အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လက်လွှတ်ခဲ့ရသော မန္တလေးတိုင်းမြို့နယ်များ၌ NUG တပ်များ စစ်ရေးပြန်လှုပ်ရှား

မတ္တရာဒေသရှိ စစ်တပ်စခန်းတစ်ခုကို ပကဖနှင့် မြို့ပြပြောက်ကျားအဖွဲ့များ ဝင်ရောက်တိုက်ခိုက်စဉ် နှစ်ဖက် အကျအဆုံးရှိကာ လေတပ်နှင့်မြေပြင်စစ်ကူကြောင့် တော်လှန်ရေးတပ်များ ဆုတ်ခွာခဲ့ရသည်။

စစ်တပ်က ပြန်လည်သိမ်းပိုက်ခဲ့သည့် ဧရာဝတီမြစ်အရှေ့ဘက် မြစ်ကမ်းဘေး မန္တလေးတိုင်း မတ္တရာ၊ စဉ့်ကူးနှင့်သပိတ်ကျင်းမြို့နယ်အနီး ပြီးခဲ့သည့်ဇွန်လကုန်မှစကာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံတပ်အချို့ ပြောက်ကျားစနစ်ဖြင့် စစ်ရေးပြန်လည်လှုပ်ရှားနေကြသည်ဟု ဒေသခံများနှင့် တော်လှန်ရေးစစ်ရေးရင်းမြစ်များထံက သိရှိရသည်။

မတ္တရာမြို့နယ်အနောက်ခြမ်းရှိ စစ်ရေးအရအရေးပါသော ရှင်လှတောင်ကျေးရွာအနီး အခြေစိုက်သည့် စစ်တပ်စခန်းကို ဇွန်လ ၂၇ ရက်က ၎င်းတို့အဖွဲ့အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့သည်ဟု ထိုတိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် မန္တလေးအခြေစိုက်ပြောက်ကျားတပ်ဖွဲ့တစ်ခု ဖြစ်သော  Generation Z Power (GZP-Mandalay) က ဆိုသည်။ 

သို့ရာတွင် စစ်စခန်း၏အဓိကနေရာအများစု ထိန်းချုပ်နိုင်ခဲ့ပြီး နောက်ဆုံးကျန်ရှိသည့် ဘန်ကာအား အပြီးသတ် တိုက်ခိုက်ရန်ပြင်ဆင်နေချိန် စစ်တပ်၏ မြေပြင်စစ်ကူနှင့်လေကြောင်းပစ်ကူများ ရောက်ရှိလာသဖြင့် အင်အား မမျှသောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း GZP ထံက သိရသည်။

တိုက်ပွဲအတွင်း စစ်တပ်ဘက်က  ၁၁ဦးခန့်သေဆုံးပြီး ခြောက်ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည်၊ ၎င်းတို့ဘက်မှလည်း တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟု ဇူလိုင်လ ၁၃ ရက်တွင် GZP အဖွဲ့ က ထုတ်ပြန်ထားသည်။

တိုက်ပွဲအခြေအနေကို သိရှိသည့်စစ်ရေးရင်းမြစ်အမျိုးသားတစ်ဦးက ဧရာဝတီမြစ်အတွင်း ကျွန်းများပေါ် တွင် အင်အား ၂၀ ခန့် ချထားသည့် စစ်တပ်စခန်းတစ်ခုကို တော်လှန်ရေးဘက်မှ ဝင်ရောက်တိုက်ခိုက် ခဲ့စဉ် အထိအခိုက်အသေဆုံးများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

“စကမ(စစ်တပ်)က သူတို့ အထိုင် ချထားတာ။ ကျွန်းတွေဘက်ကို။ စခန်းတစ်ခုကို ၂၀ လောက်စီပေါ့။ ကင်းချထားတယ်။ ဒါကို ကိုယ့်ဘက်က ဝင်တိုက်တာ။ အင်အားနည်းတယ်ဆိုပြီး ဝင်ဆော်တာ။ သူတို့ ဘက်က ၁၀ ယောက်လောက် ကျတယ်။ ကိုယ့်ဘက်ကလည်း မတ္တရာပကဖက တစ်ယောက်ကျတယ်”ဟု  ၎င်းက Myanmar Now ကို ပြောသည်။

