close
Connect with us

Hi, what are you looking for?

ဆောင်းပါး

ဒဏ်ရာဗလပွနဲ့ ဝေဒနာရွာရဲ့အန္တိမမျှော်လင့်ချက်

ချင်းတွင်းမြစ်ကမ်းဘေးက ရွာတန်းရှည် မတောရွာဟာ ဇွန်လ ၃ရက်နေ့ နံနက် ၁၀နာရီ ၁၃ မိနစ်မတိုင်ခင်အထိ သာသာယာယာရှိနေပါတယ်။ရွှေမန်းတင်မောင်ရဲ့ “အောင်ပါစေ” သီချင်းဟာ ရွာနီးရိုးချုပ်စပ်မှာ လှိုင်ထွက်နေပါတယ်။ ရွာက သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်ရဲ့ မင်္ဂလာပွဲကို ရွာဓလေ့အတိုင်း ကျင်းပနေတာပါ။

ယောနသံ/ People’s Spring

သတိ- ပုံအချို့မှာ အနိဌာရုံမြင်ကွင်းများဖြစ်၍ နှလုံးမ​ကောင်းသူနှင့်က​လေးငယ်များကြည့်ရှူရန်မသင့်ပါ။

သွေးစွန်းနေတဲ့အဝတ်ထုပ်ကို လက်ထဲမှာ ကျစ်‌ကျစ်ပါ‌အောင်ဆုပ်ထားသူတစ်ဦး။ သူက ချင်းတွင်းမြစ်ဆိပ်ဆီဦးတည်ပြီး ရွာလမ်းအတိုင်း တရွေ့ရွေ့သွားနေပါတယ်။ ရွာလမ်းဘေးအိမ်တွေထဲက လူအချို့ကလည်းတုံနှီဘာဝေမျက်နှာပေးတွေနဲ့ ငြိမ်ကုတ်နေပြီး သွေးစွန်းအဝတ်ထုပ်ကို ကိုင်လာတဲ့သူ့ကို လှမ်းကြည့် နေကြပါတယ်။ တရွာတည်းသားချင်းတွေဆိုပေမယ့် သူ့ကိုလည်း ဘယ်သူကမှ ဘာမှမမေးသလို သူကလည်း ဟိုးတုန်းကလို ဖက်လဲတကင်းစကားပြောတာမျိုးမရှိပါဘူး။

လမ်းပေါ်က ထိုလူက ပိန်လှီနေပြီး ဆံပင်က ဖရိုဖရဲ၊ မျက်လုံးတွေက အားအင်ဖျော့‌တော့နေပါတယ်။အသိစိတ်မဲ့နေသူအလားပါပဲ။ မြစ်ကမ်းစပ်ရောက်ပြီး ရေနဲ့ခြေဖျားထိချိန်အထိ သူ့ကိုယ်သူ အသိမဝင်သေးပါဘူး။ ရေက ရင်ဆို့ကိုထိတော့မှ အသ်ိတချက်ဝင်လာပါတယ်။ အဲ့ဒီနောက် ခဏတွေဝေနေပါသေးတယ်။ မိနစ်အနည်းငယ်အကြာမှာတော့ လက်ထဲက သွေးစွန်းနေတဲ့အဝတ်ထုပ်ကို ‌မြစ်ရေစီးနဲ့အတူ မျှောချလိုက်တော့တယ်။

Public Service Announcement

Public Service Announcement

သူကိုယ်တိုင် ရေစီးနဲ့ ရေဆုံးမြေဆုံးမျောလိုက်ချင်ပေမယ့် သူ့အိမ်အပြန်လမ်းကိုမျှော်နေမယ့်မိသားစုကို ငဲ့ပြီး သူ့ကိုယ်သူ သတိကပ်လိုက်နိုင်ပါတယ်။ အိမ်မှာက သူ့မိခင်၊ သူဇနီး၊ သားနဲ့သမီးတို့ စောင့်နေပါတယ်။ မြစ်ဆိပ်မှာ အချိန်အတော်ကြာတဲ့အထိ ယောက်ျားတန်မဲ့မျက်ရည်လွယ်ရွဲငိုကြွေးပြီးမှအိမ်ဘက်ဆီ ခပ်ဖြေးဖြေးပြန်လာခဲ့ပါတယ်။

ထိတ်လန့်တုန်လှုပ်နေတဲ့ အဆိုပါအမျိုးသားဟာ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောရွာက အသက် ၅၀ခန့်အရွယ် ဘိသိက်ဆရာကိုမြမောင်ဖြစ်ပါတယ်။ ရွာအနီးချင်းတွင်းမြစ်ကမ်းဘေးမှာ ပြီးခဲ့တဲ့ဇွန်လဆန်းက တစ်ယောက်တည်းချုံးပွဲချငိုကြွေးခဲ့ရတဲ့ ဖြစ်စဉ်ကို ကိုမြမောင်က ပြန်ပြောပြခြင်းဖြစ်ပါတယ်။

