Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဒီဇင်ဘာ ၂၁ ရက်) ညနေခင်းသတင်းတွေကို People’s Spring ကတင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎နေပြည်တော်ရှိ စစ်ဆေးရေေးဂိတ်တစ်ခုကို ဗုံးခွဲတိုက်ခိုက်

နေပြည်တော် ဥတ္တရသီရိမြို့နယ် ရွှေနံသာရပ်ကွက် V4 လမ်းဆုံရှိ စစ်ဆေးရေးဂိတ်ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နေပြည်တော်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ) က ပြောပါတယ်။ မနေ့ညပိုင်းက တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်အတွင်းသို့ တော်လှန်ရေးရဲဘော်များက လက်ပစ်ဗုံးနှစ်လုံးပစ်သွင်းတိုက်ခိုက်ခဲ့ရာ တစ်လုံးသာပေါက်ကွဲခဲ့တာလို့ သူက ဆက်ပြောပါတယ်။ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကိုတော့ မသိရသေးဘူးလို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – နေပြည်တော်မှ စစ်ရေးတာဝန်ခံ ဗိုလ်တေဇက အသိပေးထားပါတယ်။

(နေပြည်တော်ရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တစ်ခုအား အဝေးမှမြင်တွေ့ရစဥ်၊ဓာတ်ပုံ - CJ)
(နေပြည်တော်ရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တစ်ခုအား အဝေးမှမြင်တွေ့ရစဥ်၊ဓာတ်ပုံ – CJ)

▪︎ကမ္မရဲစခန်း တိုက်ခိုက်ခံရမှု ရဲများ သေဆုံးထိခိုက်ရှိဟု ထုတ်ပြန်

မကွေးတိုင်း ပခုက္ကူမြို့နယ်ရှိ ကမ္မမြို့ရဲစခန်းကို ဒီနေ့ မနက်ပိုင်းက တိုက်ခိုက်ခဲ့ရာ ရဲနှစ်ဦးသေဆုံးတယ်လို့ ပခုက္ကူပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်ပါတယ်။ ကမ္မမြို့ရဲစခန်းကို ပခုက္ကူ PDFရဲဘော်များက သွားရောက်တိုက်ခိုက်ခဲ့ရာ ရဲနှစ်ဦးသေဆုံးကာ သုံးဦးမှာ ဒဏ်ရာပြင်းထန်ခဲ့ပြီး သေဆုံးမှု ထပ်တိုးနိုင်တယ်လို့ ဆိုထားပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ပြန်လည်ပစ်ခတ်တာကြောင့် PPDF ရဲဘော်တစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။

▪︎သပိတ်ကျင်းမှာ စစ်ကောင်စီတပ် ယာဥ်တစ်စီးကို မိုင်းခွဲတိုက်ခိုက်

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် မင်းကုန်းရွာနဲ့ ဆယ်ဇင်းကုန်းကျေးရွာကြားမှာ စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့ လိုက်ထရပ်ယာဥ်တစ်စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သပိတ်ကျင်းအခြေစိုက် ကြာညှပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ မနေ့ ညနေပိုင်းက စစ်ကောင်စီတပ်သား ၁၀ ဦးခန့်လိုက်ပါလာတဲ့ လိုက်ထရပ်ယာဥ်ကို မင်းကုန်းရွာနဲ့ ဆယ်ဇင်းကုန်းကျေးရွာကြားမှာ အဝေးထိန်းမိုင်းနှစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့် ဆိုပါတယ်။ အဲဒီ တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးခန့် ထိခိုက်ခဲ့ပြီး အတိအကျ မသိရသေးဘူးလို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ တိုက်ခိုက်မှုကို ကြားညှပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ လျှပ်စစ်ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်း မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

▪︎ရေစကြိုနယ် ပခန်းကြီးနယ်မြေရဲစခန်းကို ဒရုန်းနဲ့ တိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခန်းကြီးနယ်မြေရဲစခန်းကို ဒရုန်းနဲ့ အီနာဂါနှစ်လုံးချကာ တိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောပါတယ်။ ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းက ရေစကြိုမြို့နယ်၊ ပခန်းကြီးနယ်မြေရဲစခန်းရှိ စစ်ကောင်စီတ​ပ်၊ ရဲနဲ့ ပျူစောထီးများ စစ်ဆေးတဲ့ နေရာကို အီနာဂါ နှစ်လုံးချတိုက်လိုက်ခဲ့တာဖြစ်တာလို့ ရှင်းပြပါတယ်။ စစ်ကောင်စီတပ်သားတွေ ထိခိုက်နိုင်ပြီး စစ်ကောင်စီတပ်က ဂျန်ပါဖွင့်လို့ ပြန်ဆုတ်ခွာခဲ့တယ်လို့ ကိုလယျ်ာက ပြောပါတယ်။ အဲဒီ စစ်ဆင်ရေးကို မြိုင်(ပကဖ)နဲ့ သခင်မြအဖွဲ့၊ Pakokku Rainger အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ အသိပေးထားပါတယ်။