မန္တလေးအခြေစိုက် NUG လက်အောက်ခံ မြို့ပြပြောက်ကျားတပ်ဖွဲ့များဖြစ်ကြသည့် Generation Z Power (GZP)နှင့် No More Dictatorship(NMD) အဖွဲ့တို့အပြင် မတ္တရာ၊ ချမ်းမြသာစည်၊ ပုသိမ်ကြီး၊ အောင်မြေသာစံ စသည့်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်ဟု သိရသည်။

အဆိုပါတိုက်ပွဲနှင့်ပတ်သက်ပြီး မတ္တရာ(ပကဖ)၊ GZP နှင့် NMD တို့မှ တာဝန်ရှိသူများထံ Myanmar Now က ဆက်သွယ်မေးမြန်းရာ အသေးစိတ်ဖြေကြားရန် ငြင်းဆန်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်ကလည်း စဉ့်ကူးမြို့နယ်မှ စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး နှစ်ဦးကို NUG လက်အောက်ခံ မြို့ပြပြောက်ကျားတပ်ဖွဲ့အချို့က ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့မှု ဖြစ်ပွားခဲ့သေးသည်။

မတ္တရာမြို့နယ်၊ ရှင်လှတောင်ကျေးရွာအနီး အခြေစိုက်သည့် စစ်တပ်စခန်းကို ဇွန်လ ၂၇ ရက်က  တိုက်ခိုက်ခဲ့ကြစဉ်။ (ဓာတ်ပုံ-အောင်မြေသာစံပကဖ Screengrab) 

စဉ့်ကူးမြို့နယ် ရွှေဂုံတိုင်ရွာနှင့်ရွှေဒုံးရွာများမှ အုပ်ချုပ်ရေးမှူးနှစ်ဦးသည် ရွှေဂုံတိုင်ရွာအတွင်း ဖွင့်လှစ် ထားသည့်လက်ဖက်ရည်ဆိုင်တွင် အတူရှိနေစဉ် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု စဉ့်ကူးမြို့နယ်မှ ဒေသခံအသက် ၂၅ နှစ်အရွယ် စစ်ရေးရင်းမြစ်အမျိုးသားတစ်ဦးကလည်း ပြောသည်။

“သူတို့နှစ်ယောက်က အရင် စကမလက်ထက်ကတည်းက ဒေါက်တိုင်အုပ်ချုပ်ရေးမှူးတွေ၊ အဲဒါကိုမှ ဒီစဉ့်ကူးမြို့နယ်ကို (PDF) သိမ်းတော့ သူတို့ကထွက်ပြေးသွားပြီး အခု စကမ ပြန်ဝင်လာချိန်မှာ သူတို့က အုပ်ချုပ်ရေးမှူးတက်လုပ်ပြီး PDF မိသားစုနေအိမ်တွေမီးရှို့တာတို့၊ (တော်လှန်ရေး) အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့အိမ်တွေက မိသားစုတွေ ဖမ်းတာဆီးတာတွေ လုပ်နေတာကြောင့် ရှင်းလိုက်ရတာ”ဟု ထိုအမျိုးသားက ဆက်ပြောသည်။

ပစ်ခတ်ခံရသော အဆိုပါအုပ်ချုပ်ရေးမှူးနှစ်ဦး၏ ရုပ်အလောင်းများကို စဉ့်ကူးမြို့နယ်ရွှေပြည်ရဲစခန်းက လာရောက်သယ်ဆောင်သွားပြီး၊ ကျေးရွာနှစ်ရွာအတွင်း စစ်ဆေးရှာဖွေခြင်းများပြုလုပ်ခဲ့သည်ဟု ရွာခံ များထံက သိရသည်။

မန္တလေးမြို့၏မြောက်ဘက် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ တကောင်းစသည့် မြစ်ကြောင်းတစ်လျှောက်မြို့များကို NUG တပ်များ ထိန်းချုပ်ထားရာမှ စစ်တပ်က ယမန်နှစ်အတွင်း ပြန်လည်ထိုးစစ်ဆင်ကာ သိမ်းယူခဲ့ခြင်း ဖြစ်သည်။

