close
Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး နောက်ဆုံးတကြိမ် အားစိုက်ရုန်းထရန် NUG ယာယီသမ္မတိုက်တွန်း

မည်သည့်အခြေအနေဖြစ်စေ လူထုနှင့်အတူရှိရန်လိုဟု တော်လှန်ရေးဘက်တော်သားများအား သတိပေး

ရှေ့တန်းPDF စခန်းတစ်ခုအား လိုက်လံကြည့်ရှု့စစ်ဆေးနေသော ယာယီသမ္မတ။ ဓာတ်ပုံ - NUG

ဟန်နွေ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့(စက်တင်ဘာ ၇ရက်)တွင် ကျရောက်သည့် ခုခံတွန်းလှန်စစ် [၃] နှစ်ပြည့် အထိမ်းမှတ်အမှာစကား ပြောကြားခဲ့ရာ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးနောက်ဆုံးတကြိမ် အားစိုက်ရုန်းထရန် တိုက်တွန်းလိုက်သည်။

” ပြည်သူလူထုနဲ့ အတူ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေးအတွက် စစ်အာဏာရှင် စနစ်ရဲ့ အဆောက်အအုံဟောင်းအားလုံးကို အတူတကွ ရှင်းလင်းသုတ်သင်ဖို့ နောက်ဆုံးတကြိမ် အားစိုက် ရုန်းထကြပါစို့”ဟု ယာယီသမ္မတက ပြောကြားသည်။

Public Service Announcement

Public Service Announcement

၂၀၂၁ စက်တင်ဘာ ၇ရက်တွင် ကြေညာခဲ့သည့် ခုခံတွန်းလှန်စစ်စတင်ပြီးနောက် သုံးနှစ်တာအတွင်း ခုခံတော်လှန်စစ်ကာလ၌ အသက်၊ ခန္ဓာပေးဆပ်မြှုပ်နှံခဲ့ကြသည့် သူရဲကောင်း အာဇာနည်အပေါင်းကို အလေးအမြတ်ပြုကြောင်း ပြောကြားပြီး ယခုခုခံစစ်သည် အတိက ဖြတ်သန်းခဲ့သည့် တော်လှန်ရေးသမိုင်းတိုထက် ပိုမိုကျယ်ပြန်သည့် ဘက်ပေါင်းစုံ အလွှာပေါင်းစုံ ပါဝင်သည့် လူထု တော်လှန်ရေးဆင်နွှဲနေခြင်းဖြစ်ကြောင်း အသိပေးသည်။

“ခုခံတော်လှန်စစ် ကြေညာတဲ့ (၃)နှစ်တာကာလ ပြည့်မြောက်တဲ့ အချိန်ကာလမှာ၊ ခုခံတော်လှန်စစ်မှသည် မဟာဗျူဟာမြောက်စစ်ရေးထိုးစစ်သို့ အသွင်ကူးပြောင်းလာနိုင်ပြီ ဖြစ်တယ်။ နိုင်ငံ့ရဲ့ နယ်နိမိတ်အတွင်းမှာ ရှိတဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုအသီးသီးကလည်း မိမိတို့ နယ်ပယ်ဒေသတွေမှာ လွတ်မြောက်ဒေသနဲ့ ထိန်းချုပ်နယ်မြေတွေကို ဖော်ဆောင်နိုင်ရုံမျှမက၊ တိုင်းရင်းသားအင်အားစုအချင်းချင်း ပူးပေါင်းတည်ဆောက်ထားတဲ့ စစ်ရေးမဟာမိတ်တပ်ပေါင်းစုတိုက်ပွဲတွေကိုလည်း ကျယ်ပြန့်စွာ ဖော်ဆောင်ထားနိုင်ပြီး ဖြစ်ပါတယ်”ဟုလည်း ယာယီသမ္မတက ပြောသည်။

