Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်တွင် စစ်ကောင်စီတပ်က PDFစခန်းတစ်ခုကို ရဟတ်ယာဥ်ဖြင့် ပစ်ခတ်စီးနင်း

မြိုင်(ပကဖ) တပ်ရင်း-၁ တပ်ခွဲ-၂ သည် ယနေ့ (ဧပြီ ၆ရက်) နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က မြိုင်မြို့နယ်၊ သရက်ကန်ပျူရွာမှ စစ်ကောင်စီတပ်၊ ရဲနှင့်ပျူစောထီး အင်အား ၆၀ကျော်အား မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

(စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အသုံးပြု တိုက်ခိုက်နေသည့် Mi-35 ရဟတ်ယာဥ် တစ်စီးအား တွေ့ရစဥ်။ ပုံအဟောင်းကို အသုံးပြုထားပါ)
(စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အသုံးပြု တိုက်ခိုက်နေသည့် Mi-35 ရဟတ်ယာဥ် တစ်စီးအား တွေ့ရစဥ်။ ပုံအဟောင်းကို အသုံးပြုထားပါ)

▪️စခန်းရှိ ယာဉ်နှစ်စီး မီးရှို့ပြီး ကျပ်သိန်း ၁၀၀ ကျော်ယူသွား၊ ရဲဘော်တစ်ဦးလည်း ပျောက်ဆုံးနေ

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်က ဒေသကာကွယ်ရေးတပ်(PDF)စခန်းတစ်ခုအား Mi-35 ရဟတ်ယာဥ်ဖြင့်ပစ်ခတ်စီးနင်းပြီး ယာဉ်နှစ်စီးမီးရှို့ကာ ကျပ်သိန်း ၁၀၀ ကျော် ယူဆောင်သွားကြောင်း မြိုင်(ပကဖ)အဖွဲ့ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

မြိုင်(ပကဖ) တပ်ရင်း-၁ တပ်ခွဲ-၂ သည် ယနေ့ (ဧပြီ ၆ရက်) နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က မြိုင်မြို့နယ်၊ သရက်ကန်ပျူရွာမှ စစ်ကောင်စီတပ်၊ ရဲနှင့်ပျူစောထီး အင်အား ၆၀ကျော်အား မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ထို့အပြင် ဒရုန်းဖြင့် ဗုံးသုံးလုံးပါ ကြဲချတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင် ရှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွား​ကြောင်း ကိုလက်ယျာက ပြောသည်။

စစ်ကောင်စီတပ်သည် ညောင်ရွာကျေးရွာအနီးရှိ ကာကွယ်ရေးစခန်းတစ်ခုအား ညနေ ၃နာရီခွဲခန့်တွင် Mi-35ဖြင့် ပစ်ခတ်ခြင်း၊ Mi-17 နှစ်စီးဖြင့် ဝင်ရောက်စီးနင်းခြင်းများ ပြုလုပ်ခဲ့ပြီး စခန်းခွဲတစ်ခုရှိ ယာဉ်နှစ်စီးအား မီးရှို့ပြီး ကျပ်သိန်း ၁၀၀ ကျော်အား ယူဆောင်သွားကြောင်း ကိုလက်ယျာက ပြောသည်။

ကာကွယ်ရေးဘက်မှ ရဲဘော်တစ်ဦးလည်း ပျောက်ဆုံးနေသည်ဟု ကိုလက်ယျာက ဆိုသည်။

တွင်းမနှင့် ဝက်ပုတ်ရွာများရှိ စစ်အုပ်စုသည် အဆိုပါစစ်ကြောင်းကြိုရန် ကိုင်းတောမရွာဘက်မှ စက်မှု(၂)ဘက်သို့ ကင်းပုန်းချထားကြောင်း ဒေသခံတို့က ပြောသည်။

ထို့ကြောင့် မနက်ဖြန် (ဧပြီ ၇ ရက်) နံနက် ၆ နာရီမှစ၍ ဧပြီ ၃၀ ရက်အထိ မြိုင် – ကမ္မလမ်း ပိုင်းအား ယာဉ်၊ ဆိုင်ကယ်များ ဖြတ်သန်းသွားလာခြင်း မပြုရန်နှင့် စစ်ကောင်စီတပ်အားအရှိန်အဟုန်မြှင့် တိုက်ခိုက်သွားမည်ဖြစ်၍ တစ်စုံတစ်ရာ မှားယွင်းမှုအား တာဝန်ယူဖြေရှုင်းသွားမည်မဟုတ်ကြောင်း မြိုင်(ပကဖ)က သတိပေးထားသည်။