▪︎လွိုင်ကော်မြို့ အခြေစိုက်ဆေးတပ်(တဆရ) တပ်သားတစ်ဦး KDFထံ ခိုလှုံလာ

လွိုင်ကော်မြို့အခြေစိုက်ဆေးတပ်(တဆရ) တပ်မှ တပ်သားတစ်ဦး ပြည်သူ့ရင်ခွင် ခိုလှုံလာတယ်လို့ ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF)က ဒီနေ့ ထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတပ်တစ်ခုဖြစ်တဲ့ လွိုင်ကော်အခြေစိုက်တပ် ဆေးတပ် (တဆရ)တပ်မှ တပ်သား မောင်ငြိမ်းချမ်း(ခ) ဖိုးလပြည့်ဟာ KDF တပ်ဖွဲ့ထံ ခိုလှူံခွင့်တောင်ခံခဲ့လို့ သေချာ စိစစ်ကာ ခိုလှူံခွင့်ပေးခဲ့တာလို့ ဖော်ပြပါတယ်။ အဲဒီဆေးတပ်သားဟာ အရင်ကတည်းက တပ်တွင်းသတင်းတွေကို အတိအကျပေးနေတဲ့ ဖရဲသီးတစ်ဦးဖြစ်ပြီး တပ်တွင်းမှာ နေထိုင်ရတာ အဆင်မပြေတော့လို့ ခိုလှုံခွင့်တောင်းခံခဲ့တာလို့ သိရပါတယ်။ အခုတပ်သားတစ်ဦးအပါအဝင် စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ စစ်သားရှစ်ဦးမှာ KRUထံ ခိုလှုံခဲ့ပြီး လေးဦးမှာ KRU လက်အောက်ခံ တပ်ဖွဲ့တွေမှာ တာဝန်ထမ်းဆောင်နေပါတယ်။

ခိုလှုံလာသည့် စစ်ကောင်စီ ဆေးတပ်သားအား KDF ရဲဘာ်များနှင့်အတူ တွေ့ရစဉ်၊ ဓာတ်ပုံ - KDF
ခိုလှုံလာသည့် စစ်ကောင်စီ ဆေးတပ်သားအား KDF ရဲဘာ်များနှင့်အတူ တွေ့ရစဉ်၊ ဓာတ်ပုံ – KDF

▪︎KNU ဖာပွန်ခရိုင်မှာ လဝက်အတွင်း တိုက်ပွဲ ၈၀ ခန့်ဖြစ်၊ စစ်သားနဲ့နယ်ခြား​စောင့်တပ် ၂၀ ကျော်သေ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန် (မူတြော်)ခရိုင် တပ်မဟာ(၅)နယ်မြေမှာ ဒီဇင်ဘာလဝက်အတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးခဲ့တယ်လို့ တပ်မဟာ(၅)က သတင်းထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၁ မှ ၁၅ ရက်အတွင်း ကော်သူးလေ ထိန်းချုပ်နယ်မြေ မူတြော်(ဖာပွန်)ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)နယ်မြေမှာ တိုက်ပွဲ ၇၈ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၂၁ ဦး သေဆုံးကာ ဒုတပ်ရင်းမှူး အပါအဝင် ၁၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ စခန်းအတွင်းရှိ အဆောက်အဦး ခုနစ်ခုကို ဖျက်ဆီးနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။ တိုက်ပွဲများအတွင်း KNLA တပ်မဟာ(၅) ဘက်မှ သုံးဦး ကျဆုံးခဲ့ပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။

