စက်တင်ဘာ-၆၊၂၀၂၅။ဇေအောင်/People’s Spring
စစ်ကိုင်းတံတားမှာ စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးနေတာကြောင့် ဖြတ်သန်းသွားလာသူနည်းပါးသွားကြောင်း မြို့ခံတွေက ပြောပါတယ်။
စက်တင်ဘာလဆန်းကစပြီးစစ်ကိုင်းမြို့အဝင်စစ်ကိုင်းတံတား(ရတနာပုံတံတား)အဆင်းမှာစစ်ကောင်စီစစ်ဆေးရေးဂိတ်က အမျိုးသားတွေကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးနေလို့ ဖြတ်သန်းသွားလာသူ နည်းပါသွားရခြင်းဖြစ်ကြောင်းမြို့ခံတွေကပြောပါတယ်။
“ဘယ်သူမှမဖြတ်ရဲကြတော့ဘူး။ မနက်အစောတွေကအစ ထဖမ်းတာ။ စစ်ကိုင်းမြို့ပေါ်မှာလည်း ခြောက်ကပ်နေတာပဲ”လို့ စစ်ကိုင်းမြို့ခံ အမျိုးသားတဦးကပြောပါတယ်။.

Public Service Announcement
စစ်ကောင်စီတပ်ဟာဆိုင်ကယ်တွေကိုသာမက ကားနဲ့လာသူတွေကိုပါ ဖမ်းဆီးနေတာကြောင့် ဖြတ်သန်းသွားလာသူ နည်းပါသွားပြီး ယာဥ်လိုင်းတွေပါ ရပ်နားသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
စက်တင်ဘာ ၅ ရက် မနက်ပိုင်းကလည်းရတနာပုံတံတားအဆင်းမြို့အဝင်ဂိတ်မှာလူငယ်အများအပြား ဖမ်းဆီးခံရပြီး တပ်မ ၃၃ ထဲ ပို့ဆောင်ခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။
“စစ်ကိုင်းမှာကဖမ်းဖမ်းချင်းရပ်ကွက်ရုံးအရင်ခေါ်သွားတယ်။အဲမှာလိုက်ညှိနိုင်ရင်ရာချီကုန်ရင် ပြန်လွတ်တယ်။ တပ်မ ၃၃ ထဲ ရောက်သွားရင်တော့ ခက်သွားပြီ။”လို့အခြားစစ်ကိုင်းမြို့ခံအမျိုးသားတဦးကပြောပါတယ်။
စစ်ကောင်စီရဲ့ အဓမ္မဖမ်းဆီးမှုတွေကြောင့် စစ်ကိုင်းဘက်ကနေ မန္တလေးမြို့ဘက်အလုပ်လာလုပ်ကြတဲ့လူငယ်တွေလည်း လုပ်ငန်းတွေ ရပ်နားလိုက်ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့စစ်ကိုင်းတံတားဂိတ်ဟာလူငယ်တွေကိုပေါ်တာဆွဲငွေညှစ်တာတွေအပြင်ကားသမားတွေကိုပါ တင်လာတဲ့ကုန်စည်တွေအပေါ်မူတည်ကာ ငွေညှစ်နေတယ်လို့ သတင်းရရှိပါတယ်။
