close
Connect with us

Hi, what are you looking for?

သတင်း

PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ အဖွဲ့မှနှုတ်ထွက်ကြောင်း ကြေညာ

PNLOသည် စစ်ကောင်စီ၊ PNOတို့ကို ဆန့်ကျင်တိုက်ခိုက်နေ၍ နှုတ်ထွက်ခြင်းဖြစ်ကြောင်းဖော်ပြ

PNLOနာယကအဖြစ် တာဝန်ယူခဲ့သည် ဗိုလ်မှူးကြီးခွန်ဥက္ကာ(ခေါင်းပေါင်းအနီဖြင့်)အား စစ်ခေါင်းဆောင် မင်းအောက်လှိုင်နှင့်အတူ တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဟန်နွေ/People’s Spring

စစ်ကောင်စီနှင့် လက်အောက်ခံပြည်သူ့စစ် PNO တို့ကို ဆန့်ကျင်တိုက်ခိုက်နေသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)မှ နှုတ်ထွက်ကြောင်း PNLOနာယက အဖြစ် တာဝန်ယူခဲ့သည် ဗိုလ်မှူးကြီးခွန်ဥက္ကာက ကြေညာချက် ထုတ်ပြန်သည်။

PNLOက စစ်ကောင်စီနှင့်တွေ့ဆုံသည့် အပစ်ရပ်အဖွဲ့တွင် ကိုယ်စားလှယ်စေလွှတ်ထားခြင်းမရှိဟု စက်တင်ဘာ ၁၄ရက်တွင် ထုတ်ပြန်ကာ အဖွဲ့ ဦးဆောင်မှုကို ဥက္ကဋ္ဌအပါအဝင်ခေါင်းဆောင် ၅ဦး၏ အဆုံးအဖြတ်သာ အတည်ဖြစ်သည်ဟု အသိပေးပြီးနောက် ဦးဆောင်နာယက အဖြစ်တာဝန်ယူထားသည့် ဗိုလ်မှူးကြီးခွန်ဥက္ကာ၏ စာ ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါ စာတွင် ရက်စွဲကို စက်တင်ဘာ ၁၀ရက်ဟုရေးသားထားခြင်းဖြစ်သော်လည်း PNLO၏ ထုတ်ပြန်ချက် ထွက်ပေါ်ပြီးမှ ဗိုလ်မှူးကြီးခွန်ဥက္ကာ၏ ကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါ ကြေညာချက်တွင် လက်ရှိ PNLO ဥက္ကဋ္ဌ ဗိုလ်ချုပ်ခွန်သူရိန်သည် စုပေါင်းဦးဆောင်မှုအရ မဟုတ်ဘဲ တစ်ဦးတစ်ယောက်သဘောထားဆန္ဒဖြင့် မူဝါဒ အလွဲသုံးစားပြုလုပ်ကြောင်း စွပ်စွဲထားသည်။

Public Service Announcement

Public Service Announcement

သို့ရာတွင် PNLO၏ ထုတ်ပြန်ချက်တွင် စက်တင်ဘာ ၁၁ရက် ဗဟိုအလုပ်အမှုဆောင်အထူး အစည်းအဝေး၌ PNLO အဖွဲ့ချုပ်ကို ဆက်လက်ဦးဆောင်ရန် ဥက္ကဋ္ဌ အဖွဲ့ ၃ဦး၊ အထွေထွေအတွင်းရေးမှူး၊ ဗဟို အလုပ်အမှုဆောင်ကော်မတီ ၁ဦးစုစုပေါင်း ပုဂ္ဂိုလ်၅ဦးတို့အား တာဝန်ပေးခဲ့ကြောင်း ဖော်ပြထားသည်။ ယင်းဆုံးဖြတ်ချက်ကို ဗဟိုကော်မတီဝင်များ၏ သဘောထားရယူခဲ့ရာ ကော်မတီဝင် ၈၄ ရာခိုင်နှုန်းက ထောက်ခံသည်ဟု သဘောထားပေးခဲ့သည်ဟုလည်း အသိပေးထားသည်။

ထိုသို့ ခေါင်းဆောင် ၅ဦးကို တာဝန်ပေးရမသည့် အဓိက အကြောင်းအရင်းမှာ စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်ရေး ပြန်စတင်ချိန်တွင် အချို့ခေါင်းဆောင်များက ၎င်းတို့ ခံယူချက်အရ လက်နက်ကိုင် တော်လှန်ရေး၌ မပါဝင်ဘဲ နဂိုရ် သွားနေသည့်လမ်းကြောင်းအတိုင်း သွားနေသည့် ခေါင်းဆောင်အချို့ရှိနေ၍ဖြစ်သည်ဟု အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးခွန်အောင်မန်းက ပြောသည်။ ဗိုလ်မှူးကြီးခွန်ဥက္ကာ သည်လည်း စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နေသူဖြစ်သည်။

