ဟန်နွေ/People’s Spring
ချင်းပြည်နယ် ထန်တလန်မြို့၌ စစ်ကောင်စီတပ် ယာယီတပ်စွဲထားသည့် တပ်စခန်းနေရာ တစ်ခုကို ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF) တပ်များ ပူးပေါင်းဖွဲ့စည်းထားသည့် ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရတပ်ပေါင်းစုက ယနေ့ ညနေပိုင်း၌ သိမ်းပိုက်နိုင်ခဲ့ကြောင်း ချင်းသတင်းရင်းမြစ်က ပြောသည်။
ချင်းပြည်ကောင်စီ ပူးပေါင်းတပ်သည် ထန်တလန်မြို့သိမ်းတိုက်ပွဲဆင်နွှဲရန် ဇူလိုင်တတိယပတ်မှစ၍ ဟားခါး-ထန်တလန်ကြားရှိ စစ်ကောင်စီတပ်စခန်း အချို့ကို သိမ်းပိုက်ခဲ့ပြီး ဩဂုတ် လဆန်းတွင် ထန်တလန်မြို့ရှိ စစ်ကောင်စီတပ်ကုန်းကို သိမ်းပိုက်ခဲ့သည်။ အဆိုပါ တပ်ကုန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်များသည် ထန်တလန်မြို့တွင်း အဆောက်အဦးများ၌ ယာယီတပ်စွဲထားပြီး စစ်ကောင်စီက လေကြောင်းမှ ရိက္ခာခဲယမ်းဖြည့်တင်းနေခြင်းဖြစ်သည်။
“ထန်တလန်မြို့ပေါ် အဆောက်အအုံတွေထဲမှာ စကစတွေ တပ်စွဲထားတာတွေရှိတယ်။ လေးခုထဲမှာ တစ်ခုက ဒီနေ့မှာ သိမ်းပိုက်နိုင်တာ ဖြစ်ပါတယ်။ လိုင်ဗီလာမှာ တပ်စွဲထားတဲ့ စကစတွေကို ချင်းပြည်အစိုးရ တပ်ပေါင်းစုက သိမ်းပိုက်နိုင်တာဖြစ်ပါတယ်” ဟု ချင်းသတင်းရင်းမြစ်က CNA အရာရှိကို ကိုးကားပြီး ပြောသည်။
ကျန်နေသည့် တပ်စခန်းသုံးခုမှာ NLDပါတီရုံးနေရာ၊ ရဲစခန်းနေရာ၊ CB ဘဏ်နေရာတို့ဖြစ်သည်ဟု ဆိုသည်။
ယခု သိမ်းပိုက်နိုင်ခဲ့သည့်နေရာသည် ယခင်က လိုင်ဗီလာတည်းခိုခန်းနေရာဖြစ်ပြီး စစ်ကောင်စီတပ်က အခိုင်အမာ ပြင်ဆင်တပ်စွဲထားခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။
“တချို့တွေက ထွက်ပြေးတယ်လို့ သိရတာပေါ့။ မနေ့မှာလည်း အဲဒီ မသိမ်းခင်မနေ့မှာ ရဲတပ်သား ၃ယောက် အလင်းလာဝင်တာပေါ့။ လက်နက်နဲ့အတူပေါ့။ အဲဒီလိုမျိုးပဲ ကျနော်လည်း သတင်းရပါတယ်”ဟုလည်း သတင်းရင်းမြစ်က ပြောသည်။
ချင်းပြည်ကောင်စီတပ်ပေါင်းစုသည် စစ်ဆင်ရေးစတင်ခဲ့သည့် ဇူလိုင် ၂၂ရက်မှ လက်ရှိအချိန်ထိ စစ်ကောင်စီ တပ်စခန်းနှင့် ယာယီတပ်စွဲရာနေရာ ၉ခုထက်မနည်းကို သိမ်းပိုက်ထားပြီးဖြစ်သည်။