Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မူဆယ်(၁၀၅)မိုင်အနီး တိုက်ပွဲပြင်းထန်၊ အရပ်သားအချို့ထိခိုက်မှုရှိ

တအာင်း ဒေသခံတစ်ဦးကလည်း မူဆယ်မြို့နယ် စယ်လန့်ရွာ တိုက်ပွဲ စစ်ကောင်စီ၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့်TNLA တို့ တိုက်ပွဲဖြစ်ပွားနေသည်ဟု လူမှုကွန်ရက်တွင် အသိပေးရေးသားထားသည်။

(မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အား ယခင်က မြင်တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အား ယခင်က မြင်တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့အနီးတွင် ယနေ့နံနက်ကစ၍ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး ညနေပိုင်းအထိ ပစ်ခတ်မှုများ ရှိနေသည်ဟုဒေသခံ အချို့က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲပြင်းထန်ခဲ့သည့် မူဆယ်မြို့အနီးနေရာများ၌ ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုအကြား တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်သည့် အဖွဲ့အား အတည်ပြုနိုင်ခြင်းမရှိသေးပေ။

“မနက်အစောပိုင်းမှာကတည်းက မူဆယ်နဲ့ ၁၀၅ မိုင်ကြားထဲ တွယ်နေကြတာ။ ကားလမ်းတွေတောင် ပိတ်ထားတာတဲ့။ စစ်သား(စစ်ကောင်စီတပ်)တွေလည်း လမ်းပေါ် အပြည့်ပဲတဲ့။ဒီ (၁၀၅) မိုင်ဝန်းကျင်ကျတော့ အဖွဲ့က စုံတယ်။ အဲဒီနားမှာ ကိုးကန့်(MNDAA) အဖွဲ့လည်းရှိတယ်။ ကချင်(KIA) အဖွဲ့လည်းရှိတယ်။ ပလောင်(TNLA)အဖွဲ့လည်းရှိတယ်။” ဟု ရှမ်းမြောက်ဒေသခံက ပြောသည်။

နမ့်ဖက်ကာအခြေစိုက် စစ်ကောင်စီတပ်မှလည်း လက်နက်ကြီးဖြင့် ယနေ့ မွန်းလွဲ ၃နာရီခွဲခန့်တွင် ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း ၎င်းကဆိုသည်။

“အခုပဲ၂ချက်ပစ်ကူသွားတာ ဒုန်းဒုန်းနဲ့။ အသံမှ အကျယ်ကြီးပဲ။” ဟု ဒေသခံက ပြောသည်။

တအာင်း ဒေသခံတစ်ဦးကလည်း မူဆယ်မြို့နယ် စယ်လန့်ရွာ တိုက်ပွဲ စစ်ကောင်စီ၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့်TNLA တို့ တိုက်ပွဲဖြစ်ပွားနေသည်ဟု လူမှုကွန်ရက်တွင် အသိပေးရေးသားထားသည်။

“၁၀၅ မိုင် တိုးဂိတ် ခေတ္တပိတ်ထားနေ။ပွဲကြမ်းနေဆဲဖြစ်” ဟု တအာင်းဒေသခံကရေးသားထားသည်။စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ အရှင်ဖမ်းမိထားခြင်းရှိသကဲ့သို့ လက်နက်ကြီး ဖြင့် ပစ်ခတ်နေသည့် ၁၀၅ မိုင် စစ်ကောင်စီစခန်း RPG ဖြင့် တိုက်ခိုက်ခံရသည်ဟု အသိပေးထားသည်။

တိုက်ပွဲအခြေအနေကို စုံစမ်းနေဆဲဖြစ်သည်ဟု တအာင်းတပ်မတော်(TNLA) သတင်းပြန်ကြားရေး အရာရှိက ပြောသည်။

ယနေ့ တိုက်ပွဲအတွင်း (၁၀၅)မိုင်က အရပ်သားအချို့ထိခိုက်မှုရှိသည်ဟု မူဆယ်မြို့ခံက ‌အသိပေးသည်။

ထို့အပြင် အသက် (၁၅)နှစ်အရွယ် ကလေးငယ်တစ်ဦး မူဆယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်ဟု ဒေသခံက ဆိုသည်။

စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကုန်သွယ်ရေးဇုန်ကို စစ်ကောင်စီကပိတ်ထားပြီး လူနေကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့်ပစ်ခတ်နေကြောင်း ဒေသခံများကပြောသည်။

ကားသုံးစီးမောင်းနှင်လာသော စစ်ကောင်စီယာဉ်တန်းကို TNLAက မိုင်းဆွဲတိုက်ခိုက်ခြင်းဟု (၁၀၅)မိုင်အနီး နေသူတစ်ဦးက ပြောသည်။

” ယာဉ်တန်းကို မိုင်းဆွဲတာ ထိတယ်။ အပြန်အလှန်ပစ်ခတ်မှုဖြစ်တယ်။ ၁၀၅ မိုင်ကနေ လက်နက်ကြီးနဲ့ စစ်တပ်က ပြန်ပစ်လို့ အရပ်သားတစ်ယောက် ထိတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီနှင့် TNLAသည် မူဆယ်မြို့နယ် စယ်လန့်ရွာအနီးတွင် ယခုရက်ပိုင်းတိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ကူပေးနေကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။

“တိုက်ပွဲဖြစ်နေတဲ့ စယ်လန့်ရွာဘက်ကို (၁၀၅)မိုင်ကနေ လက်နက်ကြီးနဲ့ စစ်တပ်ကပစ်တယ်။ အဲ့ဒီစစ်တပ်ကုန်းကို TNLAက RPGနဲ့ ထုတယ်။ ပွဲကတော့ကြမ်းနေတယ်”ဟု TNLA နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ရှမ်းမြောက်မူဆယ်၊ လားရှိုး၊ ကွတ်ခိုင်နှင့် ကျောက်မဲမြို့နယ်တို့တွင် ယခုလအတွင်း TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ မကြားခဏ ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်ကလေကြောင်း ပစ်ကူ၊ လက်နက်ကြီး ပစ်ကူများ အသုံးပြု တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်က ယမန်နေ့ ဩဂုတ် ၁ရက်တွင် TNLA တပ်ဖွဲ့ဝင် ၁၆ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။ ထိုသို့ ပြန်လွှတ်ပေးရန်စစ်ကောင်စီနှင့် ညှိနှိုင်းခြင်း တောင်းဆိုခြင်းမပြုလုပ်ခဲ့ကြောင်း၊ စစ်ရေးအခြေအနေများမှာ ယခင်အတိုင်း ဆက်ရှိနေမည်ဖြစ်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ တာပန်လှက ယမန်နေ့တွင် ပြောကြားထားသည်။