၂၀၂၅ ခုနှစ်အတွင်း NUG ၏ အင်အားကြီးတပ်ဖွဲ့တစ်ခုဖြစ်သော ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY-PDF) အပါအဝင် အခြားတပ်ရင်းတပ်ဖွဲ့အများအပြား နယ်မြေမှ ဆုတ်ခွာပေးခဲ့ရသည်။

ထိုသို့ နယ်မြေလက်လွှတ်ရပြီးနောက် ယခုနှစ် နှစ်လယ်ခန့်မှသာ အထက်ပါနယ်မြေများ၌  တော်လှန်ရေး အဖွဲ့များ စစ်ရေးပြန်လှုပ်ရှားလာနိုင်ခြင်းဖြစ်သည်။

မန္တလေး-ဗန်းမော် ကားလမ်း၏ တကောင်း-မြတောင်လမ်းပိုင်းကိုလည်း စစ်တပ်က စိုးမိုးထားပြီး၊ သပိတ်ကျင်းမြောက်ခြမ်းနှင့် တကောင်းတဝိုက်တွင် နှစ်ဖက်တိုက်ပွဲများ မကြာခဏပြန်ဖြစ်နေ သည်ဟု စုံစမ်းသိရှိရသည်။

အဆိုပါနယ်မြေများတွင် စစ်ရေးလှုပ်ရှားလေ့ရှိသည့် တပ်ဖွဲ့တစ်ခုမှ တာဝန်ခံတစ်ဦးက “ဟုတ်ပါတယ်။ အခု မကြာမီကပဲ စပြီး မန္တလေးမြောက်ပိုင်းတကြောကို ဒီမတ္တရာ-သပိတ်ကျင်း-တကောင်းလမ်းပိုင်း တစ်လျှောက်လုံးမှာ တိုက်ပွဲတွေ၊ ပြောက်ကျားစစ်တွေ၊ ပြန်လည်ပြီးတော့ ဖော်ဆောင်နေပါတယ်။ တပ်ဖွဲ့အသီးသီးကနေ ကိုယ့်တာဝန်ကိုယ်ယူပြီးတော့ ပြောက်ကျားတိုက်ပွဲတွေပြန်ဖော်ဆောင်နေပါပြီ” ဟု ပြောသည်။

မန္တလေးတိုင်း စစ်ရေးအခြေအနေအသေးစိတ်ကိုမူ လုံခြုံရေးကြောင့် ပြောမရကြောင်း ၎င်းက ဆိုသည်။

မန္တလေး- မြစ်ကြီးနား ကားလမ်းကို စစ်တပ်ကပြန်လည်ထိန်းချုပ်ထားပြီး လမ်းပိုင်းပြန်လည်အသုံးပြု၍ ရပြီ ဖြစ်ကြောင်း ၎င်းတို့ထိန်းချုပ်ထားသည့်နိုင်ငံပိုင်သတင်းစာများတွင် မေလဆန်းက ကြေညာထားသည်။

အဆိုပါလမ်းပိုင်းပေါ်ရှိ မတ္တရာ၊ သပိတ်ကျင်း၊ တကောင်း၊ ထီးချိုင့်၊ ကသာ၊ အင်းတော်နှင့် မော်လူးမြို့ များကို စစ်တပ်က ထိန်းချုပ်ထားပြီးနောက် ယခုကဲ့သို့ လမ်းပိုင်းပြန်ပွင့်ကြောင်း ကြေညာခြင်းဖြစ်ပြီး အဆိုပါလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေး တစ်နှစ်နှင့် သုံးလကျော်ကြာမြင့်ခဲ့သည်ဟု ဆိုသည်။

