close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေး၊ မုံရွာအပါအဝင် မြို့နယ်အချို့၌ စစ်ကောင်စီက စစ်မှုထမ်းရန် လူငယ်များအား လိုက်လံဖမ်းဆီးနေ

မန္တလေး၊ မုံရွာ အစရှိသည့် မြို့ကြီးများအပါအဝင် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းရှိ မြို့နယ်အချို့၌ စစ်ကောင်စီက လူငယ်များအား စစ်မှုထမ်းရန် အဓမ္မလိုက်လံဖမ်းဆီးခေါ်ဆောင်နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလဆန်းက စစ်မှုထမ်းအပတ်စဥ်(၅)အတွက် ခေါ်ယူခံရသည့် ရန်ကုန်တိုင်းမှ လူငယ်များအား တွေ့ရစဥ်။ဓာတ်ပုံ-စကစ

အင်ကြင်း/People’s Spring

မန္တလေး၊ မုံရွာ အစရှိသည့် မြို့ကြီးများအပါအဝင် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းရှိ မြို့နယ်အချို့၌ စစ်ကောင်စီက လူငယ်များအား စစ်မှုထမ်းရန် အဓမ္မလိုက်လံဖမ်းဆီးခေါ်ဆောင်နေကြောင်း သတင်းရရှိသည်။

မန္တလေးမြို့တွင် စက်တင်ဘာ ၂၅ ရက် နံနက် ၈ နာရီခန့်က ၈၆ လမ်း၊ လမ်း ၄၀ နှင့် ၄၁ လမ်းကြားမှ အသက် ၁၉ နှစ်ဝန်းကျင် အမျိုးသား၂ဦးအား စစ်မှုထမ်းရန် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း Voice Of Mandalay အဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စက်တင်ဘာ ၂၆ ရက် ည ၁၁ နာရီခွဲခန့်ကလည်း ၇၈ လမ်း၊ ၄၂ လမ်းနှင့် ၄၃ လမ်းကြားရှိ ရပ်ကွက်အတွင်းသို့ စစ်ကောင်စီက ဧည့်စာရင်းစစ်ဟုဆိုကာ ဝင်ရောက်စစ်ဆေးပြီး လူငယ်နှစ်ဦးအား စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း Voice Of Mandalay အဖွဲ့က အသိပေးသည်။

အလားတူ မန္တလေးတိုင်း၊ တံတားဦးမြို့နယ်တွင်လည်း စစ်ကောင်စီက လူငယ်များအား လိုက်လံဖမ်း​ဆီးနေပြီး အများအပြား ဖမ်း​ဆီးခံထားရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (စက်တင်ဘာ ၂၅ရက်)နံနက်ပိုင်းမှစတင်ကာ တံတားဦးမြို့ပေါ်နှင့် ကျေးရွာများ၊ အင်းဝမြို့ဟောင်းအတွင်းရှိ ရပ်ကွက်များမှ အမျိုးသားများအား စစ်မှုထမ်းရန်အတွက် စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးနေကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ နံနက်ပိုင်းကပင် အင်းဝမြို့ဟောင်းရှိ ရပ်ကွက်များမှ အမျိုးသားဆယ်ဦးထက်မနည်း ဖမ်းဆီးခံရကြောင်း၊ အလားတူ တံတားဦးမြို့ပေါ်နှင့်ကျေးရွာများကိုပါ လိုက်လံဖမ်း​ဆီးခဲ့ရာ တစ်ရာထက်မနည်း ဖမ်းဆီးခံရကြောင်း ဒေသခံများက ပြောသည်။

“လမ်းပေါ်တက်တဲ့သူမှန်သမျှ အကုန်ဆွဲတာ။ လကုန်အထိ ဆွဲမယ်ပြောတယ်။ မနေ့ညတုန်းကလည်း ရွာတွေပေါင်းစုံပဲ။ အခုမနက်လည်း လိုက်ဆွဲနေတယ်။ လမ်းပေါ်တက်တဲ့သူမှန်သမျှ။ ကျွန်တော်တို့မြို့ပဲနိုင်လို့ရတာဆိုတော့ ဒီမှာပဲရသလောက် နန်းတွင်းကတောင်းရင် ပေးတဲ့သဘော။”ဟု တံတားဦးဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရမည်စိုးရိမ်၍ တံတားဦးဘက်မှ နေ့စားအလုပ်သမားများ မန္တလေးမြို့ပေါ်သို့ အလုပ်ဆင်းရန်လာရောက်ခြင်းမရှိကြောင်း မန္တလေးမြို့ရှိ အလုပ်သမားအချို့က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်အတွင်းကလည်း တံတားဦးမြို့နယ်မှ လူငယ်တစ်ရာကျော် စစ်မှုထမ်းရန်အတွက် စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့သေးသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင်လည်း စစ်ကောင်စီတပ်က အမျိုးသားများအား စစ်မှုထမ်းရန် လိုက်လံဖမ်းဆီးနေ၍ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြို့ခံအချို့က ပြောသည်။