ထိုအခြေအနေတွင် စစ်ကောင်စီက အရပ်သားပစ်မှတ်များကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု အဆက်မပြတ် လုပ်ဆောင်လာကြောင်း၊ ပြည်သူများ၏ ခုခံစစ်အတွင်း စစ်ကောင်စီသည် မြေပြင်ကြည်းတပ်အင်အား ယိုင်နဲ့ကာ တအိအိ ပြိုကျနေသည်မှာ အထင်အရှားဖြစ်ကြောင်း ယာယီသမ္မတက ပြောသည်။

စစ်ကောင်စီက အရပ်သားပစ်မှတ်များကိုဦးတည် လေကြောင်း တိုက်ခိုက်ကာ အရှုံးကိုဖာထေးရန် ကြိုးစားနေသော်လည်း တရားသော ခုခံတော်လှန်စစ်သည် အဆုံါ်သတ်၌ မုချ အနိုင်ရမည်ဟု ယုံကြည်ကြောင်း ယာယီသမ္မတက ပြောသည်။

“အဆုံးသတ်အချိန်မှာ၊ လူထုတရပ်လုံးရဲ့ အထွေထွေ အောင်ပွဲအရပ်ရပ်ဟာ ပြည်သူလူထုအားလုံးဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာမှာ ဖြစ်တယ်။ လက်ရှိ ခုခံတော်လှန်စစ်လှိုင်းလုံးတွေဟာ တရိပ်ရိပ်နဲ့ စစ်အာဏာရှင်ယန္တရားအသီးသီးကို တိုက်စားဖြိုဖျက်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးအတွက် ပုဒ်မ (။) ချပေးနိုင်ပါလိမ့်မယ်။ ဒါဟာ အပြောမဟုတ်ဘဲ ခုခံတော်လှန်စစ် (၃) နှစ်တာကာလမှာ အလုပ်နဲ့ သက်သေပြပြီး ဖြစ်တယ်။ ဆက်လက်ပြီးတော့လည်း ကာယကံမြောက် ပေါ်ထွက်လာမယ့် လူထုအောင်ပွဲတွေကို ထပ်မံ ဖော်ထုတ်နိုင်ဖို့ ရှိနေတယ်”ဟု ယာယီသမ္မတက အသိပေးသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ အနေဖြင့်လည်း တော်လှန်ရေး အနှစ်သာရကို ထိန်းသိမ်းစောင့်ရှောက်ရန် အထူးလိုအပ်ကြောင်း ယာယီသမ္မတက မှာကြားသည်။

” တော်လှန်ရေးကျင့်ဝတ်နဲ့ တရားသောစစ်ရဲ့ ကျင့်ဝတ်တွေကို လေးစားလိုက်နာပြီး ပြည်သူလူထုရဲ့ အသက်အိုးအိမ်နဲ့ စည်းစိမ်ကို မိမိတို့အသက်နဲ့ ထပ်တူ ကာကွယ်စောင့်ရှောက်ကြဖို့ ဖြစ်တယ်။ လူထုရဲ့ နှလုံးသည်းပွတ်ကို ပိုင်စိုးနိုင်သူဟာ တော်လှန်ရေးအောင်ပွဲရဲ့ ပဲ့ကိုင်ရှင် ဖြစ်နိုင်တယ်ဆိုတာ မမေ့အပ်ဘူး။ ခုခံတော်လှန်စစ်မှာ တော်လှန်ရေးခံယူချက်၊ တော်လှန်ရေးယုံကြည်ချက်ကို မြဲမြံစွာနဲ့ မိမိတို့ ကျရာ အခန်းကဏ္ဍကနေ အလွှာအသီးသီး၊ နယ်ပယ်အသီးသီးနဲ့ ကဏ္ဍအသီးသီးကနေ ပါဝင်ထမ်းရွက်နေကြတဲ့ တော်လှန်ရေးတပ်သားအပေါင်းကို လေးမြတ်စွာ ဦးညွှတ်ကြောင်း ပြောချင်တယ်”ဟု ယာယီသမ္မတက ပြောသည်။

