ဒီပ/People’s Spring
ဗန်းမော်မြို့ နှင့် မိုးမောက်မြို့ကြားရှိ အမှတ် ၄၃၇ ခြေမြန်တပ်ရင်း (ခမရ ၄၃၇) ဌာနချုပ်အား ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ဦးဆောင်သော ပူးပေါင်းတပ်များက ယနေ့အပြီးသတ်သိမ်းပိုက်လိုက်နိုင်ပြီဖြစ်သည်။
“အပြီးရပါပြီ ။ ၄၃၇ က ဗန်မော်အတွက် အရမ်းအရေးကြီးပါတယ်”ဟု စစ်ရေးရင်းမြစ်တစ်ဦးကပြောသည်။ခမရ (၄၃၇ )မှာ မိုးမောက်မြို့အနီး တည်ရှိသော်လည်း ဗန်မော်မြို့အတွက်ပါစစ်ရေးအရ အလွန်အရေးကြီးသောတပ်ရင်းဖြစ်သည်။
စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) ၂၁ အတွက် အရေးကြီးဆုံးဖြစ်သော တိုက်ခိုက်ရေးတပ်ရင်းကို KIA ဦးဆောင်သောပူးပေါင်းတပ်များက ၂၀၂၄ ခုနှစ် မေလ မှစတင်၍ အကြိမ်ကြိမ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဇူလိုင်လကုန်ပိုင်းတွင် ထိုးစစ်အရှိန်မြှင့်ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ခမရ (၄၃၇) မှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)တစ်ခုလုံးတွင် အင်အားအပြည့်ရှိပြီး တိုက်ခိုက်ရေး အကောင်းဆုံးတပ်ရင်းဖြစ်သောကြောင့် စစ်ကောင်စီတပ်အတွက် ကြီးမားသောဆုံးရှုံးမှုဖြစ်သလို KIA အတွက် ကြီးမားသောအောင်ပွဲဖြစ်သည်။
KIAပူးပေါင်းတပ်များသည် ကချင်ပြည်နယ် မိုးမောက်မြို့၌ နောက်ဆုံးကျန်နေသည့် စစ်ကောင်စီ၏ ခမရ(၄၃၇)တပ်ရင်း ၏ ကားကင်းစခန်းများကိုလည်း သြဂုတ် ၁၅ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်မှသေဆုံး ဒဏ်ရာရသူများပြီး ခမရ ၄၃၇ ကို ကြီးကြပ်ခဲ့သောစကခမှူး နှင့် ဒုဗျူဟာမှူးတို့သည် စစ်ရှုံးပြီးနောက် ထွက်ပြေးသွားကြောင်းစုံစမ်းသိရသည်။ တပ်ရင်းသိမ်းတိုက်ပွဲအခြေအနေအသေးစိပ်ကို People’s Spring ကဆက်လက်ဖော်ပြသည်။
KIA ပူးပေါင်းတပ်သည် မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများစွာကို သိမ်းပိုက်ထားပြီး နောက်ဆုံးကျန်နေသည့် ခမရ(၄၃၇)တပ်စခန်းကိုမေလ မှစတင်၍ အကြိမ်ကြိမ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဇူလိုင်လတွင် ထိုးစစ်အရှိန်မြှင့် ထပ်မံ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ခမရ ၄၃၇ ကျပြီဖြစ်၍ မိုးမောက်မြို့နယ်မှာ စစ်ကောင်စီတပ်ကင်းစင်သွားပြီဖြစ်သည်။ အဆိုပါ တိုက်ပွဲတွင် KIA နှင့်အတူ ရက္ခိုင့်တပ်တော်(AA)၊ KPDF ပူးပေါင်းတပ်များ ပါဝင်လျက်ရှိသည်။