Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဧပြီ ၆ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ဟားခါးနဲ့ ဖလမ်းကြားတိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများ

ချင်းပြည်နယ် ဟားခါးမြို့ ဖလမ်းမြို့အကြား မနေ့က တိုက်ပွဲဆက်လက်ဖြစ်ပွားရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများပြားခဲ့တယ်လို့ ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။ စစ်ကိုင်းတိုင်း ကလေးမြို့မှ ဟားခါး စစ်ဗျူဟာသို့ ရိက္ခာ၊ လက်နက်ခဲယမ်း၊ အင်အားပို့လာတဲ့ စစ်ကောင်စီယာဉ်တန်းကို CNA နဲ့ ချင်းဒေသကာကွယ်ရေးတပ်(CDF) ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်မှုများ အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ကြရာ မနေ့ကလည်း တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့တာပါ။ CNA ရဲ့ခန့်မှန်းမှုအရ မနေ့က တိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရရှိသူ ၁၀ ဦးကျော်ရှိတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ရဲ့ ကားများလည်း ထိခိုက်ပျက်စီးမှုရှိကာ ရှေ့မဆက်နိုင်ဖြစ်နေတယ်လို့ သိရပါတယ်။

▪️ပင်လောင်း-ဖယ်ခုံတိုက်ပွဲ ဆက်လက်ပြင်းထန်

ရှမ်းပြည်နယ်တောင်းပိုင်း ပင်လောင်း – ဖယ်ခုံတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး အထိနာနေတဲ့ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်နေတယ်လိို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်များက ပြောပါတယ်။ စစ်အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်ကို အလယ်ပိုင်းတိုင်းပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုက ပင်လောင်းမြို့နယ် မြောက်စလုံးကျေးရွာအနီး စစ်ဆင်ရေးဆောင်ရွက်ခဲ့ပြီးနောက် တိုက်ပွဲ ပြင်းထန်ခဲ့တာလို့ ဆိုပါတယ်။ ဖယ်ခုံစစ်မျက်နှာသို့ စစ်ကောင်စီက စကခ (၂)လက်အောက်မှ ခလရ (၂၄၀)နဲ့(၂၄၇) တပ်ရင်း နှစ်ရင်း ထပ်တိုးအားဖြည့်လာတယ်လို့ သိရပါတယ်။

(ရှမ်း-ကယား နယ်စပ်တိုက်ပွဲမှ ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - မိုးဗြဲ PDF)
(ရှမ်း-ကယား နယ်စပ်တိုက်ပွဲမှ ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – မိုးဗြဲ PDF)

▪️စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုကြောင့် ရွှေကူ စီသာတိုက်နယ်ဆေးရုံ ပျက်စီး

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့ရာ စီသာတိုက်နယ်ဆေးရုံ ထိခိုက်ပျက်စီးခဲ့တယ်လို့ ရွှေကူပြည်သူ့ကာကွယ်ရေးတပ်(PDF)က ဒီနေ့ ဓာတ်ပုံမှတ်တမ်းများနဲ့အတူ ထုတ်ပြန်ပါတယ်။ တိုက်ပွဲအခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလှုပ်ရှားနေလိို့ တိုက်ပွဲများ ဖြစ်ပွားနေတဲ့ ရွှေကူမြို့နယ်မှာ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး မနေ့က စီသာကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်များစွာ မီးလောင်ပျက်စီးခဲ့ပါတယ်။

▪️ကြို့ပင်​ကောက် NLD အမတ်ကို စစ်ကောင်စီ ဖမ်းဆီးထား

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ် ဦးဌေးမင်းသိန်းကို စစ်ကောင်စီတပ်က ဧပြီ ၄ ရက်မှာ ဖမ်းဆီးသွားတယ်လို့ ​ဒေသခံအချို့က ပြောပါတယ်။ ၂၀၂၀ ​ရွေး​ကောက်ပွဲ အနိုင်ရ ကြို့ပင်ကောက်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်​ ဦးဌေးမင်းသိန်းကို ကြို့ပင်ကောက်မြို့နယ်၊ စျေးချိုတောင်ရပ်ကွက်ရှိ ၎င်းရဲ့နေအိမ်မှာ စစ်ကောင်စီတပ်က လာ​ရောက်ဖမ်းဆီးသွားတာလို့ သိရပါတယ်။ ဦးဌေးမင်းသိန်း ဖမ်းဆီးခံရချိန်ကစလို့ ဒီနေ့ နေ့ခင်းပိုင်းအထိ မိသားစုဝင်များနဲ့ အဆက်အသွယ်မရသေးဘူးလိို့ မြို့ခံအချို့ကပြောပါတယ်။

