Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းအထက်ပိုင်းမြို့သိမ်းတိုက်ပွဲများမှာ စစ်​ရေးအရအလွန်အ​ရေးပါ​ကြောင်း NUG ကာကွယ်​ရေးဝန်ကြီးဌာန​ပြော

အမှတ်(၁) စစ်​ဒေသ​ဦး​ဆောင်မှုဖြင့်ဖော်​ဆောင်​နေ​သောမြို့သိမ်းတိုက်ပွဲများတွင် PDF၊ပကဖ အင်အား​ထောင်ချီ ပါဝင် ဆင်နွှဲ​နေ

ဒီးဒီ/People’s Spring

စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတွင် အမှတ်(၁)စစ်ဒေသ ဦး​ဆောင်မှုဖြင့် ဆင်နွှဲ​နေ​သော မြို့သိမ်းတိုက်ပွဲများမှာ စစ်​ရေးအရ အလွန်အရေးပါကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေက လူထုနွေဦးသို့ ပြောကြားသည်။

“စစ်ကိုင်းတိုင်းအထက်ပိုင်း မြို့သိမ်းတိုက်ပွဲတွေက မဟာဗျူဟာအရရော၊ ပထဝီအ‌နေ အထားအရရော၊ စစ်ရေးအရရော အင်မတန်အရေးပါတယ်လို့ ပြောလို့ရပါတယ်”ဟု ဦးမောင်မောင်ဆွေက ပြောသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသရှိ ထီးချိုင့်၊ပင်လည်ဘူး၊ အင်းတော်မြို့နယ်တို့၌ သြဂုတ်လတတိးပါတ်ကစပြီး အမှတ်(၁)စစ်ဒေသဦး​​ဆောင်မှုဖြင့် PDF တပ်ရင်း၊တပ်ဖွဲ့များ ၊ပကဖ များ ၊ KIA တို့က ပူး​ပေါင်း၍ မြို့သိမ်းတိုက်ပွဲအဖြစ် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

“စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ အင်းတော်၊ထီးချိုင့်၊ ပင်လည်ဘူးစတဲ့မြို့တွေကို မြို့သိမ်းတိုက်ပွဲအနေနဲ့ အမှတ်(၁)စစ်ဒေသရဲ့ကွက်ကဲမှုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDFတွေနဲ့ ပကဖတွေနဲ့အတူ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေနဲ့ အင်

အားစုတွေနဲ့ မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတာ ရှိပါတယ်။ တချို့နေရာတွေဆိုရင် ကျနော်တို့က အောင်အောင်မြင်မြင်နဲ့ နယ်မြေရှင်းလင်းတွေ လုပ်နိုင်ပြီဖြစ်ပါတယ်”ဟု ဦးမောင်မောင်ဆွေက ပြောသည်။

အဆိုပါဒေသများသည် အာဏာသိမ်းစစ်ကောင်စီအတွက်လည်း မဟာဗျူဟာအရ အင်မတန်အရေးပါသည်ဟု သိရသည်။

“ထီးချိုင့်ဆိုရင် ဧရာဝတီမြစ်ရဲ့အနောက်ဘက်ကမ်းမှာတည်ရှိတယ်။ ဒါပေမယ့်လည်း ဧရာတတီမြစ်ရဲ့ အရှေ့ဘက်ကမ်းမှာရှိတဲ့ မန္တလေး – ဗန်းမော် ကားလမ်းမကြီးရှိမယ်။ အဲဒီလမ်းမကြီးကို ထီးချိုင့် – ဗန်းမော် တံတားကြီးနဲ့ဆက်သွယ်ထားတယ်။ ပြီးတော့ ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ ရွှေဘို – မြစ်ကြီးနားလမ်းပိုင်းပေါ့။ အဲဒီလမ်းကိုလည်း ထီးချိုင့်က ခွပြီးတော့ တည်ရှိတာဖြစ်တယ်။ ထီးချိုင့်ဒေသကို သိမ်းပိုက်ရရှိပြီဆိုရင်ဖြင့် စကစရဲ့ ကုန်သွယ်ရေးလမ်းကြောင်းကို လုံးဝကို ဖြတ်တောက်လိုက်တာလို့ ပြောလို့ရတယ်”ဟု ၎င်းကရှင်းပြသည်။

