close
Connect with us

Hi, what are you looking for?

သတင်း

ကမ္ဘာ့ရွှေစျေးစံချိန်တင်နှုန်းဖြင့်စျေးကွက်ပိတ်ပြီး တကျပ်သား ကျပ် ၇၈ သိန်း ကျော်လာ

ကမ္ဘာ့ရွှေစျေးစံချိန်တင်နှုန်းဖြင့် စျေးကွက်ပိတ်ပြီး ပြည်တွင်းရွှေစျေးလည်း တကျပ်သား ကျပ်၇၈ သိန်းကျော်လာကြောင်း ရွှေနှင့်ငွေစျေးကွက်မှ အရောင်းအဝယ်ပြုလုပ်နေသူများက ပြောသည်။

ပြည်တွင်းရွှေဆိုင်တဆိုင်၌ အရောင်းအဝယ်ပြုလုပ်နေစဉ်။ ဓာတ်ပုံ − CJ

စက်တင်ဘာ-၆၊ ၂၀၂၅။ရဲခေါင် /People’s Spring

ကမ္ဘာ့ရွှေစျေးစံချိန်တင်နှုန်းဖြင့် စျေးကွက်ပိတ်ပြီး ပြည်တွင်းရွှေစျေးလည်း တကျပ်သား ကျပ်၇၈ သိန်းကျော်လာကြောင်း ရွှေနှင့်ငွေစျေးကွက်မှ အရောင်းအဝယ်ပြုလုပ်နေသူများက ပြောသည်။

ယနေ့(စက်တင်ဘာ ၆ ရက်)တွင် ကမ္ဘာ့ရွှေစျေးမှာ တအောင်စ ဒေါ်လာ ၃,၅၈၆ စျေးဖြင့် သမိုင်းတလျှောက်စံချိန်တင်အမြင့်ဆုံးစျေးဖြင့် ရက်သတ္တပတ် စျေးကွက်ပိတ်သွားခြင်းဖြစ်ပြီး စက်တင်ဘာ ၈ ရက်တွင် စျေးကွက်ပြန်ဖွင့်မည်ဟု ဆိုသည်။

“ကမ္ဘာရွှေစျေးက အတက်ဈေးနဲ့ ပိတ်သွားတာကြောင့် ပြည်တွင်းရွှေဈေးက တက်ကိုတက်ပါလိမ့်မယ်။အချို့သော ဆိုင်ရောင်းဈေး ဝယ်ဈေးအဖြစ် အသုံးပြုနေတာတွေကို အထူးသတိထားဖို့ လိုအပ်ပါတယ်”ဟု ရွှေစျေးစောင့်ကြည့်သူတဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့(စက်တင်ဘာ ၆ ရက်) ပြင်ပရွှေစျေးကွက်တွင် ၁၆ပဲရည် တကျပ်သား ကျပ်၇၈သိန်း သုံးသောင်းနှင့်၁၅ ပဲရည်စျေးမှာ ကျပ် ၇၄ သိန်း ဝန်းကျင်ဖြင့် အရောင်းအဝယ်ရှိနေကြောင်း သိရသည်။

“သြဂုတ်လဆန်းပိုင်းနောက်ပိုင်း ၇၈သိန်းကျော်စျေး တန်းကို ပြန်တက်လာတယ်။ဒါကလည်း တက်နေတဲ့ ကမ္ဘာ့ရွှေစျေးကြောင့် ပါပဲ။အခုတစ်ပတ်နှုန်းနဲ့ဆိုရင် တစ်သိန်းခွဲ နှစ်သိန်းလောက် ပြည်တွင်းရွှေစျေးတက်တယ်”ဟု ပြည်တွင်းရွှေစျေးကွက်တွင် အရောင်းအဝယ်ပြုလုပ်နေသူက ပြောသည်။

လက်ရှိ ကမ္ဘာ့ရွှေစျေးအခြေအနေကြောင့် ရွှေဆိုင်များ၏ စျေးသတ်မှတ်မှုနှင့် ပြင်ပရွှေ အရောင်း၊အဝယ်စျေးကို သတိပြုရန်လည်း ရွှေစျေးကွက်စောင့်ကြည်သူအချို့က တိုက်တွန်းထားသည်။

“အမေရိကန် ဘဏ်အတိုးနှုန်းလျှော့ချတဲ့ ကိစ္စကြောင့်ကမ္ဘာ့ရွှေစျေးက ဆက်တိုက်တက်နေတာ”ဟု ကမ္ဘာရွှေစျေးလေ့လာသူတဦးက ပြောသည်။

စစ်ကောင်စီ၏ ရွှေလုပ်ငန်းရှင်အသင်း၏ ၁၆ပဲရည် တကျပ်သားသီးခြားသတ်မှတ်စျေးမှာ ၅,၉၆၀ ,၀၀၀ ကျပ်သာ ဖြစ်သည်။ထိုစျေးဖြင့် ရွှေဆိုင်များကို ရောင်းဝယ်ရန်သတ်မှတ်ထားပြီး မလိုက်နာပါက အရေးကြီးကုန်စည်ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ ဖြင့် အရေးယူကာ ထောင်ဒဏ် အနည်းဆုံး ၆လမှ ၃နှစ်အထိ ချမှတ်မည်ဟု ခြိမ်းခြောက်ထားသည်။ သို့သော် စစ်ကောင်စီသတ်မှတ်စျေးဖြင့် ရွှေဆိုင်များက အရောင်းအဝယ် မလုပ်ကြပေ။

ပြည်တွင်းနိုင်ငံခြားငွေလဲနှုန်းစျေးကွက်၌မူ စျေးတည်ငြိမ်နေပြီး တဒေါ်လာ ပြင်ပပေါက်စျေး အဝယ် ကျပ် ၄,၁၉၀နှင့် အရောင်း ကျပ် ၄,၂၇၀ ဝန်းကျင် ရှိသည်။

ပြည်တွင်း၌ ရွှေချိန်တွယ်ရာတွင်မူ ကျပ်၊ပဲ၊မူး၊ရွေးကိုအသုံးပြုပြီး တကျပ်သားလျှင် ၀ ဒသမ ၅၂၅ အောင်စ ရှိကာ (ကမ္ဘာ့ရွှေစျေး × တစ်ဒေါ်လာငွေလဲနှုန်း × ၀ ဒသမ ၅၂၅ )ဖြင့် တွက်ချက်ပါက ရရှိသည့် ပမာဏသည် အနီးစပ်ဆုံးပြည်တွင်း အခေါက်ရွှေစျေး ရနိုင်သည်။

ဆက်စပ်သတင်းများ