ထို့အပြင် မတူကွဲပြားမှုများကို အချင်းချင်း အကြား အသိအမှတ်ပြုပြီး ဘုံရန်သူ အမြစ်ပြတ်အောင် တွန်းလှန်တိုက်ထုတ်ကြရန် ယာယီသမ္မတက ပြောသည်။

“စစ်အာဏာရှင်ရဲ့ အကျင့်စရိုက်တွေဟာ ခေတ်စနစ်ထဲမှာ အရိုးစွဲအောင် အမြစ်တွယ်နေတာဖြစ်ခြင်းကြောင့်၊ ရုပ်ပိုင်းဆိုင်ရာ တော်လှန်ရေးအပြင် နာမ်ပိုင်းဆိုင်ရာ တော်လှန်ရေးဖြစ်တဲ့ စနစ်အရ တော်လှန်ခြင်း၊ ဓလေ့အရ တော်လှန်ခြင်းနဲ့ အတွေးအခေါ်အရ တော်လှန်ခြင်းတွေအထိပါ ကျယ်ပြန့်အောင် လုပ်ဆောင်ဖို့ တိုက်တွန်းလိုပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

လက်နက်ကိုင်လမ်းစဉ်အရသော်လည်းကောင်း၊ နိုင်ငံရေးလမ်းစဉ်အရသော်လည်းကောင်း၊ လူထုလမ်းစဉ်အရသော်လည်းကောင်း စစ်အာဏာရှင်စနစ်ကို အမြစ်လှန်တော်လှန်သည့် တော်လှန်ရေး ဒီရေမုန်တိုင်းဖြစ်သောကြောင့် စစ်အာဏာရှင် စနစ်၏ အဆောက်အအုံဟောင်းများအားလုံး အပြီးသတ် ရှင်းလင်း အောင် ဖြိုချသန့်စင်ပစ်ရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ထို့ကြောင့် နွေဦးတော်လှန်ရေးဘက်တော်သားအားလုံး အနေဖြင့် မည်သို့သော အခြေအနေတွင်မဆို လူထုနှင့်တသားတည်း ရှိရေး လိုအပ်ကြောင်း ယာယီသမ္မတက မှာကြားသည်။

“လူထုနဲ့ အတူ ရှိရေးဟာ တော်လှန်ရေးရဲ့ အခြေခံအမူအကျင့် ဖြစ်ဖို့ အထူးလိုအပ်တယ်။” ဟု ယာယီသမ္မတက ပြောကြားသည်။

(ရှေ့တန်းPDF စခန်းတစ်ခုအား လိုက်လံကြည့်ရှု့စစ်ဆေးနေသော ယာယီသမ္မတ။ ဓာတ်ပုံ – NUG)

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမည်ခံ အကြမ်းဖက်စစ်အုပ်စုကို တိုင်းပြည်နှင့် ပြည်သူလူထု၏ ရန်သူ(Enemy of the State)အဖြစ် သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ယနေ့(စက်တင်ဘာ ၅ရက်)ထုတ်ပြန်ကြေညာလိုက်သည်။

သတင်း

စစ်ကောင်စီ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟို အဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ်သတ်မှတ်ပြီး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် အကြမ်းဖက်သမားများဖြစ်ဟု ဖော်ပြ

သတင်း

အိမ်နီးချင်းနိုင်ငံအပါအဝင် နိုင်ငံအားလုံး အနေဖြင့် စစ်အာဏာရှင်တိုက်ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေး တိုက်ပွဲဝင်နေသည့် မြန်မာပြည်သူများ၏ ပြင်းပြသည့် ဆန္ဒများကို လေးစားပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောကြားသည်။

သတင်း

မြန်မာပြည်သူများ၏ ပြင်းပြသည့် ဆန္ဒများကို အိမ်နီးနားချင်းနိုင်ငံများအပါအဝင် နိုင်ငံအားလုံးက လေးစားပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းပြောကြားသည်။