Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆိုလာတပ်ထားသူတွေထံကနေ ဓာတ်အားဝယ်မယ်လို့ စစ်ကောင်စီကြေညာ

ယခင်က လျှပ်စစ်မီး ၂၄ နာရီ ရတဲ့ နေပြည်တော်မှာတောင် စစ်ရုံးချုပ်ရှိရာ ဇေယျသီရိမြို့နယ် ကလွဲပြီး ကျန်မြို့နယ်တွေမှာ အလှည့်ကျ မီးပြတ်နေတယ်လို့ စုံစမ်းသိရပါတယ်။

ဓာတ်ပုံ − AFP
ဓာတ်ပုံ − AFP

အာဏာသိမ်းပြီးနောက် လျှပ်စစ်မီး ပုံမှန်မပေးနိုင်တဲ့ စစ်ကောင်စီဟာ ရန်ကုန်မြို့မှာ တနိုင်တပိုင် ဆိုလာတပ်ထားသူတွေထံက ပိုလျှံတဲ့ ဓာတ်အားကို ဝယ်ယူမယ်လို့ ကြေညာလာပါတယ်။

ရန်ကုန်မြို့က ဈေးဝယ်စင်တာတွေ ၊ ဟိုတယ်တွေ၊ နေအိမ်တွေ ၊စက်ရုံ၊အလုပ်ရုံ ခေါင်မိုးတွေမှာ တပ်ဆင်ထားတဲ့ အသေးစား ဆိုလာစနစ်ကနေ ထွက်လာတဲ့ ဓာတ်အားကို ဝယ်ယူမှာလို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်း (YESC)က ဒီနေ့ညနေပိုင်းမှာ အသိပေးလာတာပါ။

ဝယ်ယူမယ့်နှုန်းထားကတော့ ၁၀၀ ကီလိုဝပ်ကနေ ၁ မဂ္ဂါဝပ် အထိ ၈၅ ကျပ်နှုန်း နဲ့ ၁ မဂ္ဂါဝပ်ကနေ ၁၀ မဂ္ဂါဝပ်အထိ ၈၀ ကျပ်နှုန်းဝယ်မယ်လို့လည်း ကြေညာထားတာတွေ့ရပါတယ်။

စစ်ခေါင်းဆောင်ဟာ အာဏာသိမ်းပြီး လပိုင်းအကြာမှာ လျှပ်စစ်ကားတွေ ၊လျှပ်စစ်ရထားတွေ ပြေးဆွဲမယ်လို့မကြာခဏ ဆိုသလို အစည်းအဝေးတွေမှာကြွေးကြော်ဖူးပါတယ်။

ဒါပေမယ့် မြေပြင်မှာတော့ ပြည်တွင်းမှာ လျှပ်စစ်မီး ရရှိမှု အခြေအနေဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ယခင်စစ်အစိုးရ လက်ထက်က အခြေအနေကိုပြန်ရောက်သွားတာတွေ့ရပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ ယခင်စစ်အစိုးရ လက်ထက်ကလိုမြို့နယ်အလိုက် အုပ်စုခွဲပြီး အလှည့်ကျ မီးပေးရတဲ့အခြေအနေဖြစ်လာတာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းတွေကစတင်ပြီး ရန်ကုန်မှာ တစ်နေ့ ကို ၂ နာရီသာ မီးရတဲ့အခြေအနေထိဆိုးရွားလာတယ်လို့ ရန်ကုန်မြို့ခံတွေက ဆိုကြပါတယ်။

ယခင်က လျှပ်စစ်မီး ၂၄ နာရီ ရတဲ့ နေပြည်တော်မှာတောင် စစ်ရုံးချုပ်ရှိရာ ဇေယျသီရိမြို့နယ် ကလွဲပြီး ကျန်မြို့နယ်တွေမှာ အလှည့်ကျ မီးပြတ်နေတယ်လို့ စုံစမ်းသိရပါတယ်။