( NLD ပါတီမှ ၂၀၂၀ ​ရွေး​ကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်​တော်အမတ်ဦးဌေးမင်းသိန်း ။ဓါတ်ပုံ-NLD)
( NLD ပါတီမှ ၂၀၂၀ ​ရွေး​ကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်​တော်အမတ်ဦးဌေးမင်းသိန်း ။ဓါတ်ပုံ-NLD)

▪️သပိတ်ကျင်းနယ်မှာ စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်လို့ အမျိုးသမီးတစ်ဦး သေဆုံး

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်​က ရမ်းသမ်းပစ်ခတ်ခဲ့လို့ အသက်(၆၀)ခန့် အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တကောင်းက ထုတ်ပြန်ပါတယ်။ ထီးချိုင့်မှ မန္တလေးမြို့ဘက်သို့ တွဲကားသုံးစီးနဲ့ မောင်းနှင်လာပြီး အင်အား ၈၀ ကျော်ပါတဲ့ စစ်ကောင်စီယာဉ်တန်းကို မနေ့ နေ့ခင်းက သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့တယ်လိို့ ဆိိုပါတယ်။ စစ်ကောင်စီဘက်က အထိနာခဲ့ပြီး ပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်ရာ အရပ်သားအမျိုးသမီးတစ်ဦး သေနတ်ကျည်ထိမှန်သေဆုံးခဲ့တယ်လိို့ PDF ထောက်ပို့ရဲဘော်တစ်ဦးက ပြောပါတယ်။

▪️နွားထိုးကြီးနယ် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကိိုတိုက်ခိုက်ရာ ငါးဦးသေ

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် မင်းရွာစာသင်ကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို မဟာညီနောင်များနဲ့အတူ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် PDF တပ်ရင်း (၄)NPDF မှ တာဝန်ရှိသူက ပြောပါတယ်။ ဧပြီ ၄ ရက် နေ့ခင်းက မင်းရွာစာသင်ကျောင်းအတွင်း အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီတပ်ကို လက်နက်ကြီး၊ လက်နက်ငယ်များနဲ့ ပစ်ခတ်တဲ့အပြင် ဒရုန်းနဲ့ပါ ဗုံးသီးချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်ချိန် မိနစ်၂၀ ခန့်ကြာမြင့်ခဲ့ပြီး စစ်အုပ်စုဘက်က စစ်ကူလာလို့ ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လိို့ Natogyi People Defence Force သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

▪️ကလေးမြောက်ပိုင်း ခုနှစ်ရက်​နေ့မြောက်​​တိုက်ပွဲ ၆ နာရီကြာဖြစ်ပွား

စစ်ကိုင်းတိုင်း ကလေးမြို့နယ် မြောက်ပိုင်းမှာ ခုနှစ်ရက်​နေ့​မြောက်တိုက်ပွဲအဖြစ် မနေ့က ၆ နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့​တယ်လို့ အထက်ချင်းတွင်း CNO/CNDFတာဝန်ခံက ‌ပြောပါတယ်။ ကလေးမြို့နယ်မြောက်ပိုင်းရှိ၊ ပျဉ်းတောဦးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဧပြီ ၄ ရက်ညက​ ဒေသကာကွယ်​ရေးပူး​ပေါင်းတပ်များက ခြုံခိုတိုက်ခိုက်ခဲ့ပြီး မနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က အင်အားထပ်ဖြည့်ကာ ထိုးစစ်ပြန်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုရှိိနိုင်ပေမယ့် အတိအကျမသိရသေးဘူးလို့ CNO/CNDFတာဝန်ခံက ပြောပါတယ်။

(က​လေးမြို့နယ်​မြောက်ပိုင်းဆိုက်ပွဲများမှ ကာကွယ်​ရေးတပ်များသိမ်းဆည်းရရှိ​သော စစ်တပ်အသုံးအ​ဆောင်အချို့။ ဓါတ်ပုံ -CDF-KKG)
(က​လေးမြို့နယ်​မြောက်ပိုင်းဆိုက်ပွဲများမှ ကာကွယ်​ရေးတပ်များသိမ်းဆည်းရရှိ​သော စစ်တပ်အသုံးအ​ဆောင်အချို့။ ဓါတ်ပုံ -CDF-KKG)