ကိုးကန့်တပ် MNDAA သည် ၎င်းတို့ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၄၁ ဦးကို ပြီးခဲ့သည့်အင်္ဂါနေ့က လားရှိုးမြို့တွင် စစ်တပ်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သုံ့ပန်းမိသားစုအချို့နှင့် မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံတို့ထံက သိရသည်။
နှစ်ဖက်ကိုယ်စားလှယ်များသည် လားရှိုးမြို့မှ စစ်တပ်ထိန်းချုပ်ဧရိယာဖြစ်သည့် အမှတ် ၂ ရပ်ကွက်ထဲမှ ဆင်နှစ်ကောင်ဟိုတယ်တွင် ထိုနေ့ကတွေ့ဆုံခဲ့ပြီးနောက် ကိုးကန့်တပ်လက်ထဲမှ စစ်သုံ့ပန်းများ ပြန်လွတ်လာခြင်း ဖြစ်သည်။
ပြန်လွတ်လာသူများသည် ရှမ်းပြည်နယ် သီပေါမြို့အခြေစိုက် ခြေမြန်တပ်ရင်းအမှတ် ၅၀၃ မှ အရာရှိတစ်ဦးနှင့် လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်သားများပါဝင်ကြောင်း သုံ့ပန်းမိသားစုများကို ကိုးကားပြီး လားရှိုးမြို့ခံတစ်ဦးကပြောသည်။ ၎င်းတို့သည် MNDAA ၏ ၂၀၂၄ ခုနှစ် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးခံခဲ့ရသူများ ဖြစ်သည်။
MNDAA/ကိုးကန့်တပ် ဟုလူသိများသည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်မှ စစ်တပ်ထံ ပြန်ပို့ပေးသူများပါဝင်သည့် မော်တော်ယာဉ်တစ်စီးသည် အင်္ဂါနေ့က လားရှိုးမြို့ထဲမှ စစ်တပ်၏ ထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်ထဲသို့ဝင်ရောက်သွားကြောင်း၊ ယင်းတပ်အနီးတွင် သုံ့ပန်းများ၏ မိသားစုဝင်များကိုလည်း တွေ့ခဲ့ရကြောင်း လားရှိုးမြို့ခံတစ်ဦးကပြောသည်။

စစ်တပ်နှင့်ကိုးကန့်တပ် MNDAA တို့သည် လားရှိုးမြို့ ဆင်နှစ်ကောင်ဟိုတယ်တွင် သီတင်းနှစ်ပတ်ခြားတစ်ခါ တွေ့ဆုံလေ့ရှိကြောင်း၊ ယခုတစ်ကြိမ်တွေ့ဆုံမှုတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက လားရှိုးမြို့တွင်းသို့ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှုကိုလည်း ဆွေးနွေးဖွယ်ရှိကြောင်း ဒေသခံများကပြောသည်။
တရုတ်၏ကြားဝင်စေ့စပ်မှုဖြင့် စစ်တပ်နှင့်ကိုးကန့်တပ်တို့သည် လားရှိုးမြို့ကို တဝက်စီအုပ်ချုပ်နေရာ စစ်တပ်အုပ်ချုပ် နေသည့် လားရှိုးမြို့ပေါ်ရပ်ကွက်နှစ်ခုသည် ပြီးခဲ့သည့် ဇူလိုင် ၉ ရက်နေ့က ရှော့တိုက်ဒုံး လေးလုံးဖြင့် ပစ်ခတ်ခံခဲ့ရသည်။ လက်သည်မပေါ်သေးသည့် ထိုတိုက်ခိုက်မှုကြောင့် စစ်တပ်၏အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အနီးရှိ အမှတ် (၁၀) ရပ်ကွက်နေ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး မြို့လယ်ကောင်ရှိ အမှတ် (၆) ရပ်ကွက်နေ အမျိုးသမီးတစ်ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
နှစ်ဖက်တပ်များ၏ ဆွေးနွေးမှုများအကြောင်း ဒေသခံများ၏ ခန့်မှန်းပြောဆိုချက်များဖြင့်သာသိရှိရပြီး ဆွေးနွေးပွဲအသေးစိတ်ကို MNDAA နှင့် စစ်တပ် နှစ်ဖက်လုံးက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
စစ်တပ်က လားရှိုးမြို့မှ ထွက်ပေါက်ရရှိနိုင်ရန် သီပေါ- မိုင်းရယ်လမ်းပိုင်းရှိ MNDAA တပ်ဖွဲ့များ ဆုတ်ခွာပေးရန် မကြာခဏ တောင်းဆိုခဲ့သော်လည်း သဘောတူညီမှု မရသေးကြောင်း MNDAA နှင့် နီးစပ်သူများထံက သိရသည်။