▪︎အင်းတော်နယ် နေအိမ် ၄၀ ကျော်နဲ့ စပါးကျီ ၃၀ ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် စက်တောကုန်းကျေးရွာကို စစ်ကောင်စီတပ်က မနေ့က မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၄၁ လုံးနဲ့ စပါးတိုက်(စပါးကျီ) ၃၀ မီးလောင် ပျက်စီးခဲ့တယ်လို့ Indaw Revolution က ဒီနေ့ထုတ်ပြန်ပါတယ်။ အင်းတော်မြို့နယ်မှာ စစ်ကောင်စီတပ်များ မီးရှို့လို့ ဒီဇင်ဘာ ၁၆ မှ ၂၀ ရက်အတွင်း ရွာပေါင်း ခြောက်ရွာမှ အိမ်ခြေ ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဆက်လက်ဖော်ပြပါတယ်။ လက်ရှိမှာ စစ်ကောင်စီတပ်တွေဟာ နတ်မဟုတ်ကြီးရွာကို ရောက်ရှိနေပြီး ဖားပန်နဲ့ ပင်ဝယ်ကြား တောထဲမှာလည်း နန့်စီးအောင်ဘက်မှ ဆင်းလာတဲ့ အင်အား ၁၀၀ ကျော်ခန့် စစ်ကြောင်း ရောက်ရှိနေတယ်လို့ အသိပေးထားပါတယ်။

▪︎ပုသိမ် – မုံရွာလမ်းတလျှောက် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေလို့ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ပုသိမ် – မုံရွာလမ်းတလျှောက်မှာ စစ်ကောင်စီတပ်များ ရောက်ရှိနေလို့ ကျေးရွာအများအပြားမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ မနက်အစောပိုင်းကစလို့ ဆားလင်းကြီးမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်၊ ပုသိမ် – မုံရွာလမ်းတစ်လျှောက်မှာ စစ်ကောင်စီတပ်က အင်အားအများချထားကာ လမ်းဘေးဝဲယာကျေးရွာများမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်ရှောင်နေရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒုတိယ စစ်ခေါင်းဆောင် စိုး၀င်း တရုတ်၀မ်ပေါင်ကုမ္ပဏီသို့လာရောက်နေလို့ စစ်ကောင်စီအင်အားအများအပြား ချထားတာဖြစ်တယ်လို့ ‌ National Revolutionary Guards အဖွဲ့က ပြောပါတယ်။

(ယနေ့ နံနက်အစောပိုင်းက ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ။ ဓာတ်ပုံ-Cj)
(ယနေ့ နံနက်အစောပိုင်းက ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ။ ဓာတ်ပုံ-Cj)

▪︎ရန်ကုန် – ဒလ ကူးတို့သင်္ဘော ဗုံးပေါက်ကွဲမှု NUG နဲ့လုံးဝမသက်ဆိုင်ဟု ယတိပြတ်ငြင်း

ရန်ကုန် – ဒလ ကူးတို့သင်္ဘောပေါ် ဗုံးပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရခဲ့တဲ့ အရပ်သား ပြည်သူလူထုအတွက် ဝမ်းနည်းကြေကွဲစိတ်ထိခိုက်ရပြီး အဲဒီ အကြမ်းဖက်လုပ်ရပ်မှာ ၎င်းတို့နဲ့ လုံးဝ(လုံးဝ) သက်ဆိုင်ခြင်းမရှိဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က မနေ့ညပိုင်းက ထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၁၈ ရက်က ထိခိုက်ဒဏ်ရာရသူများအားလုံး အမြန်ဆုံး သက်သာရာရပါစေကြောင်း NUG က ဆုမွန်ကောင်းတောင်းနေသလို ဘေးဒဏ်သင့်ရသူတွေရဲ့ မိသားစုတွေနဲ့ ထပ်တူရှိနေကြောင်းလည်း ဖော်ပြထားပါတယ်။ အဲဒီအကြမ်းဖက်လုပ်ရပ်ကို အပြင်းထန်ဆုံး စကားလုံးတွေနဲ့ ပြစ်တင်ရှုတ်ချကြောင်းနဲ့ တချိန်တည်းမှာ အမှန်တကယ် ကျူးလွန်သူများကို ဖော်ထုတ်အရေးယူနိုင်ရေးလုပ်ဆောင်သွားမယ်လို့ ဖော်ပြပါတယ်။

ချယ်ရီကူးတို့သင်္ဘော ဗုံးပေါက်ကွဲမှု ၎င်းတို့နှင့်လုံးဝ မသက်ဆိုင်ဟု NUG ထုတ်ပြန်
ချယ်ရီကူးတို့သင်္ဘော ဗုံးပေါက်ကွဲမှု ၎င်းတို့နှင့်လုံးဝ မသက်ဆိုင်ဟု NUG ထုတ်ပြန်

You May Also Like