Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဈေး ကျပ် သိန်း ၃၀ အထိပြန်တက်

စစ်အုပ်စုအာဏာမသိမ်းခင် ၂၀၂၁ ​ဇန်နဝါရီလကုန်ပိုင်းက ရွှေတစ်ကျပ်သားလျှင် ကျပ်၁၃ သိန်း​ကျော်၊၁ ​ဒေါ်လာလျှင် ၁၃၃၇ ကျပ် သာရှိခဲ့သည်။

ရွှေဈေး ကျပ် သိန်း ၃၀ အထိပြန်တက်
ရွှေဈေး ကျပ် သိန်း ၃၀ အထိပြန်တက်

▪︎​​ရွှေကုန်သည်အချို့ကို စစ်​ကောင်စီ​​ခေါ်စစ်ဟုလုပ်ငန်းရှင်အချို့​ပြော

ပြည်တွင်း အခေါက်ရွှေဈေး တစ်ကျပ်သားကို ကျပ် သိန်း ၃၀ အထက်သို့ပြန်လည်မြင့်တက်လာကြောင်း ပြည်တွင်းရွှေလုပ်ငန်းရှင်များကပြောသည်။

မတ် ၁၇ ရက်ကရွှေတစ်ကျပ်သားကို ကျပ် ၂၉ သိန်းကျော်ဖြင့် ပေါက်ဈေးရှိခဲ့ပြီးနောက် ဧပြီ ၂၇ ရက်တွင် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် သိန်း ၃၀၀,၃၀၀အထိ မြင့်တက်လာခြင်းဖြစ်သည်။

နိုင်ငံအတွင်း စစ်တပ်အာဏာသိမ်းပြီး ၂၀၂၂ ဩဂုတ် ၃၁ ရက်က အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃၄ သိန်းအထိ စံချိန်တင်မြင့်တက်ခဲ့သည်။ထို​နောက် စစ်​ကောင်စီက ​ ကုန်သည်များ​ရွှေဈေးကစား၍​​ဈေးတက်သည်ဆိုကာ​ဖမ်းဆီးစစ်​ဆေးခြင်း ၊​ရွှေအသင်းမှတစ်ဆင့် ​ဈေး​​ချရန်ဖိအား​ပေးခြင်း ၊အွန်လိုင်းမှ​ရောင်းဝယ်ခြင်းများပိတ်ပင်ခြင်းစသဖြင့် မျိုးစုံဖိအား​ပေးပြီး​နောက် ​ရွှေ​ဈေးပြန်ကျခဲ့သည်။

အထက်ပါအချက်များအပြင် ကမ္ဘာ​ရွှေ​ဈေးနှင့် ​ဒေါ်လာ​ဈေးပါကျသဖြင့် ၂၀၂၂ ​အောက်တိုဘာလတွင် ​တစ်ကျပ်သား ၂၇ သိန်း​ကျော်အထိ​ဈေးပြန်ကျခဲ့သည်။သို့သော် ​ရွှေ​ဈေးမှာယခုလပိုင်းအတွင်း တရိပ်ရိပ်ပြန်တက်လာပြီး ယ​နေ့(ဧပြီ ၂၇)တွငိ ကျပ်သိန်း ၃၀ကျော်ကို ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။

“ရွှေဈေးလောကမှ ထိပ်စည်းပြောင်းတယ်လို့ ဆိုကြတာပေါ့၊ ဒီလိုဈေးတက်မယ်ဆိုတာကိုလည်း ကုန်သည်တွေက ကြိုမှန်းဆထားပါတယ်”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ကမ္ဘာရွှေဈေးမြင့်တက်ခြင်းနှင့် ကျပ်ငွေတန်ဖိုးကျဆင်းလာခြင်းကြောင့် ပြည်တွင်းရွှေဈေးမြင့်တက်လာခြင်းဖြစ်သည်ဟုလည်း ၎င်းကသုံးသပ်သည်။

၂၀၂၃၊ ဧပြီ ၂၇ ရက်တွင် ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စကို ဒေါ်လာ ၂၀၀၁ ရှိခဲ့ပြီး ဒေါ်လာဈေးမှာ တစ်ဒေါ်လာကိုကျပ် ၂၈၇၅ အထိဈေးမြင့်တက်ခဲ့သည်ဟု ဈေးကွက်အတွင်းမှ သိရသည်။

ရွှေဈေးကျပ်သိန်း၃၀ကျော်အထိ မြင့်တက်လာခြင်းကြောင့်ရွှေလုပ်ငန်းရှင်အသင်းများကို စစ်ကောင်စီက ခေါ်ယူသတိပေး​​ခဲ့​ကြောင်းလည်းရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းမှစုံစမ်းသိရသည်။

“မန္တလေးက ရွှေအသင်းကို စ သုံးလုံး (စစ်​ကောင်စီ၏အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန)ကခေါပြီးစစ်တယ်။ ရွှေဈေးတက်အောင်လုပ်လို့ပြောတယ်။”ဟု မန္တလေးမှ ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

စစ်ကောင်စီက ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း၃၀မကျော်ရန် ရွှေလုပ်ငန်းရှင်များကို ဖိအားပေးခြိမ်းခြောက်နေသည်ဟုလည်း ၎င်းကဆက်​ပြောသည်။

ရန်ကုန်တိုင်း​ရွှေလုပ်ငန်းရှင်အသင်းက ဧပြီ ၂၇ ရက်တွင် ​ရည်ညွှန်း​ရွှေ​ဈေးနှုန်း ၂,၃၅၅,၀၀၀ ​သာသတ်မှတ်ထားပြီး ၊​ဈေးကွက်​ပေါက်​ဈေးထပ် ကျပ် ၆သိန်းကျာ်​​​လျော့နည်း​နေသည်။ ထိုအပြင် ရွှေဆိုင်နှင့် ရွှေကုန်သည်များအနေဖြင့် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၉ သိန်းအောက်ဝန်းကျင်ဖြင့်သာ အရောင်းအဝယ်ပြုလုပ်သင့်ကြောင်း ဧပြီ ၂၇ ရက် ညနေပိုင်းတွင်ထုတ်ပြန်သည်။

ထိုပြင်အခေါက်ရွှေတစ်ကျပ်သား ၃၀သိန်းကျော်အထိဈေးတက်လာပြီးနောက် ​ဈေးကွက်မတည်ငြိမ်သဖြင့် အရောင်း

အဝယ်လည်း မဖြစ်သေးကြောင်း အခြား ရွှေလုပ်ငန်းရှင်တစ်ဦးကလည်း ပြောသည်။

စစ်အုပ်စုအာဏာမသိမ်းခင် ၂၀၂၁ ​ဇန်နဝါရီလကုန်ပိုင်းက ရွှေတစ်ကျပ်သားလျှင် ကျပ်၁၃ သိန်း​ကျော်၊၁ ​ဒေါ်လာလျှင် ၁၃၃၇ ကျပ် သာရှိခဲ့သည်။

▪︎မှတ်ချက်-သတင်းကို ဧပြီ ၂၇ ရက်ည​နေ ၅ နာရီ ၅၀ မိနစ်တွင် ထပ်မံဖြည့်စွက်ထားပါသည်။