” အဲဒါကြောင့်လည်း ကျနော်တို့ လက်နက်ကိုင် တော်လှန်ရေး ပြန်စပြီးနောက်ပိုင်းမှာ တချို့သော ခေါင်းဆောင်တွေက စစ်ကောင်စီနဲ့ သွားရောက် တွေ့ဆုံတဲ့ အနေအထားတွေလည်းရှိခဲ့တာပေါ့။ အဲဒီလို တွေရှိတဲ့အခါကျတော့ ကျနော်တို့ အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်မှု ပြန့်ကြဲနေတဲ့ အနေအထားဖြစ်တာကို ကျစ်ကျစ်လစ်လစ်ဖြစ်အောင် ဗဟို အလုပ်အမှုဆောင်အထူးအစည်းအဝေးကနေ ဒီကာလတစ်ခုမှာ ဦးဆောင်ပေး ဖို့ တာဝန်ပေးခဲ့တာဖြစ်တယ်”ဟု ဗိုလ်မှူးကြီး ခွန်အောင်မန်းက ပြောကြားထားသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာ၏ ကြေညာချက်တွင် လက်ရှိ ဥက္ကဋ္ဌ ဖြစ်သူသည် NCAမှ သွေဖီချိုးဖောက်ပြီး ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လာခြင်း၊ စစ်ရေးဖော်ဆောင်လာခြင်း၊ ပြည်သူ့စစ်ဖြစ်သည့် PNO/PNA နှင့် စစ်ကောင်စီကို ရန်သူသတ်မှတ်၍ ဆန့်ကျင်တိုက်ခိုက်ခြင်း၊ ဆီဆိုင်မြို့ အပါအဝင် မဲနယ်တောင်ဒေသအတွင်း မြို့ပြကျေးရွာများ ပျက်စီးဆုံးရှုံးစေခြင်းနှင့် ပအိုဝ်းပြည်သူများ စစ်ပြေးစစ်ရှောင် များပြားစေခြင်းတို့ကို မျက်ဝါးထင်ထင်တွေ့လာရသည်ဟု ဖော်ပြသည်။ သို့ရာတွင် ပအိုဝ်းဒေသ မြို့ရွာများအား စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ပျက်စီးခဲ့ရသည့် အခြေအနေကို ဗိုလ်မှူးကြီးခွန်ဥက္ကာ၏ ကြေညာချက်၌ ဖော်ပြမထားပေ။

အထက်ပါ အခြေအနေများကြောင့် PNLOမှ အပြီးအပိုင် နှုတ်ထွက်လိုက်ကြောင်းဆုံးဖြတ်လိုက်ရပြီးနောက်နောင် PNLO ၏ လုပ်ဆောင်မှု အ၀၀သည် မိမိနှင့် လုံး၀ သက်ဆိုင်တော့မည် မဟုတ်ကြောင်း သိစေအပ်သည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ကြေညာသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာ၏ ကြေညာချက်တွင် PNLO(ခွဲထွက်)ဟု ရေးသားဖော်ပြထားခြင်းဖြစ်သည်။

PNLO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးခွန်အောင်မန်းကမူ ဗိုလ်မှူးကြီး ခွန်ဥက္ကာ အပါအဝင် အဖွဲ့နာယကများ၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး နာယကအဖွဲ့ကို ရုပ်သိမ်းဖျက်သိမ်းခြင်းမရှိဟု ပြောပြသည်။

“ဒါပေမဲ့ လုပ်ငန်းတာဝန်တွေကိုတော့ ဒီ ခေါင်းဆောင်ကြီး ၅ဦးရဲ့ဆုံးဖြတ်ချက်အတိုင်းပဲ ဖြစ်မှာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။

PNLO အဖွဲ့ ကို ဦးဆောင်မည့် ပုဂ္ဂိုလ် ၅ဦးမှာ ဥက္ကဋ္ဌအဖွဲ့ဝင်များဖြစ်သည့် ဥက္ကဋ္ဌဗိုလ်ချုပ် ခွန်သူရိန်၊ ဒုဥက္ကဋ္ဌ(၁) ခွန်ထွန်းတင်၊ ဒုဥက္ကဋ္ဌ(၂) ဗိုလ်မှူးချုပ်ခွန်ကျော်ထင်နှင့် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်အောင်မန်း ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နှင့် ဗဟိုဒေသန္တရ အုပ်ချုပ်ရေးဌာန ဌာနကြီးမှူး ဒုဗိုလ်မှူးကြီး ခွန်အာဋ္ဌာရတို့ဖြစ်ကြောင်း အသိပေးသည်။

