ဇေအောင်/People’s Spring
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဘက်ထိခိုက်မှုရှိကြောင်း သတင်းရရှိသည်။
ယမန်နေ့(စက်တင်ဘာ ၁ရက်) နံနက် ၅နာရီခွဲခန့်က ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
“တိုက်ပွဲက တစ်နာရီခွဲ၊ နှစ်နာရီလောက်ကြာတယ်။ စခန်းထဲမှာရှိတဲ့ခွေးတွေလည်း တော်တော် သေတယ်။ အနည်းအကျဥ်းလောက်ပဲကျန်တော့တာ။ လေယာဥ်ပစ်ကူလည်းလာတော့ PDFဘက်က စခန်းသိမ်းတဲ့အထိမလုပ်နိုင်ခဲ့ဘူး။”ဟု မြို့သာဒေသခံတစ်ဦးက ပြောသည်။
တံတားဦးနှင့် ငါန်းဇွန်မြို့ဘက်မှလည်း စစ်ကူများရောက်ရှိလာပြီး စစ်ကူလာသည့် အင်အား ၃၀ခန့်ပါ စစ်ကောင်စီယာဥ်တစ်စီးကို ဖြတ် တောက်တိုက်ခိုက်ခဲ့ရာ အထိအခိုက်များကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ဆိုသည်။
ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များဘက်က ရဲဘော် ၄ ဦးခန့်ကျဆုံးခဲ့သည်ဟုသိရပြီး အတည်ပြုနိုင်ခြင်းမရှိသေးပေ။ သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး လက်တလောပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
မြို့သာရဲစခန်းသည် မြင်းခြံ-တံတားဦးလမ်းပေါ် တွင်တည်ရှိပြီး တော်လှန်ရေးအဖွဲ့များက လက်နက်ကြီး၊ငယ်များဖြင့် ပစ်ခတ်ခြင်း၊ စခန်းရှေ့ မိုင်းခွဲခြင်း၊ ဒရုန်းဖြင့်ဗုံးချခြင်းများဖြင့် မကြာခဏ တိုက်ခိုက်ခဲ့ဖူးသည်။
မြို့သာရဲစခန်းအား ၂၀၂၃အတွင်းကလည်း တော်လှန်ရေးအဖွဲ့များက နှစ်ကြိမ်တိုက်ခိုက်ခဲ့သေးသည်။
သြဂုတ် ၁၉ ရက်ကလည်း ငါန်းဇွန်မြို့နယ်ရှိ ငါန်းမြာကြီးရဲစခန်းအား PDFများ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
မြင်းခြံခရိုင် အထူးစစ်ဆင်ရေး Myingyan District Special Operation (MDSO)စတင်ပြီးနောက် တစ်ပတ်နီးပါးအကြာ သြဂုတ် ၁၆ ရက်မှစတင်ကာ ငါန်းဇွန်မြို့နယ်အတွင်း မြို့သာစက်မှုဇုန်နှင့် တောင်ရွာဘိုရွာဝန်းကျင်တို့၌လည်း တိုက်ပွဲ ၂ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
အဆိုပါ စစ်ဆင်ရေးအား သြဂုတ် ၁ဝရက်မှစတင်ကာ နွားထိုးကြီး၊ မြင်းခြံနှင့် တောင်သာမြို့များ၌ စစ်ဆင်ရေးများဖော်ဆောင်ခဲ့သည်။