စက်တင်ဘာ-၆၊ ၂၀၂၅။ ထားမြတ်/People’s Spring
အွန်လိုင်းမီဒီယာအသုံးပြုသူတိုင်းစစ်ကောင်စီ၏ဝါဒဖြန့်ချိမှုနှင့် စိတ်ဓာတ်စစ်ဆင်ရေးကို သတိမပြုဘဲ ပါဝင်သွားခြင်းမဖြစ်စေရန် သတင်းအချက်အလက်စစ်မှန်မှုကို အမြဲဦးစားပေးရန် တအာင်းတပ်မတော်(TNLA)က သတိပေးသည်။
TNLA သတင်းပြန်ကြားရေးဌာန၏ ဩဂုတ်လထုတ် စာစောင်ကို စက်တင်ဘာ ၅ရက်တွင် ဖော်ပြခဲ့ရာ အယ်ဒီတာ့အာဘော် ကဏ္ဍတွင် အွန်လိုင်းမီဒီယာတွင် စစ်ကောင်စီတပ်၏ ဝါဒဖြန့်ချိမှုနှင့် Propaganda နှင့်ပတ်သက်ပြီး ယခုကဲ့သို့ သတင်းပေးခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်၏ ဝါဒဖြန့်ချိမှုတွင် ပြည်သူလူထုများက မီဒီယာကိုနားလည်ရန် သတင်းတု၊ သတင်း မှားများကို သိရှိနားလည်ရန် ရှောင်ရှားတတ်ရန် ဆက်လက်မဖြန့်ချိကြရန်နှင့် သတင်းတု၊ သတင်းမှား များ၏ အန္တရာယ်ကို သိရှိရန် အရေးကြီးလာဟု ဖော်ပြသည်။

Public Service Announcement
ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများကို ရည်ရွယ်ချက်ရှိရှိ အွန်လိုင်းဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ ဖမ်းဆီးရန် မီဒီယာကို ကွန်ရက်သဖွယ် ချိတ်ဆက်လုပ်ဆောင်ပြီး ဝါဒဖြန့်ချိမှုအတွက်ပါ စစ်ကောင်စီက အသုံးချနေကြောင်း သတိပေးထားသည်။
ယနေ့ခေတ်တွင် အွန်လိုင်းမီဒီယာများသည် သတင်းအချက်အလက် အမြန်ဆုံးထွက်ပေါ်လာသော နယ်ပယ်တစ်ခု ဖြစ်လာကြောင်း၊ မီဒီယာသည် သတင်းအချက်အလက်များကို ပိုဆောင်ပေးသည့် ကြားခံပလက်ဖောင်းဖြစ်သော်လည်း စစ်ကောင်စီတပ်မှ အွန်လိုင်းမီဒီယာမျိုးစုံကို အသုံးပြုပြီး ပြည်သူများ ကို သတင်းတု သတင်းမှားများ ဝါဒဖြန့်ချိရန်အတွက်နှင့် Propaganda ဆောင်ရွက်ရန် စစ်ဆင်ရေး သဘောတရားများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနေသည်ဟု TNLA ကဆိုသည်။
စစ်ကောင်စီတပ်မှ မီဒီယာဖွံဖြိုးတိုးတက်ရေးဦးစီးဌာနဆိုသည့်အဖွဲကို ဖွဲစည်းပြီး ၎င်းဌာနတွင် ဝန် ထမ်း အင်အားများစွာဖြင့် လည်ပတ်စေဟု ဖော်ပြသည်။
“ Facebook နှင့် Telegram လူမှုကွန်ရက် မီဒီယာများ အကောင့် တု အများအပြားဖွင့်ထားကြပြီး စစ်တပ်ကောင်းမွန်ကြောင်း၊ တော်လှန်ရေးအဖွဲများအား တိုက်ခိုက် သည့် အကြောင်းအရာများ လိုက်လံရေးသားစေသည်။ ထိုပြင် အွန်လိုင်းလူမှုကွန်ရက်ပေါ်တွင် နာမည်ကြီး သူများ ရေးသားကြသည့် အကြောင်းအရာများ၊ သတင်း ဌာနများ၏ အောက်တွင် အုပ်စုလိုက် မှတ်ချက် ရေးသားကြခြင်းများ ပြုလုပ်လာသည်”ဟု TNLA သတင်းပြန်ကြားရေး၏ အယ်ဒီတာ့အာဘော်တွင် ရေးသားထားသည်။
မြန်မာနိုင်ငံအနှံ အာဏာရှင်တော်လှန်ရေး၊ နွေဦးတော်လှန်ရေးနှင့် အာဏာရှင်ဖြုတ်ချရေးကို ကြုံ နေရပြီး နိုင်ငံတကာ၏ အရေးယူပိတ်ဆိုမှုများကြောင့် ဘက်ပေါင်းစုံ အကြပ်အတည်း ရင်ဆိုင်နေရသည့် စစ်ကောင်စီက အာဏာသိမ်းပြီးနောက်တွင် ဝါဒဖြန့်ချိရေးလုပ်ငန်းကို အားသွန်ခွန်စိုက် ကြိုးပမ်းနေကြောင်း TNLAက ဆိုသည်။
စစ်အာဏာရှင်ခေတ် အဆက်ဆက်တွင်လည်း လူထုကို လှည့်ဖျားရန်အတွက် ဝါဒဖြန့်လှုဆော်မှု၊ သတင်းတု၊ သတင်းမှားများ ထုတ်လုပ်မှုကို အစဉ်တစိုက် အသုံးပြုလာခဲ့ကြောင်း၊ စစ်ကောင်စီတပ်က မြန်မာနိုင်ငံတွင် လူသုံးများသော အွန်လိုင်းလူမှုကွန်ရက် မီဒီယာဖြစ်သည့် Facebook နှင့် Telegram တွင် အကောင့်တုများစွာဖွင့်ပြီး ပုံစံအမျိုးမျိုးဖြင့် ရည်ရွယ်ချက်ရှိရှိ အုပ်စုလိုက် မှတ်ချက်များ (ကွန်မန့်များ) ရေးသားစေကာ ၎င်းတို၏ ဝါဒဖြန့်စိတ်ဓာတ် စစ်ဆင်ရေးကို စနစ်တကျဆောင်ရွက်လာနေကြောင်း သတိပေးသည်။
