close
Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုမြို့ကို စစ်ကောင်စီက လေကြောင်းမှ ထပ်မံဗုံးကြဲ

လူနေအိမ်အချို့ပျက်စီးဟု နောင်ချိုဒေသခံပြော

နောင်ချိုမြို့အား စစ်ကောင်စီ ယနေ့နံနက်စောလေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - Yone Yone

ကိုပုဂံ/People’s Spring

တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားသော ရှမ်းမြောက်ရှိ နောင်ချိုမြို့ကို စစ်ကောင်စီက ယနေ့နံနက်စောတွင် လေကြောင်းမှ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူနေအိမ်များပျက်စီးခဲ့ကြောင်း နောင်ချိုဒေသခံများက ပြောသည်။

စစ်ကောင်စီသည် ယနေ့နံနက် ၃နာရီခန့်အချိန် တွင် နောင်ချိုမြို့ပေါ်ကို Y12လေယာဥ်ဖြင့် ပျံဝဲလာပြီးနောက် ဗုံးအနည်းဆုံး ရှစ်လုံးကြဲချတိုက်ခိုက်ခဲ့သည်ဟု နောင်ချိုဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

” မနက် ၃နာရီထိုးခါနီးလောက်က Y12နဲ့ ကြာကြာဝဲပြီးမှ ပတ်ချသွားတာ။ ခန့်မှန်း ၁၀လုံးလောက်လို့ပြောတယ်။ ၈လုံးလည်းပြောနေကြတယ်။ လူထိခိုက်တာတွေတော့မရှိဘူး။ အိမ်တွေတော့ထိတယ်။ ကျတဲ့နေရာတွေက နည်းနည်းနှံ့တယ်”ဟု နောင်ချိုမြို့ခံတစ်ဦးက ပြောသည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘူတာရပ်ကွက်ရှိ နေအိမ်အချို့ပျက်စီးခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီသည် စက်တင်ဘာ ၁၄ရက်တွင် နောင်ချိုမြို့ အေရှားဝေါတိုးဂိတ်အနီး ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ရာ နေအိမ်အချို့ ပျက်စီးခဲ့သည်ဟု နောင်ချိုမြို့ဒေသခံက ပြောသည်။

နောက်ထပ် နှစ်လုံးမှာ သပြေရေရပ်ကွက်အနီးကျရောက်ပြီး တစ်လုံးမှာမူ ပေါက်ကွဲခြင်းမရှိဟု ကြားသိရကြောင်း ဒေသခံက ဆိုသည်။

စက်တင်ဘာ ၁၃ရက်ကလည်း နောင်ချိုမြို့ကို လေကြောင်းမှ ဗုံး ၁၃လုံးကြဲတိုက်ခိုက်ခဲ့သည်။

ယင်းနေ့ နေ့လည်ပိုင်းတွင် နောင်ချိုမြို့ရှိ အရပ်သား ပြည်သူလူထုအား ဦးတည်ကာ လေကြောင်းမှ ဗုံး ၁၃လုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ နေ့လည် ၁၂နာရီခွဲမှစ၍ ၁နာရီကြာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း TNLAက အသိပေးထားသည်။

စက်တင်ဘာ ၁၃ရက်တွင် တောင်းခမ်းတိုက်ပွဲမှ ရဲဘော်များ ရှေ့တန်းမှပြန်လာရာ ဒေသခံပြည်သူအချို့က ကြိုဆိုကြသည် ဆို​သောရုပ်သံမှတ်တမ်းတစ်ခု လူမှုကွန်ရက်တွင် ပြန့်နှံ့လာပြီးနောက် စစ်ကောင်စီလော်ဘီများက ဗုံးကြဲတိုက်ခိုက်ရန် စတင်လှုံ့ဆော်ပြီး မကြာမီ လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ထိုနောက်ပိုင်း စစ်ကောင်စီက နောင်ချိုမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အညိုးဖြင့် ဗုံးကြဲတိုက်ခိုက်နေသည်ဟု နောင်ချိုဒေသခံတစ်ဦးက ပြောသည်။

နောင်ချိုမြို့တောင်ဘက် ဒုဋ္ဌဝတီမြစ်ကူးတံတား အနောက်ဘက်၌ရှိသော တောင်းခမ်းကျေးရွာ၌ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂) နှင့် ယင်းလက်အောက်ခံ အမြောက်တပ်ရင်း သုံးရင်းဖြစ်သော အမတ(၃၅၄)၊ အမတ (၂၀၆)၊ အမတ(၄၀၆)တို့ တည်ရှိသည်။ မစခ-၉၀၂ သည် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ) နယ်မြေအတွင်း တစ်ခုတည်းသော အမြောက်တပ်ကွပ်ကဲမှုဌာနချုပ်ဖြစ်ပြီး ၎င်း၏ လက်အောက်တွင် အမြောက်တပ်ရင်း ၁၃ ရင်းရှိသည်။

TNLA က အမတ(၄၀၆)နှင့် အမတ(၂၀၆)တို့ကို သြဂုတ် ၂၈ရက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်းသြဂုတ် ၂၉ရက်တွင် ထုတ်ပြန်ထားသည်။ ထို့ကြောင့် လက်ကျန်ဖြစ်သော မစခ-၉၀၂နှင့် အမတ(၃၅၄)တပ်ရင်းနှစ်ခု ဆက်လက်သိမ်းပိုက်ရန် ကြိုးပမ်းရာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တိုက်ပွဲအတော်ပြင်းထန်ခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၆ရက် နံနက်စော ၂နာရီခွဲအချိန်တွင် စစ်ကောင်စီ အမြောက်တပ် (၃၅၄)တပ်စခန်း၌ လည်းကောင်း၊ နံနက် ၁၁နာရီတွင် တောင်းခမ်းကျေးရွာအနီးတဝိုက် လည်းကောင်း၊ ညနေ ၃နာရီ မိနစ် ၄၀အချိန် တွင် မကျီးရေကျေးရွာအနီးတဝိုက်လည်းကောင်း၊ စစ်ကောင်စီ (၉၀၂)တပ်စခန်းနေရာတွင် ညနေ ၃နာရီ ၄၅မိနစ်က လည်းကောင်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု TNLAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဘိတ်−ထားဝယ်ခရိုင်၊ တနင်္သာရီ မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက် လာပြီး ကျေးရွာအတွင်း ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်၍ ပြည်သူလေးဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

သတင်း

ဘုရားသုံးဆူ - သံဖြူ ဇရပ် လမ်းပိုင်းက အနန်းကွင်းဗျုဟာပိတ်ဆို့တိုက်ခိုက်ခံရချိန် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူပေးရာမှာ ဖားပြရွာကို ပစ်မှတ်ထားပြီး ၂ ရက်ဆက်တိုက် ပစ်ခတ်တာရှိလာတယ်လို့ ကရင်စစ်ရေးသတင်းရင်းတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ၏ ကူညီကယ်ဆယ်ရေးပစ္စည်းများများသည် အမှန်တကယ်လိုအပ်သူများထံ မရောက်ကြောင်းနှင့် မျှမျှတတစီမံခန့်ခွဲမည်ဟု မယုံကြည်ကြောင်း နေပြည်တော်၊ ပဲခူးတိုင်း၊မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မှ ရေဘေးသင့်ပြည်သူများကပြောသည်။

သတင်း

တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားသည့် သီပေါမြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်ခဲ့၍ မိန်းကလေးငယ် တစ်ဦးနှင့် သက်ကြီးအမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ဟု TNLAက သတင်းထုတ်ပြန်သည်။