close
Connect with us

Hi, what are you looking for?

သတင်း

တောင်ခမ်း မစခ (၉၀၂) တွင် တိုက်ပွဲပြင်းထန်​နေ

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီ၏ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)၌ တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။

ဒီးဒီ၊ဟန်​နွေ /People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီ၏ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)၌ တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။

နောင်ချိုမြို့တောင်ဘက် ဒုဋ္ဌဝတီမြစ်ကူးတံတား အနောက်ဘက်၌ရှိသော တောင်ခမ်းကျေးရွာ၌ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)နှင့် ယင်းလက်အောက်ခံ အမြောက်တပ်ရင်း သုံးရင်းဖြစ်သော အမတ(၃၅၄)၊ အမတ (၂၀၆)၊ အမ(၄၀၆)တို့တည်ရှိပြီး လက်ရှိတွင် မစခ-၉၀၂၌ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။ မစခ-၉၀၂ သည် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) နယ်မြေအတွင်း တစ်ခုတည်းသော အမြောက်တပ်ကွပ်ကဲမှုဌာနချုပ်ဖြစ်ပြီး ၎င်း၏ လက်အောက်တွင် အမြောက်တပ်ရင်း ၁၃ ရင်းရှိသည်။

Public Service Announcement

Public Service Announcement

တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီအမြောက်တပ်ရင်း (၂)ခု ဖြစ်သည့် အမတ(၄၀၆)နှင့် အမတ(၂၀၆)တို့ကို သြဂုတ် ၂၈ရက်တွင် သိမ်းပိုက်နိုင်ခဲ့ပြီးဟု တအာင်းတပ်မတော်(TNLA)က သြဂုတ် ၂၉ရက်တွင် ထုတ်ပြန်ထားသည်။ အဆိုပါထုတ်ပြန်ချက်အပြီးတွင် တိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး ထပ်မံအသိပေးထားခြင်း မရှိသေး​ပေ။ TNLA ကသတင်းထုတ်ပြန်ခြင်းမရှိ​သော်လည်း ​တောင်ခမ်းမှ စစ်တပ်လက်ကျန်တပ်ရင်းများကို ပူး​ပေါင်းတပ်များနှင့်အတူ ထိုးစစ်ဆင်တိုက်ခိုက်​နေခြင်းဖြစ်သည်။

ယမန်နေ့(စက်တင်ဘာ ၁ရက်) ညနေပိုင်းကစ၍ တစ်ညလုံးတိုက်ပွဲပြင်းထန်ရာ ယနေ့( စက်တင်ဘာ ၂ရက်)နေ့ခင်းပိုင်းတွင် ခဏရပ်နားပြီး ယခုညနေပိုင်းတွင် တိုက်ပွဲပြန်လည်ဖြစ်ပွားနေသည်ဟု နောင်ချိုမြို့ ဒေသခံများက ပြောသည်။

“ညက တစ်ညလုံးပွဲကြမ်းတယ်။ နေ့ခင်းတော့ နားပြီး အခုပြန်ချနေကြပြီ”ဟု နောင်ချိုမြို့ခံတစ်ဦးက ပြောသည်။

အခြားနောင်ချိုမြို့ခံတစ်ဦးကလည်း ယနေ့နေ့ခင်းပိုင်းတွင် နှစ်ဖက်အင်းအားဖြည့်တင်းမှုပြုလုပ်ကြသည်ဟု ကြားသိရကြောင်း ပြောသည်။

“တောင်ခမ်းက ရတော့မှာပါ။ အပြီးသတ်ကျန်နေတာ ထင်တယ်”ဟု ၎င်းက ပြောသည်။

ထို့အပြင် အဆိုပါတိုက်ပွဲဖြစ်ပွားရာ တောင်ခမ်းကျေးရွာသို့ ပြင်ဦးလွင်မြို့ အခြေစိုက်သိပ္ပံနှင့် သုတေသနနည်းပညာဌာနချုပ်(သသန)တပ်ရင်းမှ လက်နက်ကြီးများဖြင့် စက်တင်ဘာ ၁ ရက်ညက တစ်ညလုံး ပစ်ခတ်ခဲ့သည်ဟု ပြင်ဦးလွင်မြို့ခံများက ပြောသည်။

ယ​နေ့ (စက်တင်ဘာ ၂) ညနေ ၅နာရီခန့်စပြီး လက်နက်ကြီးပစ်သံများပြန်ကြားရသည်ဟုလည်း ဆိုသည်။