ယခုအခါ အင်းတော်-မော်လူး-ကသာ လမ်းပိုင်း အပါအဝင် အဆိုပါလမ်းပိုင်းအချို့နေရာများတွင် တိုက်ပွဲများ ပြန်ဖြစ်ပွားလာသဖြင့်  ကုန်ကားများနှင့် ခရီးသည်များက လုံခြုံရေးစိုးရိမ်နေရသည်၊ တိုက်ပွဲကြောင့် လမ်းပိတ်ဆို့မှုများလည်း ဖြစ်ပေါ်တတ်သည်ဟု သိရသည်။ 

မန္တလေးတိုင်းတောင်ဘက် လေးမြို့နယ်တွင် စစ်ကြောင်းများထိုးနေ

မန္တလေးမြို့၏မြောက်ဘက် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိမြို့များကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် စစ်ဆင်ရေးအရှိန်ကို တောင်ဘက်သို့လည်း ဆက်လက်ချဲ့ထွင်နေသည်။

ယခုနှစ် နှစ်ဆန်းမှစတင်ကာ မန္တလေးမြို့အနောက်တောင်ဘက် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှ တော်လှန်ရေးအဖွဲ့များ အားကောင်းသည့် ငါန်းဇွန်၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့နယ်များမှ ကျေးရွာများကို ထိုးစစ်ဆင်နေသည်။ ငါန်းဇွန်မြို့နယ်ကို စစ်ကြောင်းများပြန်ထိုးနေစဉ် ယခုလအတွင်း ဒေသခံအချို့ အသက်ဆုံးရှုံးခဲ့မှုများ ရှိခဲ့သည်။

ဇူလိုင်လ ၁၃ ရက်ညပိုင်းက ငါန်းဇွန်မြို့ပေါ်မှထွက်လာသည့်အင်အား ၁၀၀ ဝန်းကျင် စစ်ကြောင်းတစ်ခု သည် တောထဲတွင် မီးသွေးဖုတ်လုပ်ငန်း လုပ်ကိုင်နေသည့် အိုင်လျားကျေးရွာမှ လင်မယားနှစ်ဦးအား ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးထံက သိရသည်။

ယမန်နေ့ (ဇူလိုင်လ ၁၄ရက်)တွင်လည်း ငါန်းဇွန်-မြို့သာ ကားလမ်းနံဘေးမှ မကျီးကုန်း နှင့် ထွန်းသာရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ပြီး၊ စစ်ရှောင်ထွက်ပြေးနေကြသည့် နေအိမ်အချို့မှ ပစ္စည်းများကို ကားများဖြင့်သယ်ဆောင်သွားသည်ဟု ဒေသခံများက ဆိုသည်။

စစ်တပ်၏စစ်ကြောင်းထိုးမှုကြောင့် ငါန်းဇွန်-မြို့သာ လမ်းပိုင်းတစ်လျှောက်မှ ကျေးရွာများဖြစ်သည့် ထွန်းသာ၊ မကျီးကုန်း၊ ဂျိုစံပြ၊ အနောက်တော၊ လေးထောင့်ကန်၊ ပျော်ဘွယ် ၊ မြောက်ကျင်း၊ မဂျီ စသည့် ရှစ်ရွာထက်မနည်း ကျေးရွာများမှာ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြသည်ဟုသိရသည်။

မြေပြင်ထိုးစစ်နှင့် အတူ လေကြောင်းတိုက်ခိုက်မှုများလည်း ရှိနေသောကြောင့် ငါန်းဇွန်၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး  လေးမြို့နယ်တို့မှ သောင်းနှင့်ချီသည် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေကြရပြီး အရေးပေါ်အကူအညီများ လိုအပ်လျှက်ရှိနေသည်။

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိမည်ဟု ကုလသမဂ္ဂ က ခန့်မှန်းထားပြီး အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကြောင်း၊ အထူးသဖြင့် နိုင်ငံ၏ အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေ ခြင်းကြောင့် နေရပ်စွန့်ခွာမှုများ ဖြစ်ပေါ်နေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း‌ရေးရုံး (OCHA) က ဇူလိုင်လ ၁၃ ရက်က ထုတ်ပြန်ထားသည်။ 

မကွေးတိုင်းအတွင်း မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရကြောင်း ဖော်ပြထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button