သုည/People’s Spring
စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (စက်တင်ဘာ ၁၂)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက အာဏာသိမ်းစစ်တပ်နဲ့ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ်မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစုတွေ စုပေါင်းကာ လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
အဆိုပါလှုပ်ရှားမှုကို “1027 second wave is our future ၁၀၂၇ ဒုတိယလှိုင်းသည် ကျွန်ုပ်တို့ အနာဂတ်ဖြစ်ပါသည်” စာသားနဲ့အတူ “ဘူးသပိတ်ဆင်နွှဲ ဖက်ဆစ်ဖြိုလှဲ” စတဲ့ စာသားတွေကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ၁ဝ၂၇ စစ်ရေးလှိုင်းကို ကြိုဆိုထောက်ခံပြီး စစ်တပ်ထုတ်ကုန်မှန်သမျှ ဝယ်ယူမသုံးစွဲကြဖို့ စစ်ကောင်စီထံ စီးဝင်နေတဲ့ ဝင်ငွေရလမ်းတွေကို တားစီးဖြတ်တောက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်းက ကျေးရွာ ၅ ရွာက စျေးထဲမှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ၊ လူထုစည်းရုံးရေးဆပ်ကော်မတီမှ လူငယ်တွေက စစ်တပ်ထုတ်ကုန် မသုံးစွဲရေး လှုံ့ဆော်မှုတွေကို ပြုလုပ်ခဲ့ပါတယ်။
လူငယ်တွေဟာ လောင်းလုံးစျေးထဲက လူစည်ကားရာ နေရာတွေမှာ စစ်တပ်ထုတ်ကုန် Mytel မသုံးစွဲရေး အသိပေးစာတွေ လိုက်ကပ်ခဲ့ပြီး လှုံ့ဆော်တာတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်၊ DDMSC