” မုံရွာမှာ နေ့စဥ်နှင့်အမျှ မတရားဖမ်းဆီးစစ်မူ့ထမ်းခိုင်းနေတာတွေရှိပါတယ်။နေ့ခင်းမှာ လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေထိ မတရားဖမ်းဆီးနေပြီး ညဘက်တွေမှာလည်း အိမ်ထောင်စုစာရင်းကောက်တယ်ဆိုပြီး အိမ်တွေထဲထိ လိုက်လံပေါ်တာဆွဲနေတယ်လို့သိရတယ်ဗျ။အမျိုးသားတွေဆိုရင် ဘယ်မှမသွားရဲလောက်အောင်ထိ မြို့ထဲမှာ ဖြစ်နေပါတယ်ဗျ။”ဟု မုံရွာမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဆက်သွယ်ရေးတာဝန်ခံ ကိုနေမော်က ပြောသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်နှင့် အနီးဝန်း​ကျင်ရွာများရှိ လူငယ်များအား စစ်ကောင်စီတပ်က စစ်မှုထမ်းရန် လိုက်လံဖမ်းဆီးနေသည်။

စစ်ကောင်စီတပ်သည် စက်တင်ဘာ ပထမပတ် အတွင်းမှစတင်ကာ ရေဦးမြို့ပေါ်နှင့်မြို့နယ်ရှိ ရွာသာလေး၊ မူးသာကုန်း၊ ထန်းတော၊ သံသည် ၊ ရေဦး၊ ရွှေပြည်သာ၊ ကြာပန်းညို၊ ရွာသစ် အစရှိသည့် ကျေးရွာများရှိ အမျိုးသားများအား ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ကျေးရွာတွေဘက်ကို ဒီလ ၁၂ရက်နေ့ကစလို့ နေ့စဥ်ထွက်ပြီး ဖမ်းတာတွေပြုလုပ်ခဲ့တယ်။ မြို့ပေါ်နေပြည်သူလူထုကိုတော့ ဒီလအစပိုင်းမှာပဲ ဖမ်းဆီးတာတွေပြုလုပ်လာတယ်လို့ မြို့ခံပြည်သူတစ်ဦးထံကနေ သိရတယ်။ ကျေးရွာတွေမှ ဖမ်းဆီးခံရတဲ့ဦးရေ အတိအကျ မသိရသေးပါဘူး။”ဟု People’s Defense Commrade အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က ပြောကြားသည်။

စက်တင်ဘာ ၂၁ ရက်ကပင် ရွာသစ်ရွာက ပြည်သူ ၅ဦးခန့်၊ ရေဦးမြို့ပေါ် ရွှေပြည်သာရပ်ကွက်မှ ၃ ဦး ၊ ဗိုလ်အောင်ဇေယျရပ်ကွက်က ၁၁ ဦး ဖမ်းဆီးခံရကြောင်း၊ လက်ရှိ ရေဦးမြို့ပေါ် (အမက)ကျောင်းနှင့် တိုင်းရင်းဆေးရုံအတွင်း၌ ဖမ်း​ဆီးထားသူ ၅၀ ခန့်အား သင်တန်းပေးနေကြောင်း ကိုထူးခန့်ဇော်က ပြောသည်။

လက်ရှိတွင် စစ်ကောင်စီသည် စစ်မှူထမ်းအပတ်စဥ်(၅)အား စတင်နေပြီး မကြာမီ အပတ်စဥ် (၆) သင်တန်းအတွက် လူစုနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရှားလွင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသားနှစ်ဦး သေဆုံးပြီး ဒေသခံရှစ်ဦးထက်မည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

မိထက်/People’s Spring ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ စစ်ဘေးရှောင်စခန်းကို ယနေ့(စက်တင်ဘာလ ၂၆ ရက်) နံနက်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲရာ က​​လေးငယ်များအပါအဝင် စစ်ဘေးရှောင်ပြည်သူ ၁၃ ဦး သေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိသွားသည်။ စစ်ဘေးရှောင်များ ခိုလှုံနေသည့်သံတွဲမြို့နယ်ခန်းမ နှင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးကို...

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်တွင် ယမန်နေ့က တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီ ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဆိုင်းတောင်ရှိ ပြည်သူအများ၏ နေအိမ်များ မီးလောင်မှု ဖြစ်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

သတင်း

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ မြေတိုင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူနှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

Trending

Facebook