ကိုမြမောင်နဲ့အတူ မတောတစ်ရွာလုံး ဇွန်လ ၃ ရက်မနက်က ကြုံခဲ့ရတဲ့ ထိတ်လန့်တုန်လှုပ်ဖွယ်ရာအဖြစ်အပျက်ဟာ ရက်ပေါင်းများစွာကြာတဲ့အထိ တရွာလုံးကို ခြောက်လှန့်နေပါတယ်။

သွေးမြေကျတဲ့ ဇွန်လ ၃ ရက်

ချင်းတွင်းမြစ်ကမ်းဘေးက ရွာတန်းရှည် မတောရွာဟာ ဇွန်လ ၃ရက်နေ့ နံနက် ၁၀နာရီ ၁၃ မိနစ်မတိုင်ခင်အထိ သာသာယာယာရှိနေပါတယ်။ရွှေမန်းတင်မောင်ရဲ့ “အောင်ပါစေ” သီချင်းဟာ ရွာနီးရိုးချုပ်စပ်မှာ လှိုင်ထွက်နေပါတယ်။ ရွာက သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်ရဲ့ မင်္ဂလာပွဲကို ရွာဓလေ့အတိုင်း ကျင်းပနေတာပါ။

ကိုမြမောင်ဟာ ဒီမင်္ဂလာပွဲမှာ ဘိသိက်ဟောသူဖြစ်ပါတယ်။ သနပ်ခါးရောင်ကျက်သရေခေါင်းပေါင်း၊ ပင်နီတိုက်ပုံ၊ ကချင်ပုဆိုးနဲ့ ဘိသိတ်ဆရာကိုမြမောင်ဟာ မင်္ဂလာအခါပေးခဲ့ပါတယ်။ အဲ့ဒီနောက် စွပ်ကျယ်အင်္ကျီအဖြူ၊ အပြာရောင်ချည်ထည်ပုဆိုး ကို လဲလိုက်ပြီး မင်္ဂလာဆောင်ဝေရာဝစ္စမှာ ရွာ‌ဓလေ့အတိုင်း လုပ်အားပေးကူညီနေပါတယ်။ သူ့ ဘိသိတ်ဝတ်စုံထည့်ထားတဲ့ အိတ်ကို‌တော့ မင်္ဂလာမဏ္ဍပ်ထဲက တိုင်မှာ ကျကျနနချိတ်ဆွဲထားလိုက်ပါတယ်။

မင်္ဂလာပွဲကို တစ်ရွာလုံးက ကလေး၊လူကြီးမရွေးလာကြပါတယ်။ မတောရွာခံတွေအပြင် ဘေးပတ်ဝန်းကျင်ရွာတွေဖြစ်တဲ့ ယုံသာ၊ ကျွန်းတော််၊ ပျဉ်းပင်မှော်၊ လက်ပံပင်၊ ပွင့်လျက်ရွာနဲ့ ကလေးဝမြို့က မိတ်ဆွေတချို့လည်းလာခဲ့ကြပါတယ်။ မင်္ဂလာဆောင်လာသူတွေ၊ ဧည့်ခံကျွေးမွေးသူတွေနဲ့ ရွာဓလေ့မင်္ဂလာပွဲဟာ စည်ကားနေပါတယ်။

မနက် ၁၀ နာရီ ၁၃ မိနစ်မှာတော့ ကျယ်လောင်ပြင်းထန်တဲ့ပေါက်ကွဲမှုနဲ့အတူ မင်္ဂလာဆောင်အခမ်းအနားဟာ အစိတ်စိတ်အမွှာမွှာဖြစ်ရသွားပါတယ်။စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပြီး စက်သေနတ်နဲ့ပါ ပတ်ချာလည်လှည့်ပစ်ခဲ့တာလို့ ဒေသခံတွေကဆိုပါတယ်။

၂၀၂၄ ဇွန်လ ၃ ရက်က ပြည်သူ ၂၉ ဦး​သေဆုံး​ခဲ့တဲ့ မ​တောရွာက မင်္ဂလာ​ဆောင်ကို စစ်​ကောင်စီဗုံးကြဲပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ- SRF၊ CJ

ဒီဖြစ်စဉ်မှာ ကလေးငယ်အချို့အပါ အဝင်စုစုပေါင်း၂၉ ဦး သေဆုံးပြီး ၈၁ဦး ဒဏ်ရာရခဲ့ပါတယ်။ဒဏ်ရာအနည်းငယ်သာရတဲ့အတွက် ဘိသိတ်ဆရာကိုမြမောင်ဟာရှာဖွေကယ်ဆယ်ရေးသမားဖြစ်သွားပါတယ်။

