ထိုင်းနိုင်ငံ၊ ဖူးခက်မှာ မိန်းကလေးငယ် တစ်ဦးကို ပစ်သတ်သွားခဲ့တဲ့ သေနတ်သမားကို ရဲတွေက ဖြန့်ကျက် ရှာဖွေနေပါတယ်။
ဩဂုတ် ၁၈ ရက်နေ့က အသက် ၂၇ နှစ်အရွယ် ကစ်တီပေါင် ဂျန်တာဝေါင်ဆိုတဲ့ အမျိုးသား မောင်းနှင်လာတဲ့ Toyota ပစ်ကပ်ကားရဲ့ ရှေ့ခန်းမှာ အသက် ၂၁ နှစ်အရွယ် နက်တာဝတ် ဟမ်ရာနဲ့ သူ့ရဲ့ ပေါင်ပေါ်မှာ အသက် ၁၅ နှစ်အရွယ် မြန်မာမိန်းကလေး နန်းဖောင်းတို့ အတူ စီးနင်း လိုက်ပါလာခဲ့တယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။
နန်းဖောင်းရဲ့ ဖခင်ဖြစ်သူဟာထိုင်းဖြစ်ပြီး မိခင်ဖြစ်သူကမြန်မာဖြစ်ပါတယ်။ထိုင်းကို ငယ်စဥ်ကတည်းကရောက်ခဲ့ပြီး ကျောင်းကိုအထက်တန်းမတက်ပဲ အလုပ်လုပ်နေတာလို့ Khaosod English သတင်းဖော်ပြပါတယ် ။
အဲဒီနောက် လမ်းဆုံတစ်နေရာနားမှာ လူငယ်နှစ်ဦး စီးနင်းလိုက်ပါလာတဲ့ မော်တော်ဆိုင်ကယ်က ကားနားကို ချဉ်းကပ်လာပြီး ပြောင်းတိုသေနတ်နဲ့ အနီးကပ် တေ့ပစ်ခဲ့တယ်လို့ ဆိုပါတယ်။
ကားရဲ့ ဘယ်ဖက်ခြမ်း မှန်ပြတင်းက ဖွင့်ထားရာကနေ ကျည်ဆန်ဟာ နန်းဖောင်ရဲ့ ခေါင်းကို တိုက်ရိုက် ထိမှန်ခဲ့ပါတယ်။ မိန်းကလေးကို ဆေးရုံ အမြန်တင်ပို့ခဲ့ပေမယ့် သေဆုံးသွားခဲ့တယ်လို့ ထိုင်းသတင်းဌာန KahoSodက ဖော်ပြခဲ့ပါတယ်။
လတ်တလောမှာတော့ ရဲတွေဟာ အသက် ၁၇ နှစ်အရွယ် ဘစ်နဲ့ အသက် ၁၉ နှစ်အရွယ် ဆန်ဆိုတဲ့ မော်တော်ဆိုင်ကယ်စီး လူငယ်နှစ်ယောက်ကို အပူတပြင်း ရှာဖွေနေပါတယ်။
ပစ်ခတ်မှု ကျူးလွန်ရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။ မျက်မြင် တစ်ဦးကတော့ ဆိုင်ကယ်ပေါ် ပါလာသူ တစ်ယောက်က မီးပွိုင့်မိနေတဲ့ ကားကို သေနတ်နဲ့ ပစ်ပြီးတဲ့နောက် ဆိုင်ကယ်ဟာ ပါတွန်ဖက်ကို အပြင်းမောင်းထွက်သွားတယ်လို့ ပြောပါတယ်။
လောလောဆယ်တော့ ရဲတွေဟာ လုံခြုံရေး ကင်မရာ မှတ်တမ်းတွေကို ပြန်လည် စစ်ဆေးပြီး တရားခံတွေကို ခြေရာခံ ဖမ်းဆီးဖို့ လုပ်ဆောင်နေသလို ကားပေါ်မှာ ပါလာသူတွေဆီက ထွက်ချက်တွေကိုလည်း ရယူပြီး လူသတ်မှုနဲ့ အမှုဖွင့် စုံစမ်းနေကြောင်း သိရပါတယ်။
ကိုးကား- Thaiger