PNLO အနေဖြင့် ယခု ၂၀၂၄ ဇန်နဝါရီ ၂၁ရက်တွင် စစ်ကောင်စီနှင့် စစ်ရေးပဋိပက္ခဖြစ်ပွားသည့် အချိန်မှ စတင်၍ NCA အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်တွင် ပါဝင်ခြင်းရပ်ဆိုင်းသွားပြီး ဖြစ်၍ လက်ရှိကာလတွင် စစ်ကောင်စီနှင့် သွားရောက်တွေ့ဆုံသည့် NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များတွင်လည်းကောင်း၊ 7 EAO Allianceတွင်လည်းကောင်း PNLOမှ ကိုယ်စားလှယ် ပေးပို့ စေလွှတ်ထားခြင်းမရှိဟုလည်း ထုတ်ပြန်သည်။

PNLO/PNLAသည် ၂၀၂၄ ဇန်နဝါရီမှစ၍ စစ်ကောင်စီကိုပြန်လည်တိုက်ခိုက်ခဲ့ရာယင်းလကုန်ပိုင်း၌ ဆီဆိုင်မြို့ကို အပြီးသတ် သိမ်းနိုင်ခဲ့သည်။ နောက်ပိုင်းတွင် စစ်ကောင်စီ လေကြောင်း၊ လက်နက်ကြီး ၊ မြေပြင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုကြောင့် ဆီဆိုင်မြို့ကိုပြန်လက်လွှတ်လိုက်သော်လည်း လက်ရှိတွင် မဟာမိတ်များနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ဆက်လက်တိုက်ခိုက်နေသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာသည် ယခင်က PNO အဖွဲ့ဝင်ဖြစ်ပြီး ဦးအောင်ခမ်းထီနှင့်အဖွဲ့က စစ်တပ်နှင့် ငြိမ်းချမ်းရေးရယူပြီးနောက် PNOမှ ခွဲထွက် ကျန်နေခဲ့သူဖြစ်သည်။ နောက်ပိုင်းတွင် ဗိုလ်မှူးကြီးခွန်သူရိန် ဦးဆောင်သည့် အဖွဲ့နှင့် ဗိုလ်မှူးကြီးခွန်ဥက္ကာ အဖွဲ့၊ အခြား ပအိုဝ်းအမျိုးသားအင်အားစုများ ပူးပေါင်းပြီး ၂၀၀၉ က ကျင်းပသည့် ပအိုဝ်းအမျိုးသားညီလာခံတွင် PNLO အဖြစ် ပေါင်းစည်း ဖွဲ့စည်းခဲ့သည်။ PNLO ဥက္ကဋ္ဌအဖြစ် ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ဦးခွန်မြင့်ထွန်း၊ လက်ရှိ ဥက္ကဋ္ဌ ဗိုလ်ချုပ်ခွန်သူရိန်တို့က အလှည့်ကျ တာဝန်ယူခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

အဖွဲ့ ဦးဆောင်မှုကို ဥက္ကဋ္ဌအပါအဝင်ခေါင်းဆောင် ၅ဦး၏ အဆုံးအဖြတ်သာ အတည် ဖြစ်ဟုဆို

သတင်း

အဝေး က သဘောထား ကြေညာခဲ့ရာ ယင်းကြေညာမှု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)၏ သဘောထား မပါဝင်ကြောင်း PNLO ဥက္ကဋ္ဌ ခွန်သူရိန်က ပြောကြားလိုက်သည်။

သတင်း

PNLAနှင့် စစ်ကောင်စီတို့သည် ဇန်နဝါရီ ၂၆ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ ခလရ ၄၂၄ တပ်ရင်းကို သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းသိမ်းပိုက်မှုအတွင်း လက်နက် ခဲယမ်းများကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြသည်။

သတင်း

စစ်ကောင်စီက ဆီဆိုင်မြို့ပေါ်သို့ လေယာဉ်နှစ်ကြိမ်ပျံဝဲခဲ့ပြီး ဒေသခံများအားလုံး မြို့မှ တိမ်းရှောင်ထွက်ပြေးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။