သေဆုံးသူအချို့အောက်ကို ပိနေတဲ့ကလေးငယ်တွေကိုဆွဲထုတ်ပြီး ကိုယ်လက်အင်္ဂါတစ်စစီဖြစ်နေတဲ့ ရုပ်အလောင်းတွေကို လိုက်ကောက်ခဲ့ရပါတယ်။ သွေးအိုင်ထဲမှာလဲနေပြီး ယူပါ ၊ကယ်ပါလို့အော်နေသူတွေကို အပြေးအလွှားကယ်ခဲ့ပါတယ်။ သူ့စွပ်ကျယ် အင်္ကျီနဲ့တိုက်ဂါးတံဆိပ်ပုဆိုးမှာ ‌သွေးတွေဟာ ရေလောင်းချထားသလို စိုရွှဲနေပါတယ်။ ဇောနဲ့မို့ချက်ချင်းမသိသာပေမယ့် ရုပ်အလောင်းတွေအားလုံးကိုဖယ်ရှားပြီးချိန်မှာတော့ ကိုမြမောင်တယောက် အရုပ်ကြိုးပြတ်လဲကျသွားပါတော့တယ်။

အိမ်ပြန်ပြေးပြီးအဝတ်အစားလဲလိုက်ပေမယ့်လည်း သူ့စိတ်တွေစုစည်းလို့မရတော့ပါဘူး။ မိသားစုဝင်တွေကို ကြည့်လိုက်၊ အော်ဟစ်ငိုကြွေးလိုက်နဲ့ ကိုမြမောင်တစ်ယောက် ကယောင်ချောက်ချားဖြစ်နေပါတယ်။ ဒီအခြေအနေတွေကိုထိန်းချုပ်နိုင်ဖို့နဲ့ ဝေဒနာတွေသက်သာလိုသက်သာငြားရွာဦးကျောင်း ဆရာတော်ဆီ သွားပါတယ်။ တရားနာပြီး စိတ်ငြိမ်အောင်ကြိုးစားပါတယ်။ အားဆေးသောက်ပြီးအိပ်ဖို့ကြိုးစားပါတယ်။ ဒါပေမယ့် အချည်းနှီးပါပဲ။ လွင့်စင်သွားတဲ့လူကိုယ်ခန္ဓာအစိတ်အပိုင်းတွေ၊ သွေးလိမ်းလိမ်းထဲမှာ ငိုယိုအော်ဟစ်နေသူတွေပဲသူ့အာရုံမှာ မြင်နေရတယ်။

တော်လဲသံလို ဆူညံနေတဲ့ လေယာဉ်ပျံသံ၊ ကမ္ဘာပျက်သလို တုန်ဟီးသွားတဲ့ ပေါက်ကွဲသံကိုသာ သူကြားနေပါတယ်။သွေးညှိနံ့တွေလည်းရနေပါတယ်။ ဒါတွေက သူ့ စိတ်ကို စက္ကန့်မလပ် ခြောက်လှန့်နေပါတယ်။ ဒီအခြေအ‌နေတွေကနေ ရုန်းမထွက်နိုင်ရင် သူ့ကိုယ်သူတခုခု လုပ်မိတော့မယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း တစ်ရွာလုံးကမ္ဘာပျက်ခဲ့တဲ့နေ့က သူဝတ်ခဲ့တဲ့ သွေးတွေ စွန်း‌ပေနေတဲ့အင်္ကျီနဲ့ပုဆိုးကို ယူလာပြီး ချင်းတွင်းမြစ်ထဲမှာ လက်စဖျောက်ပစ်လိုက်တာဖြစ်ပါတယ်။

ရုပ်ဝတ္ထုကိုသာဖျောက်ဖျက်နိုင်လိုက်ပေမယ့် သူ့စိတ်ဒဏ်ရာကိုတော့ လနဲ့ချီကြာတဲ့အထိ သူကိုယ်တိုင်မကုစားနိုင်သေးပါဘူး။

၂၀၂၄ ဇွန်လ ၃ ရက်က ပြည်သူ ၂၉ ဦး​သေဆုံး​ခဲ့တဲ့ မ​တောရွာက မင်္ဂလာ​ဆောင်ကို စစ်​ကောင်စီဗုံးကြဲပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ- SRF၊ CJ

“ကျနော် ထမင်းစားလို့မရဘူး။ အသံလေးနည်းနည်းလေးကြားတာနဲ့ ကျနော်အထိတ်တလန့်ဖြစ်ရတယ်။ အခုလည်း မထူးပါဘူး။ သေလူလိုပါပဲ” လို့ ကိုမြမောင်ကဖွင့်ဟပါတယ်။

