စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာတွင် ရေကြီးရေလျှံမှုဖြစ်ပြီး နောက်ပိုင်းတွင် ကလေး ၁၀၀ နီးပါး ဖျားနာ၊ ဝမ်းပျက်ဝမ်းလျှောနှင့် အရေပြားရောဂါများ ခံစားနေရသည်ဟု အဆိုပါကျေးရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။
ဩဂုတ်လ ၅ ရက်နှင့် ၆ ရက်တို့တွင် စစ်ကိုင်းတိုင်း သဖန်းဆိပ်ဆည်ရေဖွင့်ချသဖြင့် ကျေးရွာပေါင်းများစွာ ရေဘေးသင့်ခဲ့ခြင်းဖြစ်ပြီး အဆိုပါရွာတွင် ဩဂုတ်လ ၂၅ ရက် နောက်ပိုင်းမှ စတင်၍ ကလေးများ ကျန်းမာရေး အကြီးအကျယ် ထိခိုက်နေကြသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်က ပြောသည်။
“ကလေးတွေကိုတော့ နီးစပ်ရာ ဆေးခန်းတွေမှာ ပို့ပြီး ကုသပေးနေတာမျိုးတော့ရှိတယ်၊လူကြီးတွေတော့ မဖြစ်ဘူး၊ ကလေးတွေပဲ အဖြစ်များတယ်၊ ဝဲ(အရေပြားယားနာ) ကျတဲ့ ကလေးတွေရှိတယ်… ရွှံ့တွေ ဗွက်တွေထဲ သွားနေရတော့ ဝဲတွေကျတာ” ဟု သူက ပြောသည်။
“အခုတော့ ရေတွေရှိသေးတယ်၊ ရေကတော့ တရွာလုံးတက်တာပေါ့ … အိမ်ခြေ ၅၀ လောက် ရေကျန်နေသေးတယ်”
ကျန်းမာရေး ထိခိုက်သူ ကလေးများအနက် အများစုမှာ တုပ်ကွေးဖြစ်နေကြပြီး ဝမ်းပျက်ဝမ်းလျှောသူ ၂၀ ခန့်၊ အရေပြားရောဂါခံစားနေရသူ ၁၅ ဦးခန့်ရှိသည်ဟု သိရသည်။
သုံးနှစ်အရွယ် ကလေးငယ်ကို အိမ်နီးချင်းကျေးရွာရှိ ဆေးခန်း၌ ကုသမှု ခံယူထားသည်ဟု မိခင်ဖြစ်သူက ပြောသည်။
“ကလေးက ဖျားနေတာ နှစ်ပတ်လောက်ရှိပြီ၊ နေ့ခင်းဆိုအကောင်း၊ ညတွေဆို ဖျားပြီ။ ဘေးရွာက ဆေးခန်းကိုပဲ သွားပြနေတာ၊ သောက်ဆေးပဲ ပေးတယ်၊ သွေးတွေဘာတွေတော့ မစစ်ရဘူး” ဟု ၎င်းက ပြောသည်။
၎င်းတို့ နေအိမ်နှင့် အနီးဝန်းကျင်တွင် ဖျားနာနေသူ ၁၀ ဦးခန့်ရှိသည်ဟု အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။
ရေဘေးသင့် ရွာအချို့တွင် လူများသာမက စိုက်ပျိုးရေးလုပ်ငန်းသုံး ကျွဲ၊ နွားများပါ ခွာနာလျှာနာနှင့် အရေပြားရောဂါ ဖြစ်ပွားနေကြောင်း၊ တိရိစ္ဆာန်အချို့ သေဆုံးသွားကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက အဆိုပါရွာကို ဆန်၊ ဆီ၊ ပဲ၊ မုန့်နှင့် ခြင်ဆေးခွေများ လာရောက် ထောက်ပံ့ပေးထားသလို အခြားပြင်ပအလှူရှင်များကလည်း ဆန်၊ ဆီနှင့် ပဲ လာရောက်ကူညီထားကြောင်း၊ ဆေးဝါးပစ္စည်းများနှင့် အခြားသန့်ရှင်းရေးပစ္စည်း ထောက်ပံ့မှု မရှိသေးကြောင်း သိရသည်။
ရေဘေးသင့်ရွာများကို ကူညီနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၏ ခင်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။
“ဒီနေ့ထိ ထောက်ပံ့မှုတွေတော့ ရှိနေဆဲပါပဲ၊ ရွာအလိုက် လိုက်ပြီးတော့ ကျန်းမားရေးစောင့်ရှောက်မှု ပေးနေသေးတယ်၊ ပျက်စီးဆုံးရှုံးမှုတွေကိုတော့ စာရင်းကောက်နေဆဲပါပဲ”ဟု အုပ်ချုပ်ရေးမှူးက ဆိုသည်။
နိုင်ငံအနှံ့ ရေဘေးသင့်နေစဉ် စစ်အစိုးရထိန်းချုပ်နယ်မြေအတွင်းရှိ သဖန်းဆိပ်ဆည် ရေဖောက်ချပြီးနောက် စစ်ကိုင်းတိုင်းအတွင်း ရေဘေးတွေ့ကြုံလိုက်ရသည့် ၁၄ မြို့နယ်၌ သေဆုံးသူ အရေအတွက် ၃၀ ရှိခဲ့ကြောင်း၊ လယ်ယာမြေဧကပေါင်းများစွာ ပျက်စီးသွားကြောင်း သိရသည်။
ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်မှ ကန့်ဘလူ၊ ခင်ဦး၊ ရွှေဘို၊ ဝက်လက်၊ တန့်ဆည်၊ ဒီပဲယင်း၊ ဘုတလင်၊ အရာ တော်၊ ရေဦးနှင့် စစ်ကိုင်းမြို့နယ်တို့ရှိ မိုးစပါး စိုက်ဧက ငါးသိန်းနှင့် နွေစပါး စိုက်ဧက သုံးသိန်းကျော်ကို ရေပေးနေသည်ဟု စစ်အစိုးရ၏ ၂၀၂၂ ခုနှစ် သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
ဆည်ရေဖွင့်ထုတ်မှု၊ မူးမြစ်ဘေး ကျေးရွာတို့ ရေဘေးသင့်မှုနှင့် ပတ်သက်၍ စစ်အစိုးရက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ဩဂုတ်လ ၆ ရက်က ဆည်ရေလွှတ်ချစဉ် ဒီပဲယင်းမြို့နယ်အတွင်း ချောင်းဖြတ်ကူးနေသည့် ကောက်စိုက်သမ ၁၀ ဦး ထဲမှ ခြောက်ဦး ရေနစ် သေဆုံးသွားသည်။