ထီးချိုင့်ရှိ မြ​တောင်ရွာမှ စစ်​ကောင်စီတပ် ခံစစ်စခန်းများအားလုံးကို ​​တော်လှန်​ရေးတပ်များက သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သလို၊ အင်း​တော်မြို့နယ် နဘားမြို့ အနီးရှိ နဘားလမ်းဆုံကိုလည်း PDF ၊ပကဖ နှင့် KIA ပူး​ပေါင်းတပ်များကသိမ်းပိုက်ထားပြီဖြစ်​ကြောင်း​မြေပြင်မှ စစ်​ရေးရင်းမြစ်အချို့က​ပြောသည်။

အဆိုပါဒေသ မြို့သိမ်းတိုက်ပွဲများနှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ရန်ရှိသည်ဟု ၎င်းက အသိပေးသည်။

“လောလောဆယ်တချို့မြို့တွေဆိုရင် နယ်မြေရှင်းလင်းရေး လုပ်ကိုင်ဆောင်ရွက်နေတာ ရှိပါတယ်။ နဘားမှာလည်း အဲလိုပါပဲ။ နယ်မြေရှင်းလင်းရေးလုပ်ငန်းစဥ်တွေ လုပ်ကိုင်ပြီးသွားရင်ဆိုရင်တော့ သက်ဆိုင်ရာစစ်ဒေသက ဆက်လက်ပြီး သတင်းထုတ်ပြန်သွားမှာပါ”ဟု ဦးမောင်မောင်ဆွေက ပြောသည်။

အဆိုပါ အမှတ်(၁)စစ်ဒေသကို KIAက ကွက်ကဲပြီး တိုက်ပွဲများဖော်ဆောင်နေခြင်း ဖြစ်သည်။ အမှတ်(၁)စစ်ဒေသတိုက်ပွဲများအတွင်း PDF တပ်ရင်း၊တပ်ဖွဲ့အပြင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ စုစုပေါင်းအင်အား ထောင်ချီပါဝင် တိုက်ခိုက်နေသည်ဟု ဆိုသည်။

ပြီးခဲ့သည့်ရက်များကတည်းက စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသအချို့၌ တိုက်ပွဲများရှိနေပြီး ဩဂုတ် ၂၂ ရက်ကစပြီး ပင်လယ်ဘူး၊ အင်းတော်၊ အင်းတော်မြို့နယ်ရှိ နဘား၊ ထီးချိုင့်မြို့နယ် မြတောင်တို့တွင် တိုက်ပွဲများ ပြင်းထန်နေသည်ဟု ဆိုသည်။

ယင်းအနက်ထီးချိုင့်မြို့နယ် မြတောင်စစ်ကောင်စီ ဗျူဟာ၏ ကာကင်းစခန်းသုံးခုကို တော်လှန်ရေး ပူးပေါင်းတပ်များက ဩဂုတ် ၂၁ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။

ထို့အပြင် အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ရေးအရာအချက်အချာကျသော နဘားလမ်းဆုံကို KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထားပြီး အင်းတော်မြို့၌ တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။

ရွှေဘို – မြစ်ကြီးနားလမ်းပိုင်း၊ အင်းတော်မြို့လမ်းဆုံဖြစ်သည့် နဘားမြို့နယ်ခွဲရှိ နဘားလမ်းဆုံကို ဩဂုတ် ၂၂ရက်တွင်သိမ်းယူခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အင်းတော်မြို့အတွင်း ထွက်ပြေးသွားကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်း၊ မကွေးနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေ ဒီကနေ့ (သြဂုတ် ၂၃) အသီးသီး ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကိုင်း၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်းမှာ သပိတ် အဖွဲ့တွေ၊ဒေသခံပြည်သူတွေက စစ် အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (သြဂုတ် ၂၂) အသီးသီးဆန္ဒပြခဲ့ပါတယ်။

သတင်း

အင်းတော်၊ ထီးချိုင့် ၊ ပင်လယ်ဘူးဒေသများ၌ တိုက်ပွဲပြင်းထန်

သတင်း

မြန်မာပြည်သူများ၏ ​နွေဦး​တော်လှန်​ရေး ဒီမိုကရေစီတိုက်ပွဲသည် အောင်မြင်မှာ သေချာပြီး အမြန်ဆုံးအောင်ပွဲရရှိရေး နိုင်ငံတကာအသိုင်းအဝန်းက ကူညီကြရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG ခေါင်းဆောင်များက ပြောကြားလိုက်သည်။