ရဲခေါင်/People’s Spring
မိုးအဆက်မပြတ်ရွာနေ၍ လျှပ်တပြတ်ရေကြီး၊မြေပြိုခြင်းများကြုံတွေ့မှုအတွက် အရေးပေါ်အသိပေးချက်များကို ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)က ယနေ့ ထုတ်ပြန်သည်။
ရေဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ လျော့နည်းသက်သာစေရန် ပြည်သူများအနေဖြင့် ယခုထုတ်ပြန်ချက်များကို ပူးပေါင်း ဆောင်ရွက်ပေးရန်လည်း တိုက်တွန်းထားသည်။
အရေးပေါ်သတိပေးချက်များအရ ပြည်သူများအနေဖြင့် ဘေးအန္တရာယ်ဖြစ်နိုင်ခြေများနှင့်အိမ်၏ ကြံ့ခိုင်မှုကို စစ်ဆေးရန်၊မိသားစုများအရေးပေါ်ပြောင်းရွှေ့ရန်နေရာ၊လမ်းကြောင်းများနှင့် မိသားစု ဆုံရပ်ကိုကြိုတင်သတ်မှတ်ရန်၊ရေစိုပျက်စီးနိုင်သော ပစ္စည်းများကို ခြောက်သွေ့၍ မြင့်သောနေရာတွင် ထားရန် ဖော်ပြထားသည်။
ထို့အပြင် ပတ်ဝန်းကျင်ရှိမြစ်ချောင်းများ၏ အန္တရာယ်ရှိနိုင်သော ရေကြီးမှုအမြင့်ပေကို သိရှိမှတ်သားရန်၊သောက်သုံးရေကြိုတင်စုဆောင်းရန်၊အရေးပေါ်သုံး ပစ္စည်းများနှင့် အသက်ကယ်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ရန် IEC က ဆိုသည်။
သက်ဆိုင်ရာက ထုတ်ပြန်သော အရေးပေါ်သတိ ပေးချက်များကို အစဥ်မပြတ်နားထောင်၍ အကြံပြုချက်များကို လိုက်နာရန်နှင့် အခြားသူများကို မျှဝေရန်၊အရေးပေါ်သုံးပစ္စည်းများ၊စားနပ်ရိက္ခာများနှင့် အရေး ကြီး စာရွက်စာတမ်းများမိမိနှင့်အတူ ထားရှိရန်၊မိသား စုဝင်များကွဲကွာသွားပါက ပြန်လည်ဆက်သွယ်နိုင်သည့်အချက်အလက်များကို မှတ်သားထားရန် နှင့် မြို့နယ်၊ကျေးရွာအုပ်စုနှင့်ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များကို ဆက်သွယ်၍ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခိုလှုံရန်လည်း IEC က တိုက်တွန်းထားသည်။
“ရှမ်းတောင်နဲ့ ကရင်နီဘက်မှာ မိုးရွာသွန်းမှုများတယ်။တချို့နေရာမှာမြေပြိုလို့ လမ်းတွေပိတ်ဆို့တာရှိသလို ရေကြီးနေတာတွေရှိတယ်။အဲဒါတွေကို ကယ်ဆယ်နေတာ၊ရွှေ့ပြောင်းနေတာတွေ လုပ်နေတယ်။နောက် တီကျစ်ဘက်မှာ မြေပြိုလို့ လူသေဆုံးတာရှိတယ်။ကနဦသတင်း အရ ခြောက်ဦးဆိုပေမယ့် သုံးဦးကိုပဲ အတည်ပြုနိုင်သေးတယ်”ဟု IECအတွင်းရေးမှူး ဦးဗညားက လးထုနွေဦးသို့ ပြောသည်။
ရေကြီးပြီးနောက် မိသားစုဝင်များပျောက်ဆုံးကွဲကွာမှုများရှိပါက သက်ဆိုင်ရာသို့အကြောင်းကြားရန်၊ အန္တရာယ်ရှိနိုင်သော သစ်ပင်၊သစ်ကိုင်းများကို ရှောင်ရှားရန်၊ရေကြီးပြီးနောက်ဆက်တွဲ ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်နှင့် ကူးစက်ရောဂါများကို ဂရုစိုက်ရန်၊ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင်ရန်နှင့် သက်ဆိုင်ရာမှ ထုတ်ပြန်ကြေညာချက်မဟုတ်သည့် ကောလာဟလသတင်းများ မယုံရန် IEC က သတိပေးသည်။
ရေးဘေးအန္တရာယ်နှင့် ပတ်သက်၍ IEC ၏ ပြည် ထဲရေး ဌာန +66951901790 သို့ ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်းလည်း ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ကရင်နီပြည်နယ်အတွင်း ရေကြီးမှုနှင့် မြေပြိုခြင်းတို့ကြောင့် သေဆုံးသူခြောက်ဦးရှိလာကြောင်း ကယန်းအမျိုးသမီအစည်းအရုံး (KyWO)က ယနေ့ အသိပေးထုတ်ပြန်ထားသည်။
မြေပြင်တွင် ပြည်သူများထိခိုက်သေဆုံးမှုနှင့် အိုးအိမ်ပျက်စီးဆုံးရှုံးမှုများ ယခုထက်များနိုင်ကြောင်းလည်း အသိပေးသည်။
စက်တင်ဘာ ၁၀ရက်ကစ၍ ယနေ့အထိ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကယန်းဒေသနှင့် ကရင်နီပြည်အတွင်း ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းတို့ နေရာအနှံ့ဖြစ်ပွားနေသည်ဟု ဆိုသည်။
ထိုသို့ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လူထုများ၏ အိုး၊အိမ်၊တဲများ ရေလွှမ်း ခြင်း၊ လယ်ယာများပျက်စီးခြင်း၊ အသက်ဆုံးရှုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းတို့ ကြုံတွေ့ခဲ့ကြောင်း ဖော်ပြသည်။
“အခုလက်ရှိ ကတော့ မိုးအဆက်မပြတ်ရွာသွန်းနေတယ်။စစ်ရှောင်တွေရဲ့ တဲတွေလည်းပါနေတာရှိသလို စိုက်ခင်းများ ပျက်စီးသွားပြီ။ပြီးတော့ သေဆုံးတဲ့ အရပ်သားတွေရှိတယ်။ ဒီးမော့ဆို ပဲ”ဟု ကရင်နီလူမှုကူညီရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
ကယန်းအမျိုးသမီးအစည်းအရုံး(KyWO)က လက်လှမ်းမီသိရှိရသော စာရင်းအရ ကရင်နီပြည်အတွင်းတွင် သေဆုံးသူ ခြောက်ဦးနှင့် ဒဏ်ရာရသူ နှစ်ဦး၊ နေအိမ်၊တဲပျက်စီးမှု ၄၀ ခန့်ရှိသည်ဟု ဆိုသည်။
လက်ရှိတွင် နိုင်ငံနေရာအနှံ့ မိုးများ၍ ရေကြီးနေပြီး ကရင်နီပြည်နယ်အပါအဝင် အခြားဒေသများတွင်လည်း လူသေဆုံးမှုရှိသည်အထိ ဖြစ်ပေါ်နေသည်။
တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံသို့ဝင်ရောက်ခဲ့သော ယာဂီမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံ
တွင် လက်တလောတွင် မိုးကြီးနေသည်။
မနက်ဖြန်မွန်းတည့်ချိန်အထိ ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့်ဟု မိုးလေဝသပညာရှင်များက ခန့်မှန်းထားသည်။