ဒီအဖြစ်ဆိုးကို ကိုမြမောင်အပါအဝင် ကိုယ်တိုင်ကြုံရသူနှစ်ရာထက်မနည်းရှိခဲ့ပြီး မတောရွာတစ်ရွာလုံးစိတ်ဒဏ်ရာ အကြီးအကျယ်ရခဲ့တာပါ။

“သူတို့ထဲမှာဦးနှောက်ဗလာဖြစ်နေတယ်။ စားစရာရှိလို့စားနေတယ်။ ပြောစရာရှိလို့ပြောနေတယ်။ လက်ရှိပစ္စက္ခအခြေအနေပေါ်မှာ အာရုံဝင်စားခြင်းလုံးဝမရှိဘူး။ သူတို့ကိုဒေါသဖြစ်အောင်လုပ်ရင်တောင်မှ ပြန်ပြီးတုံ့ပြန်မယ့်အနေအထားမျိုးမရှိဘူး”လို့ မတောရွာသူရွာသာတွေရဲ့ လတ်တလောအခြေအနေကိုအမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ သက်မွေးပညာကော်မတီတာဝန်ခံ (ကလေးခရိုင်) ဆရာမဒေါ်ရတီအုန်းက ဩဂုတ်လနှောင်းပိုင်းမှာ ပြောပြတာပါ။

ဆရာမဒေါ်ရတီအုန်းက စစ်ကိုင်းတိုင်း၊ ကလေးမြို့ အစိုးရနည်းပညာအထက်တန်းကျောင်းက ကထိက/ဌာနမှူး CDM တစ်ဦးဖြစ်ပါတယ်။ မင်းကင်းမြို့နယ်ပါဝင်တဲ့ ကလေးခရိုင်အတွင်း ပြည်သူလူထုကို ကျန်းမာရေးဝန်ဆောင်မှုပေးနေသူပါ။

ချင်းတွင်းမြစ်ကမ်းဘေးက ရွာပျက်

ချင်းတွင်းမြစ်တဖက်ကမ်းက ကိုမြမောင်တို့မတောရွာဟာ မင်းကင်းမောင်မြင့်လို့ လူသိများတဲ့ တပ်မ(၇၇)တပ်မမှူးဟောင်း၊ ကြံ့ခိုင်ရေးပါတီထိပ်သီးပိုင်းက ဦးမောင်မြင့်ရဲ့ မဲဆန္ဒနယ်ဖြစ်ပါတယ်။ ရွာမှာ စစ်ကောင်စီထောက်ခံသူတွေရော မထောက်ခံသူတွေပါ ရှိနေပါတယ်။အိမ်ခြေသုံးရာနီးပါး၊ လူ ၁၂၀၀ ကျော်ရှိတဲ့ ရွာကြီးပါ။ ဒီမင်္ဂလာဆောင်မတိုင်မီ ၂၀၂၄ နွေရာသီပွင့်လင်းကာလမှာပဲ အလှူကြီး ဆယ်ကြိမ်လှူခဲ့ပြီးပါပြီ။

အခုက ရွာရဲ့ ၁၁ကြိမ်မြောက်အလှူမင်္ဂလာအခမ်းအနားပါ။ ဒါကြောင့်လည်း ဘာစိုးရိမ်ပူပန်မှုမှမရှိဘဲ မင်္ဂလာဆောင်အခမ်းအနားကို ကျင်းပနေတာလို့ ဒေသခံအချို့ကပြောပါတယ်။ ဒါပေမယ့် သူတို့မမျှော်လင့်ခဲ့တဲ့ စစ်ကောင်စီရဲ့ဗုံးကြဲမှုနဲ့အတူမင်္ဂလာဆောင်အခမ်းအနားဟာ စက္ကန့်ပိုင်းအတွင်းမှာပဲ သွေးညှီနံ့လွှမ်းသွားခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်ခံရပြီး ရက်အနည်းငယ်အကြာမှာ မတောရွာကို ဆရာမဒေါ်ရတီအုန်းအရောက်လာခဲ့ပါတယ်။သေဆုံးတဲ့ဒေသခံတွေရဲ့ ကျန်ရစ်သူမိသားစုတွေနဲ့ တွေ့ပြီး အားပေးစကားပြောခဲ့ပါတယ်။ ဖြစ်စဉ်ကိုလည်းအသေးစိတ်မေးမြန်းခဲ့ပါတယ်။ အဖြေကတော့ စစ်ကောင်စီဟာ အရပ်သားတွေကို ဦးတည်ပြီး အစုလိုက် အပြုံလိုက်သတ်ဖြတ်ခဲ့တာ လယ်ပြင်မှာ ဆင်သွားသလို ရှင်းတယ်လို့ ဆရာမဒေါ်ရတီအုန်းက ဆိုပါတယ်။

