေ၍ ဆီတန်းစီသူများ ကျန်းမာရေးထိခိုက်မှုများရှိနေကြောင်း၊ သြဂုတ်၁၇ ရက်ကလည်း စစ်ကိုင်း-မန္တလေးလမ်း၊ တမ္ပဝတီရပ်၌ ဆီတန်းစီနေသူ အသက် ၅၇ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးလည်း အပူဒဏ်အောက် အချိန်ကြာမြင့်စွာစောင့်ဆိုင်းနေရမှုကြောင့် လဲကျသေဆုံးခဲ့ကြောင်း မြို့ခံများက ပြောသည်။

မန္တလေးမြို့အပါအဝင် ဒေသအသီးသီး၌ စက်သုံးဆီဝယ်ယူရန်ခက်ခဲနေပြီး နာရီပေါင်းများစွာ တန်းစီဝယ်ယူနေရကာ ပြည်သူများ အခက်အခဲကြုံတွေ့နေရသည်။ ပြင်ပပေါက်စျေးများလ​ည်း မြင့်တက်နေပြီး 92 ဓါတ်ဆီ တစ်လီတာ ကျပ် ၆၀၀၀ နှုန်းပေါက်နေသည်။

အာဏာသိမ်းစစ်ကောင်စီသည် ဒေါ်လာစျေးအား ထိန်းချုပ်ထားသည့်အတွက် ပြည်ပမှဝယ်ယူတင်သွင်းရသည့်စက်သုံးဆီမှာ မကြာခဏ ကမောက်ကမဖြစ်ကာ ဆီပြတ်လပ်လေ့ရှိပြီး ယခုအခါအဆိုးရွားဆုံး ရင်ဆိုင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

စက်သုံး‌ဆီအခက်အခဲကြောင့် အဝေးပြေးယာဉ်လိုင်းများ ပုံမှန်ထက် အခေါက်ရေ လျော့၍ ပြေးဆွဲနေရကြောင်း အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းအသိုင်းအဝိုင်းက ပြောသည်။

သတင်း

မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်ထဲမှာ ဆိုင်ကယ်စီးအမျိုးသမီး ၂ ဦးကို သေနတ်နဲ့ ပစ်သတ်မယ်လို့ ခြိမ်းခြောက်ပြီး ဖုန်းနဲ့ဆိုင်ကယ် လုယက်မှု ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံအချို့ထံကသိရပါတယ်။

သတင်း

နှစ်ရက်အတွင်း ပြည်တွင်းစက်သုံးဆီစျေး ထပ်မံမြင့်တက်လာကြောင်း စက်သုံးဆီသုံးစွဲနေသူများက လူထုနွေဦးသို့ ပြောသည်။

သတင်း

မန္တလေးမြို့တွင် အပူချိန်အောက်တွင် အချိန်ကြာမြင့်စွာ ဆိုင်ကယ်ဆီတန်းစီနေသူ အမျိုးသမီးကြီးတစ်ဦး လဲကျသေဆုံးခဲ့သည်။