Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကော်ဘရာစစ်ကြောင်းနဲ့ပူးပေါင်းရသည့်အကြောင်းအရင်းကို VENOM စစ်ကြောင်းထုတ်ပြော

ဧပြီလ(၉)ရက်က မြ၀တီခရိုင် တောင်ပိုင်းဒေသတစ်နေရာတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်(BGF)တို့ဘက်မှ ထိခိုက်မှုများပြားခဲ့သည်ဟု ပူးပေါင်းတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ကော်ဘရာစစ်ကြောင်းနဲ့ပူးပေါင်းရသည့်အကြောင်းအရင်းကို VENOM စစ်ကြောင်းထုတ်ပြော
ကော်ဘရာစစ်ကြောင်းနဲ့ပူးပေါင်းရသည့်အကြောင်းအရင်းကို VENOM စစ်ကြောင်းထုတ်ပြော

အာဏာရှင်အမြစ်ပြုတ်ကျရေးတွင် အင်အားကောင်းကောင်းနှင့် စနစ်တကျတိုက်ခိုက်နိုင်ရန် ဦးတည်ချက်၊ ရပ်တည်ချက်၊ ရည်ရွယ်ချက်တူသည့် အဖွဲ့အစည်းမှန်သမျှ ပူးပေါင်းတိုက်ပွဲဝင်ဆိုမည့် ရည်ရွယ်ချက်ဖြင့် ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းဆောင်ရွက်ရခြင်းဖြစ်သည်ဟု VENOM စစ်ကြောင်း၏ သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

“နှစ်ပေါင်း(၆၀)ကျော် ခံစားခဲ့ရတဲ့ အာဏာရှင်စနစ်ဆိုးလက်အောက်က ပြည်သူတွေရဲ့ ဒုက္ခတွေ အမြန်ဆုံးချုပ်ငြိမ်းဖို့ ကျွန်မတို့ တိုင်းရင်းသားမောင်နှမတွေ သွေးစည်းညီညွတ်စွာ အင်အားကောင်းကောင်းနဲ့ တိုက်ခိုက်နိုင်ဖို့လည်း ရည်ရွယ်ပါတယ်” ဟု VENOM စစ်ကြောင်း သတင်းပြန်ကြားရေးတာဝန်ခံ ဒေါ်ယမင်းဝါဝါမောင်က ပြောသည်။

ပြီးခဲ့သည့် ဧပြီလ(၆)ရက်က VENOM စစ်ကြောင်းတစ်ကြောင်းလုံး ကော်ဘရာစစ်ကြောင်းထံလာရောက်ပူးပေါင်းခဲ့သည့်အတွက် ကော်ဘရာစစ်ကြောင်း၏ ဖွဲ့စည်းပုံအား စစ်ကြောင်း(၁)နှင့် စစ်ကြောင်း(၂)ဟူ၍ ပြန်လည်ဖွဲ့စည်းခဲ့သည်ဟု ယမန်နေ့ ဧပြီလ(၉)ရက်ရက်စွဲဖြင့် ကော်ဘရာစစ်ကြောင်းမှ ထုတ်ပြန်ထားသည်။

ပြန်လည်ဖွဲ့စည်းလိုက်သည့် ကော်ဘရာစစ်ကြောင်းတွင် စစ်ဆင်ရေးမှူးအဖြစ် ဗိုလ်ဒါဘော၊ စစ်ကြောင်း(၁)စစ်ကြောင်းမှူး ဗိုလ်စောကော်၊ စစ်ကြောင်း(၁) ဒုစစ်ကြောင်းမှူး စောဘလူ့ဒို့၊ စစ်ကြောင်း(၂) စစ်ကြောင်းမှူး ဗိုလ်စောဝင်းမြင့်နှင့် စစ်ကြောင်း(၂) ဒုစစ်ကြောင်းမှူး ဗိုလ်စောငြိမ်းချမ်းဝင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

VENOM စစ်ကြောင်းသည် ကော်ဘရာစစ်ကြောင်း၏ ဦးဆောင်မှုဖြင့် အာဏာရှင်အမြစ်ပြုတ်ချေမှုန်းရေးတိုက်ပွဲများ ဖော်ဆောင်နေလျက်ရှိရာ ယမန်နေ့ ဧပြီလ(၉)ရက်က မြ၀တီခရိုင် တောင်ပိုင်းတစ်နေရာတွင် စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်(BGF)တို့နှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု ယင်းစစ်ကြောင်းက ထုတ်ပြန်ထားသည်။

“စစ်ကြောင်း(၃)ကြောင်း အလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာရာမှာ လက်နက်အင်အား စစ်ရေးအင်အားသာပါတယ်ဆိုတဲ့ စစ်ကောင်စီနဲ့ BGF တွေက လူငယ်တွေနဲ့ စုစည်းတိုက်ပွဲဝင်နေတဲ့ VENOM Column က ခုနှစ်ယောက်တစုစီ ပိတ်ဆို့ထားတဲ့နေရာကို မထိုးဖောက်နိုင်ပါဘူး” ဟု ယမန်နေ့က တိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး VENOM စစ်ကြောင်း၏ သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဧပြီလ(၉)ရက်က မြ၀တီခရိုင် တောင်ပိုင်းဒေသတစ်နေရာတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်(BGF)တို့ဘက်မှ ထိခိုက်မှုများပြားခဲ့သည်ဟု ပူးပေါင်းတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆)နယ်မြေတွင် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်(BGF)တို့သည် အင်အားအများအပြားဖြင့် တိုးချဲ့လာပြီး စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ပိုမိုပြုလုပ်လာသည့်အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်သော ပူးပေါင်းအဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။