၂၀၂၄ ဇွန်လ ၃ ရက်က ပြည်သူ ၂၉ ဦး​သေဆုံး​ခဲ့တဲ့ မ​တောရွာက မင်္ဂလာ​ဆောင်ကို စစ်​ကောင်စီဗုံးကြဲပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ- SRF၊ CJ

“သူတို့ထင်တာက ဒီမင်္ဂလာဆောင်ဟာ PDF ကို ထောက်ပို့နေတဲ့ အမျိုးသမီးရဲ့မင်္ဂလာဆောင်။ ဒီနေရာကို ဗုံးကြဲလိုက်ရင် PDF တွေ အတုံးအရုန်းသေမယ်ပေါ့။တော်လှန်ရေးဘက်ကလူတွေက နာရေးကျရင်သာ သွားကြတာ။ သာရေးကြရင် အင်မတန့်အင်မတန်တိုက်ဆိုင်မှသွားတာ။ PDFတစ်ယောက်မှမရှိပါဘူး။ သေသွားသူတွေက အရပ်သားတွေချည်းပါပဲ” လို့ ဆရာမဒေါ်ရတီအုန်းကပြောပါတယ်။

ပူဘောင်းလေးတွေက ကယ်ခဲ့တဲ့ အသက်တွေ

မတောရွာလေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ကြောင့် သေဆုံးသူတွေထဲမှာ အသက် ၂ နှစ်ကနေ ‌၁၈ နှစ်အောက် ကလေးငယ် ၇ဦး ပါဝင်ခဲ့ပါတယ်။ တရွာလုံးရှိရှိသမျှ ကလေးငယ်တွေဟာ မင်္ဂလာဆောင်မှာ ရောက်နေပေမယ့် အဆိုပါ ၇ယောက်ကလွဲလို့ ကျန်ကလေးတွေကို ကံတရားကဖေးမခဲ့ပါတယ်။ တိုက်ခိုက်မခံရမီ မိနစ်အနည်းငယ်က အခမ်းအနားပြီးပြီဆိုပြီး မင်္ဂလာဆောင်မဏ္ဍပ်ထဲက ပူဘောင်းတွေကို လူတစ်ဦးက ဖြုတ်ပြီး ကလေးငယ်တွေကို လိုက်ဝေပေးခဲ့ပါတယ်။ ကလေးငယ်တွေဟာ ပူဘောင်းတွေကို အပ်ချည်ကျိုးနဲ့ချည်ပြီး ပြေးလွှားဆော့ကစားရင်း ရွာလမ်းအတိုင်း အိမ်ကိုပြန်သွားကြပါတယ်။ အဲဒီအချိန်မှာပဲ ဗုံးကြဲတိုက်ခိုက်ခံရတာပါ။

“အဲ့ဒီပူပေါင်းတွေသာ ဖြုတ်မပေးမိရင် ရွာကကလေးတွေ တက်တက်စင်မှာပဲ”လို့ ဒေသခံတစ်ဦးကဆိုပါတယ်။

တစ်ဖက်မှာတော့ စစ်ကောင်စီဟာ သူတို့ရဲ့လေကြောင်းတိုက်ခိုက်မှုအပေါ် ချက်ချင်းအောင်ပွဲခံခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်အပြီး စက်သေနတ်နဲ့ပါ လှည့်ပတ်ပစ်ခဲ့တဲ့ ရဟတ်ယာဥ်တစ်စင်းဟာ ရွာအနီးလယ်ကွင်းအတွင်း နိမ့်န်ိမ့်လေးပြန်သွားခဲ့စဉ်မှာ ပုံမှန်မဟုတ်တဲ့ထူးခြားတဲ့မြင်ကွင်းတစ်ခုကို ဒေသခံတဦးကတွေ့ခဲ့ပါတယ်။

“လာပစ်တဲ့ ရဟတ်ယာဉ်ပါ်မှာ ဆောင်းဘောက်တွေနဲ့ သီချင်းတွေအကျယ်ကြီးဖွင့်ပြီး အော်ဟစ်အောင်ပွဲခံသွားတာ ကြားလိုက်ရတယ်” လို့ အဲဒီအချိန်လယ်ကွင်းထဲမှာရှိနေတဲ့အမျိုးသမီးတစ်ဦးကပြောပါတယ်။

ယောင်္ကျားအရင့်အမာ လေသူရဲတွေက ရဟတ်ယာဉ်ပေါ်ကနေ အောင်ပွဲခံနေချိန်မှာ မြေပြင်မှာတော့ အရပ်သားကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေဟာ သွေးအိုင်ထဲမှာ ကမ္ဘာပျက်နေခဲ့ရှာတာပါ။

