စက်တင်ဘာ – ၅ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring
ထိုင်း – မြန်မာ နယ်စပ် မြဝတီမြို့ ဆီဦးတည်နေတဲ့ စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ကြောင်းဟာပိတ်ဆို့ခံထားရတဲ့ အာရှလမ်းမကြီးပေါ်က တောနော်ရေတံခွန် ဘက်ကနေ မြဝတီမြို့နယ်ထဲကအတွင်းကွင်းကလေးကျေးရွာဆီ ထိုးဖောက်ရောက်ရှိသွားတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။
ဒီနေ့ စက်တင်ဘာလ ၅ ရက် မနက်ပိုင်းက အတွင်းကွင်းကလေးကျေးရွာဆီ အောင်ဇေယျစစ်ကြောင်းက အင်အားအချို့ ရောက်ရှိလာတာဖြစ်ပြီး ရွာရဲ့ ဘုန်းကြီးကျောင်းမှာ တပ်စွဲ နေရာယူလိုက်တယ်လို့ သိရတာပါ။
“တောနော်ကိုပေါက်သွားပြီးကြားတယ်၊ တောနော်ကိုဖောက်ထွက်တာ ကွင်းကလေးရွာဘုန်းကြီးကျောင်းထဲ အယောက် ၃၀၀ လောက်တော့ရောက်တယ်၊ ဖွားသီလရှင်ကျောင်းဘေး(အာရှလမ်း)ကနေလေ အဲ့ဒီမှာဖောက်ထွက်လာတာ၊ ကွင်းကလေးဘုန်းကြီးကျောင်းထဲမှာ စခန်းထိုင်ထားတယ်” လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

Public Service Announcement
အောင်ဇေယျစစ်ကြောင်းမရောက်ခင်မှာ အပြင်ကွင်းကလေးရွာနဲ့ အတွင်းကွင်းကလေးရွာတွေဆီကိုမြဝတီမြို့အခြေစိုက်ခလရ (၂၇၅) က အင်အား ၂၀၀ ခန့်ပါတဲ့စစ်ကောင်စီတပ်ဟာ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ကနဦး ထိုးဖောက်လာရာမှာ KNU ဦးဆောင်တဲ့ ပူးပေါင်းတပ်နဲ့ တိုက်ပွဲအပြင်း အထန်ဖြစ်ခဲ့ပါတယ်။
ကွင်းကလေးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ခလရ (၂၇၅) ဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး စစ်ကြောင်းတစ်ကြောင်း ပျက်သွားသလို ကျန် စစ်ကြောင်းကလည်း ပျောက်ဆုံးနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒါအပြင် အာရှလမ်းမကြီး တောနော်ရေတံခွန် အနီး သီလရှင်ကျောင်းလမ်းဘေးက အတွင်းကွင်းကလေးရွာဆီ သွားတဲ့ တောလမ်းမှာလည်း အောင်ဇေယျ စစ်ကြောင်းနဲ့ တိုက်ပွဲ အပြင်းအထန် ဖြစ်ခဲ့တယ်လို့သိရပါတယ်။
ဒီမနက်အစောပိုင်း ၄ နာရီခန့်မှာ အောင်ဇေယျ စစ်ကြောင်းဟာ အတွင်းကွင်းကလေးကျေးရွာဆီရောက်လာပြီး ရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားပေမယ့် KNU နဲ့ ပူးပေါင်းတပ်က ဝိုင်းထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။
အဲဒီလမ်းပိုင်းမှာ မနေ့ညပိုင်းအထိ တိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်ပြီး မနက် အာရုဏ်တက်ချိန်မှာ စစ်ကောင်စီတပ်ဘက်က စစ်ကူအင်အား ထပ်ပို့ပြီး ထိုးဖောက်ထွက်နိုင်သွားတာလို့သိရပါတယ်။
စစ်ကောင်စီတပ် ရောက်ရှိသွားတဲ့ အတွင်းကွင်းကလေးကျေးရွာဟာ မြဝတီမြို့ရဲ့အနောက်တောင်ဘက်မှာရှိပြီး Google Map ရဲ့ အကွာအဝေးပြ
သပုံအရ ၁၈ မိုင်ခန့်ကွာဝေးပါတယ်။
ထိုင်း – မြန်မာ ကုန်သွယ်ရေးလမ်းပိုင်းမှာအရေးပါတဲ့ အာရှလမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီတပ်က ခြေလျင်တပ် အင်အားအလုံးအရင်းသုံးသလို လက်နက်ကြီးပစ်ကူ ၊ဒရုန်းနဲ့ လေကြောင်းပစ်ကူကိုလည်း သုံးခဲ့တာပါ။