MNDAA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များသည် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁ ရက်တွင် လားရှိုးမြို့ကို စတင်ထိုးစစ်ဆင်ခဲ့ပြီး ဩဂုတ်လ ၃ ရက်တွင် မြို့တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့သည်။ ယင်းစစ်ဆင်ရေးအတွင်း မြန်မာစစ်တပ်၏ စစ်သားများနှင့် ၎င်းတို့၏မိသားစုများအပါအဝင် ၄၀၀၀ ကျော်ကို MNDAA ကဖမ်းဆီးခဲ့သည်ဟု စစ်သုံ့ပန်းမိသားစုဝင်အချို့နှင့် MNDAA ဘက်က ပါဝင်တိုက်ခိုက်ခဲ့သူအချို့ကခန့်မှန်းကြသည်။
သုံ့ပန်းများထဲတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ ကျောက်မဲမြို့အခြေစိုက် အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာန ချုပ်မှ ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့လည်း ပါဝင်သည်ဟုသိရသည်။
လားရှိုးတမြို့လုံးကို MNDAA ကသိမ်းပိုက်ခဲ့ပြီးနောက် တရုတ်အစိုးရကနှစ်ဖက်အပစ်ရပ်ကြရန် ကြားဝင်စေ့စပ်ပေးခဲ့သည်။ ၂၀၂၅ ဇန်နဝါရီက တရုတ်နိုင်ငံ ကူမင်းမြို့၌ ပြုလုပ်သည့် ဆွေးနွေးပွဲတွင် လားရှိုးမြို့ပေါ် ရပ်ကွက် ၁၂ ခုနှင့် ဟူးမွန် ကျေးရွာအုပ်စုကို စစ်တပ်ထံ ပြန်လည်လွှဲပြောင်းပေးရန် MNDAA က သဘောတူခဲ့သည်။
ကျန်ကျေးရွာများကို MNDAA က ၎င်းတို့၏ အထူးဒေသ (၁) သိန္နီခရိုင်အတွင်း ထည့်သွင်းအုပ်ချုပ်လျက်ရှိသည်။
လားရှိုးမြို့ရှောင်လမ်းအပါအဝင် မြို့ပတ်လည်ရှိ ကျေးရွာများနှင့် လားရှိုးမြို့မှ မိုင် ၄၀ ခန့်အကွာရှိ မိုင်းရယ်၊ သီပေါလမ်းပိုင်းတို့ကို MNDAA က ဆက်လက် ထိန်းချုပ်ထားသည်။
၂၀၂၅ ဇန်နဝါရီ ကူမင်းဆွေးနွေးပွဲနောက်ပိုင်းမှစ၍ စစ်တပ်နှင့် MNDAA တို့သည် လားရှိုးမြို့တွင် တစ်လလျှင် နှစ်ကြိမ်ခန့် ပုံမှန်တွေ့ဆုံလေ့ရှိပြီး တွေ့ဆုံမှုတိုင်း၌ MNDAA ဘက်က စစ်သုံ့ပန်းများကို ပြန်လွှတ်ပေးလေ့ရှိကြောင်း ဒေသခံများက ပြောသည်။
ဖမ်းဆီးခံထားရသူများအနက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တိုင်း စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ အမှတ် (၁) စစ်ဆင်ရေးကွပ် ကဲမှုဌာန ချုပ်မှ ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့အပါအဝင် စစ်သုံ့ပန်း မိသားစုဝင် ၃,၀၀၀ ကျော်နှင့် ဒဏ်ရာရ တပ်သားများကို MNDAA က ၂၀၂၄ ခုနှစ်အတွင်း ပြန်လွှတ်ပေးခဲ့သည်။
သို့သော် MNDAA ထံတွင် စစ်သုံ့ပန်း ထောင်နှင့်ချီ ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း ပြန်လွတ်လာသည့် စစ်သုံ့ပန်း မိသားစုဝင်များထံက သိရှိရသည်။
“ရမခ လက်အောက်ခံတပ်က လူတွေပဲ မဟုတ်ဘူး။ တခြားတိုင်းနဲ့ ပြည်နယ်ကနေ စစ်ဆင်ရေးလာဝင်တဲ့သူတွေလည်း အဖမ်းခံထားရတယ်။ သူတို့ကို ကွမ်းလုံ၊ လောက်ကိုင်၊ ချင်းရွှေဟော်မြို့တွေမှာ ထားတယ်။ ကျန်းမာရေး မကောင်းတဲ့သူတွေကိုပဲ စာရင်းကောက်ပြီး ပြန်လွှတ်တာ” ဟု ပြန်လွတ် လာသည့် စစ်သုံ့ပန်း မိသားစုဝင်တစ်ဦးက ပြောသည်။
ပြန်လွတ်လာသည့် စစ်သုံ့ပန်းများကို တပ်မှ နုတ်ထွက်ခွင့်မပြုဘဲ မူလရာထူးအတိုင်း စစ်တပ်တွင် ပြန်လည်တာဝန်ထမ်းဆောင်ခိုင်းနေကြောင်း စစ်တပ် အသိုင်းအဝိုင်းနှင့် နီးစပ်သူများထံက သိရသည်။