” ဒီတခါကြားရတဲ့ အသံက အရင်လိုမဟုတ်ဘူး။ အိမ်တံခါးတွေပါ တုန်တယ်။ လက်နက်ကြီး အသစ်ရောက်လာပြီး ပစ်နေတာ ထင်တယ်”ဟု ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောသည်။

တောင်ခမ်းတိုက်ပွဲနှင့်ပတ်သက်ပြီး စစ်ကောင်စီ၏ ဝါဒါဖြန့်တယ်လီဂရန်ချန်နယ်များကလည်း ရန်သူ(တော်လှန်ရေးတပ်)များက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသည်ဟု ဖော်ပြနေသည်။ ရပ်စောက်ကလာသည့် စစ်ကူလမ်းကြောင်းကိုလည်း တော်လှန်ရေးတပ်များက စတင်ဖြတ်တောက်လိုက်ပြီး မိမိတို့တပ်များပိတ်မိသွားဟု ရေးသားနေကြသည်။

အမြောက်တပ်ရင်းများရှိရာ တောင်းခမ်းရွာအနီးရှိ စစ်ကောင်စီတပ်များအား တော်လှန်ရေးတပ်များက ထိုးစစ်တင်တိုက်ခိုက်နေသည်မှာ ဇူလိုင်လကုန်ပိုင်းကတည်းကဖြစ်ပြီး ယခုရက်ပိုင်းအတွင်း၌ တောင်းခမ်းရွာရှိ အမြောက်တပ်ရင်းများအား ဦးတည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သြဂုတ် ၂၅ရက်ကစပြီး တိုက်ပွဲပြင်းထန်နေသည်။

တောင်းခမ်းကျေးရွာသည် နောင်ချိုမြို့မှ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့သို့သွားသောလမ်းပိုင်းပေါ်တွင်တည်ရှိပြီး နောင်ချိုမြို့မှ ဆုတ်ခွာထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများကအဆိုပါရွာတပ်စခန်းများ၌အထိုင်ချထားသည်။

ထို့အပြင် ရှမ်းတောင်မှ အင်အားဖြည့်တင်းသော စစ်ကောင်စီတပ်သားများအပြင် ရဟတ်ယာဉ်ဖြင့် ပို့ဆောင်သော စစ်ကောင်စီတပ်သားများလည်း တောင်းခမ်း၌ ရောက်ရှိနေသည်။ ထိုမှတဆင့် နောင်ချိုနှင့် ကျောက်မဲမြို့များအား ပြန်လည်ထိုးစစ်ဆင်ရန် စစ်ကောင်စီက ပြင်ဆင်နေခြင်းဖြစ်သည်။

စစ်​ရေးသတင်းများ၊စစ်​ရေးသုံးသက်ချက်များ​ရေးသား​ဖော်ပြ​ပေး​နေသည့် CDM ဗိုလ်ကြီးဇင်​ယော် က “ဒီ​တောင်ခမ်းတပ်နယ် ရသွားပြီဆိုရင် ပြင်ဦးလွင်ဘက်ကိုလည်း ဝက်ဝံဘက်ကသွားလို့ရသလို ၊ ​နောင်ချိုဘက်က​နေလည်းတည့်လာလို့ရတယ် ။ပြီးရင် မတ္တရာဘက်က​နေလည်း လာလို့ရတယ် ဆို​တော့ စစ်မျက်နှာအလုံးအရင်းနဲ့ ဝင်လာလို့ ရတဲ့ အ​​နေအထားမျိုး​ပေါ့ ။ပြီးရင်​​တောင်ခမ်းကရပ်စောက်​၊ ကျောက်ဂူဘက်ထိ့ ရှမ်း​တောင်အထိ့လမ်းပွင့်သွားမယ့် အ​နေအထားမျိုးလို့​ပြောရမှာဖြစ်ပါတယ် ဗျ။”ဟု သူ၏အမြင်ကို​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

သီပေါမြို့တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်၍ အမျိုးသမီးတစ်ဦး ထပ်မံသေဆုံး

သတင်း

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဘက်ထိခိုက်မှုရှိကြောင်း သတင်းရရှိသည်။

သတင်း

ပဲခူးတိုင်း၊ မင်းလှမြို့နယ် ၊ ဆားချောင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးအပါအဝင် ခုနစ်ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် အမှတ်(၃)တပ်ရင်း(MDF - Special Force)ထံမှ သတင်းရရှိသည်။

သတင်း

စစ်ကောင်စီက လေကြောင်းမှ လက်နက်ခဲယမ်း ၈၅ထုပ်ကြဲချဖြည့်တင်းဟု TNLAအသိပေး