ရဲခေါင်/People’s Spring
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရေဘေး ကူညီထောက်ပံ့သည့် ပစ္စည်းများကို စစ်ကောင်စီက ထိန်းချုပ်ထားကြောင်း ဒေသခံများနှင့် ကူညီရေးဆောင်ရွက်နေသူများက ပြောသည်။
ရက်သတ္တပတ်တစ်ခုကျော်ကြာမြင့်နေပြီဖြစ်သည့် လွိုင်ကော်မြို့အပါအဝင် ကရင်နီပြည်အတွင်း တစ်နိုင်တစ်ပိုင်ပရဟိတထောက်ပံ့မှုအများစုဖြင့် ရေဘေးရှောင်ပြည်သူများကို ကူညီနေရသည်ဟု ၎င်းတို့က ဆိုသည်။
” လွိုင်ကော်အခွန်ရုံးမှာ ထောက်ပံ့ရေးပစ္စည်း တွေအကုန်လုံးကို လက်ခံတယ်။အဲဒါကို စကစ ဘက်က ထိန်းချုပ်ထားတာပေါ့။လာလှူတဲ့သူတိုင်းက သူတို့အလိုကျ ပေးလို့မရဘူး။စကစ က ပဲ ပြန်ပြီးခွဲတမ်းချတာ။ သူတို့နဲ့နီးစပ်တဲ့သူတွေလောက်ပဲ ရိက္ခာများများစားစားရနေတာ”ဟု လွိုင်ကော်မြို့ခံတစ်ဦးက လူထုနွေဦးသို့ ပြောသည်။
လက်ရှိ ကရင်နီပြည်နယ်တွင် ရေကြီး၊မြေပြိုမှု များအတွက် စစ်ကောင်စီ၏ ကူညီမှုမရှိသေးဘဲ က ရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ နှင့် ပြည်နယ်အတွင်း လူမှုကူညီရေးအသင်းအဖွဲ့များ၊တစ်သီးပုဂ္ဂလ ထောက်ပံ့မှုများဖြင့်သာ ကူညီနေရကြောင်းလည်း ရေဘေးကူညီနေသူတစ်ဦးက အသိပေးသည်။
“အခု ခိုင်နှင်းဝေတို့ ဝေဋ္ဌုကျော်တို့လာတာလည်း အပြကောင်းအောင် သူတို့(စစ်ကောင်စီ)လူလောက်နဲ့ မြို့ပေါ်က ရပ်ကွက်အချို့လောက်ပဲ လိုက်ပြတာပါ။တကယ်တမ်း လိုအပ်ချက်တွေများတဲ့ တောထဲရှောင်နေရတဲ့ ရေဘေးဒုက္ခသည် တွေဆီ မရောက်ပါဘူး”ဟု ၎င်းက ပြောသည်။
စက်တင်ဘာ ၁၄ ရက်ကစ၍ ဘီလူးချောင်းရေမြင့်တက်လာမှုကြောင့် လွိုင်ကော်မြို့တွင်း မင်းစု ၊ ရှမ်းပိုင်း ၊ ဒေါနိုးကူး ၊ နမ့်ကွတ် ၊ ရွှေတောင် ၊ ဒေါတမ ၊ ဈေးပိုင်း ၊ မှုံပြာ ၊ ဒေါဥခူ ၊ လောဓမ ၊ ဓမ္မရုံ၊ မင်္ဂလာ၊ ရေနီကန်၊ ချိကယ်နှင့် မိုင်းလုံးအောက်ပိုင်း စသည့် ရပ်ကွက်များ အပါအဝင် မြို့အနီးပတ်ဝန်းကျင်ရှိကျေးရွာများအတွင်း နေအိမ်နစ်မြှုပ်မှုများရှိနေသည်။
လွိုင်ကော်၊ဖယ်ခုံ၊ဒီးမော့ဆို၊ဖရူဆို နှင့်ရှားတောမြို့နယ်တို့တွင် ရေဘေးကြောင့် လူဦးရေ သုံးသောင်းခန့် အတွက် အရေးပေါ်အကူအညီများလိုအပ်နေကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က စက်တင်ဘာ ၁၈ ရက်က ထုတ်ပြန်ထားသည်။
ကရင်နီပြည်နယ်အများစုတွင် ရေကြီးနေသော်လည်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခြင်းနှင့် မြေပြင်စစ်ကြောင်းထိုးနေမှုများကြောင့် ဖယ်ခုံနှင့် လွိုင်ကော်မြို့တို့တွင် တိုက်ပွဲများဖြစ်ပွားနေသည်။