လေကြောင်းတိုက်ခိုက်မှုဟာ ပေ ၂၀၀ ပတ်ချာလည်အထိ သက်ရောက်ခဲ့ပြီး မင်္ဂလာဆောင်မဏ္ဍပ်အနီးက နေအိမ်အဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့ပါတယ်။ အုန်းပင်တချို့ပြတ်တောက်ခဲ့ပြီး ဗုံးကျတဲ့နေရာမှာ ရေအိုင်ငယ်ပုံစံမျိုးမြေကျင်းနှစ်ကျင်းဖြစ်ကျန်ခဲ့ပါတယ်။

“ဘယ်လောက်တောင် အဖြစ်ဆိုးလဲဆိုရင်ဖိနပ် နဲ့ အင်္ကျီအအစအနကျန်တာလေးကိုကြည့်ပြီး ဘယ်သူ ဘယ်ဝါဖြစ်နိုင်တယ်လို့ သတ်မှတ်ရသူ သုံးဦး ရှိတယ်။ ဖက်ထားလျက် သေနေကြတာ” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

၂၀၂၄ ဇွန်လ ၃ ရက်က ပြည်သူ ၂၉ ဦး​သေဆုံး​ခဲ့တဲ့ မ​တောရွာက မင်္ဂလာ​ဆောင်ကို စစ်​ကောင်စီဗုံးကြဲပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ- SRF၊ CJ
ဘီလူးသရဲစီးနေဆဲ စစ်တပ်

နိုင်ငံတော်အာဏာကို အတင်းအဓမ္မသိမ်းယူပြီးနောက်ပိုင်းမှာ ပြည်သူလူထုနဲ့ နိုင်ငံတကာကို အထိတ်တလန့်ဖြစ်စေခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုတွေ စစ်ကောင်စီကအကြိမ်ကြိမ်ကျူးလွန်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊နတ်ချောင်းရွာကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ၂၅ရက်နေ့မှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာကနေ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာစာသင်ကျောင်းကို ၂၀၂၂ခုနှစ် စက်တင်ဘာလ ၁၆ရက်မှ ‌လေကြောင်းတိုက်ခိုက်တာအလယ် မကြာသေးခင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၆ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ကို ဗုံးကြဲတိုက်ခိုက်တာအဆုံး စစ်ကောင်စီဟာအာဏာသိမ်းပြီးနောက်ပိုင်း သုံးနှစ် နဲ့ သုံးလအတွင်း(၂၀၂၁ ​ဖေ​ဖော်ဝါရီလက​နေ ၂၀၂၄ ဧပြီလအထိ) လေကြောင်းတိုက်ခိုက်မှုအကြိမ် အရေ ၂၄၇၁ ကြိမ်ကျူးလွန်ခဲ့တယ်လို့ ဥာလင်းသစ်သုတေသနအဖွဲ့က ထုတ်ပြန်ထားပါတယ်။ အဲလို ​လေ​ကြောင်းက​နေ အစုလိုက်အပြုန်လိုက် သတ်ဖြတ်မှု​ကြောင့် ပြည်သူ ၁၃၀၀ နီးပါး​သေဆုံးခဲ့တယ်လို့လည်း​ဖော်ပြထားပါတယ်။

လေကြောင်းကနေတိုက်ခိုက်လို့ သေဆုံးမှုအများဆုံးထဲမှာ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့က ၁၈၈ ဦး သေဆုံးခဲ့တဲ့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာလေကြောင်းတိုက်ခိုက်ခံရမှုဖြစ်ပါတယ်။

