Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျွန်းစုမြို့နယ်တွင် ကလေးငယ်အပါအဝင် စစ်ကောင်စီ မတရားဖမ်းဆီးထားသည့် ပြည်သူ ၁၅ ဦး ​ခြောက်ရက်ကြာသည်အထိ ပြန်မလွတ်သေး

လက်ရှိအခြေအနေတွင် စစ်ကောင်စီက ၎င်းပြည်သူ ၁၅ ဦးကို သဇင်ရဲစခန်းမှတဆင့် ကျွန်းစုမြို့မရဲစခန်းသို့ ပြောင်းရွှေ့ချုပ်နှောင်ထားကြောင်းသိရပြီး ကလေးငယ်သုံးဦးအပါအဝင် ယနေ့အထိ ပြန်လွှတ်ပေးခြင်း မရှိသေးပေ။

ကျွန်းစုမြို့တွင် ဆိုင်းဘုတ်အချို့အားလိုက်လံ ဖြုတ်သိမ်းနေသည့် စစ်ကောင်စီလက်ပါးစေ ရဲများအား တွေ့ရစဥ်(ပုံဟောင်း/CJ)
ကျွန်းစုမြို့တွင် ဆိုင်းဘုတ်အချို့အားလိုက်လံ ဖြုတ်သိမ်းနေသည့် စစ်ကောင်စီလက်ပါးစေ ရဲများအား တွေ့ရစဥ်(ပုံဟောင်း/CJ)

မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင် လသားအရွယ်ကလေးတစ်ဦးအပါအဝင် ပြည်သူ ၁၅ဦးကို စစ်ကောင်စီက မတရားဖမ်းဆီးခဲ့ရာ ယနေ့(သြဂုတ် ၁)ခြောက်ရက်ကြာသည်အထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။

အဖမ်းခံရသော ပြည်သူ ၁၅ ဦးသည် ဇူလိုင် ၂၇ ရက်နေ့ည ၈ နာရီခန့်က မြိတ်မြို့မှတဆင့် ကျွန်းစုမြို့နယ်မြိုင်သာယာကျေးရွာသို့ စက်လှေဖြင့်ပြန်လာစဥ် ချောင်းဝတွင် စစ်ဆေးရေးလုပ်ဆောင်နေသော သဇင်ရဲစခန်းမှ ရဲများက ဖမ်းဆီးခဲ့ခြင်း ဖြစ်​သည်။

စစ်ကောင်စီရဲများက ပြည်သူများစီးနင်လာသည့် စက်လှေအားစစ်ဆေးချိန် လှေပေါ်ပါသည့် ဆန်နှင့် စားနပ်ရိက္ခာများကို တွေ့ရှိရာမှ တော်လှန်ရေးတပ်ဖွဲ့များထံ ထောက်ပံ့သည်ဟုဆိုကာ စွပ်စွဲဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ဖမ်းဆီးခံရတာက ကျွန်းစုမြို့နယ် သဇင်ရဲစခန်းနားမှာပါ။ မြိတ်ကနေ ကျွန်းစု-မြိုင်သာကျေးရွာကိုပြန်အလာမှာ ဖမ်းခံလိုက်ရတာ”ဟု ကျွန်းစုမြို့နယ်မှ ဒေ သခံတစ်ဦးက People’s Spring သို့ ပြောသည်။

စစ်ကောင်စီရဲများ၏ မတရားဖမ်းဆီးခံလိုက်ရသူများသည် မြိုင်သာယာကျေးရွာမှ ဒေသခံပြည်သူများဖြစ်ပြီး ကလေးငယ်သုံးဦး၊ အမျိုးသားသုံးဦးနှင့် အမျိုးသမီးကိုးဦး အသီးသီးပါဝင်ကာ သဇင်ရဲစခန်း ၌ထားရှိစဥ် ရိုက်နှက်နှိပ်စက်ခံရမှုများလည်းရှိခဲ့ကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီက ၎င်းပြည်သူ ၁၅ ဦးကို သဇင်ရဲစခန်းမှတဆင့် ကျွန်းစုမြို့မရဲစခန်းသို့ ပြောင်းရွှေ့ချုပ်နှောင်ထားကြောင်းသိရပြီး ကလေးငယ်သုံးဦးအပါအဝင် ယနေ့အထိ ပြန်လွှတ်ပေးခြင်း မရှိသေးပေ။