Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပဇီကြီးဒေသခံများ၏ ယနေ့ရက်လည် သံဃာတော်များမကြွနိုင်၍ ဖုန်းခေါ်ဆို အမျှဝေရ

စစ်ကောင်စီတပ်သည် ပဇီကြီးရွာကို တိုက်လေယာဉ်ဖြင့် ပေါက်ကွဲအားပြင်းထန်သည့် ပေါင် ၅၀၀ အလေးချိန်ဗုံးများ အသုံးပြုတိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်၊ တိုက်လေယာဉ်ဖြင့် စက်အမြောက်များ ပစ်ခတ်တိုက်ခိုက်ခြင်း ပြုလုပ်ခဲ့သည်။

(ပဇီကြီးရွာကိုစစ်တပ်က လေကြောင်းမှ တိုက်ခိုက်ပြီး နောက်အပျက်အစီးများကို တွေ့ရစဥ်။ဓာတ်ပုံ-CJ)
(ပဇီကြီးရွာကိုစစ်တပ်က လေကြောင်းမှ တိုက်ခိုက်ပြီး နောက်အပျက်အစီးများကို တွေ့ရစဥ်။ဓာတ်ပုံ-CJ)

▪️လေကြောင်းရန်အပါအဝင် လုံခြုံရေးအရ ကျန်ရစ်သူမိသားစုများက ရက်လည်ကို တောအတွင်း ပုန်းရှောင်ရင်း စုဖွဲ့ပြုလုပ်ခဲ့ရဟု ဒေသခံပြော

▪️“ဖုန်းနဲ့ခေါ်ပြီး အမျှအတန်း ဝေရတာပေါ့။ တောထဲမှာ ရှိတဲ့သူတွေက ဖုန်းကို စပီကာဖွင့်ပြီး ရေစက်ချရတာ” ဒေသခံ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးဒေသကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့၍ ကလေးငယ်များအပါအဝင် ပြည်သူလူထု ၁၇၀နီးပါး သေဆုံးခဲ့ရာ ကျန်ရစ်သူမိသားစုများက ယနေ့ ကျရောက်သည့် သေဆုံးသူများ၏ ရက်လည်ကို တောအတွင်း၌ ပုန်းရှောင်ရင်းလုပ်ဆောင်ခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ပဇီကြီးရွာကို ဧပြီ ၁၁ရက်တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ဒီနေ့မနက် ၉နာရီလောက်က ရက်လည်လုပ်တာ။ လုပ်တော့ ရွာထဲမှာ လည်းမသွားနိုင်ဘူး။ စစ်ရှောင်နေရတာပေါ့ဗျာ တောစပ်တွေမှာ ကျန်ရစ်သူတွေက။ ဘုန်းကြီးကလည်း မလာနိုင်ဘူး။ မလာနိုင်တော့ ဘုန်းကြီးက ရက်လည်လုပ်ဖို့ကို တောထဲကို မလာနိုင်တော့ ဖုန်းနဲ့ခေါ်ပြီး အမျှအတန်း ဝေရတာပေါ့။ တောထဲမှာ ရှိတဲ့သူတွေက ဖုန်းကို စပီကာဖွင့်ပြီး ရေစက်ချရတာ။ ဒါမျိုးက တခါမှ ကျနော်တို့ဘ၀မှာ မကြုံဖူးဘူးဗျာ။ သေဆုံးသွားတဲ့ သူတွေရဲ့ မိသားစုတွေဆိုရင် ဘယ်လောက်ရင် နာစရာကောင်းမလဲဗျာ”ဟု ဒေသခံက ပြောသည်။

ရက်လည်ပြုလုပ်ရာတွင်လည်း အစုအဖွဲ့အလိုက် အဆင်ပြေသလို လုပ်ဆောင်နေရကြောင်း၊ စစ်ကောင်စီက ယင်းဒေသသို့ စစ်ကြောင်းထိုးခြင်း၊ သို့မဟုတ် ထပ်မံ လေကြောင်းတိုက်ခိုက်ခြင်းပြုလုပ်မည့် သတင်းများကြားနေရ၍ ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြသည်ဟု ဆိုသည်။

“နီးစပ်ရာပေါ့ တောထဲမှာနေတဲ့သူတွေ အုပ်စုလိုက်ပေါ့။ တစ်နေရာမှာ ၅၀ ရှိတယ်ဆို အဲဒီလိုမျိုးမိသားစုဝင်တွေက အဲဒီလို ဖုန်းခေါ်ဆိုပြီးလုပ်ရတာ”ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်သည် ပဇီကြီးရွာကို တိုက်လေယာဉ်ဖြင့် ပေါက်ကွဲအားပြင်းထန်သည့် ပေါင် ၅၀၀ အလေးချိန်ဗုံးများ အသုံးပြုတိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်၊ တိုက်လေယာဉ်ဖြင့် စက်အမြောက်များ ပစ်ခတ်တိုက်ခိုက်ခြင်း ပြုလုပ်ခဲ့သည်။

အလောင်းများကောက်ယူခြင်းနှင့် ဒဏ်ရာရသူများအား ကယ်ဆယ်ရေးလုပ်ဆောင်စဉ်တွင်လည်း တိုက်လေယာဉ်ဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း ကလေးငယ်များ၊ အမျိုးသမီးများ အပါအဝင် ဒေသခံ ၁၆၈ ဦးသေဆုံးခဲ့ရသည်။

“နှစ်ဆန်းတစ်ရက်တဲ့။ ဒီနေရာ ဒီရွာလေးက ရှင်သန်ကျန်ရစ်ခဲ့သူတွေကတော့ နှစ်ဆန်း တစ်ရက်မှာ ရက်လည်တယ်လို့ပဲ သေသည်အထိ စွဲမြဲမှတ်ထင်သွားကြရတော့မယ်”ဟု ပြည်သူတစ်ဦးက လေကြောင်းတိုက်ခိုက်ခံရ၍ သေဆုံးခဲ့ရသည့် ပဇီကြီးပြည်သူများ၏ ရက်လည်နေ့နှင့်ပတ်သက်ပြီး ၎င်း၏ လူမှုကွန်ရက်၌ ရေးသားထားသည်။