ဒီဘက်နှစ်တွေထဲမှာ စစ်ကောင်စီဟာ စစ်ရေးအရ အထိနာလာသလို ၎င်းတို့ထိန်းချုပ်ထားတဲ့မြို့နယ်တွေတစ်ခုပြီးတစ်ခုလက်လွတ်ဆုံးရှုံးပြီးတဲ့နောက် လေကြောင်းတိုက်ခိုက်မှုတွေ ပိုပြီးလက်ရဲဇက်ရဲကျူးလွန်လာပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့မြို့နယ်တွေကို လိုအပ်သလိုလက်တုံ့ပြန်မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်ကထုတ်ပြောထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပိုပြီးတော့ပြုလုပ်လာပါတယ်။ လက်ရှိစက်တင်ဘာလဆန်းပိုင်းထဲမှာပဲ ရှမ်းပြည်နယ်၊ ဖယ်ခုံ၊ မန်တုံ၊ နမ့်ခမ်းနဲ့နောင်ချိုမြို့နယ်၊ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်၊မန္တလေးတိုင်း၊ နွားထိုးကြီးနဲ့ကျောက်ပန်းတောင်းမြို့နယ်၊ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်နဲ့ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရခိုင်ပြည်နယ်ပေါက်တောမြို့နယ်နဲ့ မောင်တောမြို့နယ်ကိုလေကြောင်းကနေတိုက်ခိုက်လို့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ကလေးငယ်တွေ၊အရပ်သားပြည်သူတွေအပါအဝင် သေဆုံးသူ ၁၁၀ဦးထက်မနည်း ရှိတယ်လို့ တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ပေါက်တောနဲ့မောင်တောမြို့ကို လေကြောင်းတိုက်ခိုက်မှုမှာ အာရက္ခတပ်တော်(AA)က ဖမ်းမိထားတဲ့ စစ်သုံပန်းတွေလည်းပါဝင်ခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသူတွေအပါအဝင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၄ ခုနှစ်စက်တင်ဘာလ ၉ ရက်အထိ စစ်ကောင်စီဟာ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း၅,၆၀၀ ကျော်သတ်ဖြတ်ခဲ့တယ်လို့နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာတယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အကြီးအကဲ Mr. Nicholas Koumjian က စက်တင်ဘာလ ၇ရက်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို အစီရင်ခံစာတင်သွင်းရာမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကတော့ ရပ်တန့်မသွားဘဲ စက်တင်ဘာလ ၇ရက် နောက်ပိုင်းမှာတင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်နဲ့ မကွေးတိုင်းကမြို့နယ်အချို့ကို တိုက်ခိုက်ခဲ့ပြန်ပါတယ်။

စစ်ကောင်စီဆီ ‌သွားနေတဲ့ စစ်လက်နက်ပစ္စည်းနဲ့ နည်းပညာလမ်းကြောင်းတွေ၊ လေယာဉ်ဆီတွေဖြတ်တောက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့တော်လှန်ရေးအင်အားစုတွေ၊ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေက ကုလနဲ့ နိုင်ငံတကာကို တောင်းဆိုထားကြပါတယ်။ ဒါပေမယ့် ကုလနဲ့နိုင်ငံတကာကမသိကျိုးကျွန်ပြုလုပ်နေဆဲဖြစ်ပြီး ဒီအခြေအနေကို မြန်မာပြည်သူလူထုကပါစိတ်ပျက်နေပါတယ်။

ဒီအတောအတွင်းမှာပဲ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့် လျော့ပါးရေးအတွက် လေယာဉ်မှူးတွေအပါအဝင် စစ်ကောင်စီလေတပ်က အရာရှိတွေ၊ တပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ တော်လှန်ရေးအင်အားစုတွေကြား ပြောဆိုလာကြပါတယ်။

ဖြေဆည်ရာမရသေးတဲ့ မတောရွာမျက်ရည်

မတောရွာဒေသခံတွေဟာ ရွာမှာ အခုထိ ပြန်မနေရဲကြတော့ပါဘူး။ နောက်ထပ်လေကြောင်းတိုက်ခိုက်မှုကို သူတို့မကြုံရဲကြတော့ပါဘူး။လတ်တ

လောမှာ အန္တရာယ်ကင်းတယ်လို့သူတို့ယုံကြည်တဲ့နေရာမှာ ယာယီခိုလှုံနေကြပါတယ်။ဒေသခံတွေရဲ့ စိတ်ဒဏ်ရာကိုကုစားပေးဖို့ ဆရာမဒေါ်ရတီအုန်းဦးဆောင်တဲ့ သက်မွေးပညာကော်မတီ(ကလေးခရိုင်) က တာဝန်ရှိသူတွေက ကြိုးစားခဲ့ကြပါတယ်။ စိတ်ပိုင်းဆိုင်ရာအားပေးမှုတွေ၊ ရုပ်ပိုင်းဆိုင်ရာထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒါဟာလုံလောက်တဲ့အဖြေမဟုတ်ဘူးလို့ ဆိုကြပါတယ်။

“အဖေမဲ့ အမေမဲ့ ကလေးတွေရဲ့အကြည့်တွေဟာမျှော်လင့်ချက်မဲ့နေသလိုပါပဲ။ အိမ်ထောင်ရှင်မတွေဆိုရင်လည်း ဘာမှမပြောတတ်ရှာဘူး။ သူတို့မှာအဖြေရှိမနေဘူး” လို့ သက်မွေးပညာကော်မတီ(ကလေးခရိုင်) က အဖွဲ့ဝင်တဦးကပြောပါတယ်။

မတောရွာဒေသခံများ တွေ့ကြုံခဲ့ရသောအဖြစ်ဆိုးဟာ အဝေးမှသတင်းကြားသူကိုပင် တုန်လှုပ်ခြောက်ခြားစေတာကြောင့် သူတို့ရဲ့ စိတ်ဒဏ်ရာအတိုင်းဆဟာ စိုးရိမ်စရာကောင်းနေတယ်လို့ လုံခြုံရေးကြောင့်အမည်မဖော်လိုတဲ့ စိတ်ကျန်းမာရေးဆရာဝန်တစ်ဦးကမှတ်ချက်ပြုပါတယ်။

“လက်တွေ့ကျကျလုပ်ရမှာတွေက သူတို့ရဲ့စားဝတ် နေရေးကို ဝိုင်းပြီးဖြေရှင်းပေးရမယ်။စိတ်လုံခြုံမှုရအောင်လုပ်ပေးရမယ်။ ခန္ဓာကိုယ်လုံခြုံမှုရအောင်လည်းလုပ်ပေးရမယ်။ အဲ့ဒီလိုဆိုတဖြည်းဖြည်းအဆင်ပြေလာနိုင်ပါတယ်” လို့ သူကအကြံပြုပါတယ်။

မတောရွာဒေသခံတွေအပါအဝင် စစ်​ကောင်စီရဲ့ဗုံးကြဲအကြမ်းဖက်တိုက်ခိုက်ခံရမှုတွေကြောင့် စိတ်ဒဏ်ရာရရှိနေသူတွေကို ဖေးမကူညီပေးဖို့ လူအဖွဲ့အစည်းတခုလုံးကတာဝန်ရှိတယ်လို့လည်း သူကအကြံပြုပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာ စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲတွေကပိုပြင်းထန်လာသလို စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကလည်း ပိုများလာပါတယ်။

၂၀၂၄ ဇွန်လ ၃ ရက်က ပြည်သူ ၂၉ ဦး​သေဆုံး​ခဲ့တဲ့ မ​တောရွာက မင်္ဂလာ​ဆောင်ကို စစ်​ကောင်စီဗုံးကြဲပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ- SRF၊ CJ

မတောရွာလေကြောင်းတိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာတင် နေပြည်တော်၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းကလွဲလို့ ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေမှာ စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။

လူ့အဖွဲ့အစည်းရဲ့အကူအညီတွေကိုမျှော်လင့်မိပေမယ့် စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ နိုင်ငံတော်ရဲ့ လက်ရှိအကျပ်အတည်းကာလမှာ တတ်နိုင်သရွေ့ကိုယ်အားကိုယ်ကိုးပြီး ရုန်းကန်နေပါတယ်လို့ ကိုမြမောင်ကဆိုပါတယ်။ ခက်ခဲပေမယ့် ဒီလိုရုန်းကန်ရဲဖို့သတ္တိတွေရှိစေတာက စစ်အာဏာရှင်ကိုအမြစ်ဖြတ်ခြေမှုန်းရေးနဲ့ အကျဥ်းစံ နိုင်ငံတော်မိခင် ပြန်လည်လွတ်မြောက်ရေးသာဖြစ်တယ်လို့ ကိုမြမောင်နဲ့ မတောရွာဒေသခံအချို့ကပြောပါတယ်။

“လူတွေအသက်ကို သူတို့အခုလို ဖျက်ဆီးသတ်ဖြတ်လို့ ရပေမယ့် ကျတော်တို့ ရင်ထဲက နာကျည်းစိတ်ကို ဖျက်လို့မရတော့ပါဘူး။ လူထုတော်လှန်ရေးအောင်မြင်ပြီးအမေစုပြန်လွှတ်လာတဲ့နေ့ ကျနော်တို့ပျော်ပျော်ကြီး အောင်ပွဲခံမယ်”လို့ ကိုမြမောင်ကပြောပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းကာလ သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်ပျက်စီးမှု တစ်သိန်းကျော်လာကြောင်း Data for Myanmar အဖွဲ့က ထုတ်ပြန်သည်။

သတင်း

ထိုင်းတွင်အလုပ်လုပ်စဉ်ဖမ်းဆီးခံရပြီးစစ်ကောင်စီထံအတင်းအကြပ်ပြန်ပို့ခံရစဉ်စစ်မှုထမ်းခိုင်းခြင်းဖြစ်

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာ စာသင်ကျောင်းနှင့် ရှားတောကျေးရွာများအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့၍ အရပ်သား ပြည်သူ သေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်သည်။

သတင်း

အာဏာလက်လွှတ်ရန်နီးကပ်နေသည့် စစ်ကောင်စီခေါင်းဆောင်များ၏ အမိန့်မနာခံရန် လေသူရဲများအား တိုက်တွန်း

Facebook