close
Connect with us

Hi, what are you looking for?

သတင်း

ရေဘေးအတွက်အလှူခံသည့်စစ်ကောင်စီ လှူသူမရှိဟုဆို

ရေဘေးအတွက် စစ်ကောင်စီ၏ အမျိုးသားသဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက အလှူခံနေသော်လည်း လှူဒါန်းမည့်သူမရှိဖြစ်နေကြောင်း စစ်ကောင်စီ၏ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနမှ ဝန်ထမ်းအချို့က ပြောသည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်အဖွဲ့သည် နေပြည်တော်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပျက်စီးခဲ့သည့် လမ်းတံတားများအား စက်တင်ဘာ ၁၃ရက်က လိုက်လံကြည့်ရှု့နေစဉ်။ ဓာတ်ပုံ - စကစ

မိထက်/People’s Spring

ရေဘေးအတွက် စစ်ကောင်စီ၏ အမျိုးသားသဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက အလှူခံနေသော်လည်း လှူဒါန်းမည့်သူမရှိဖြစ်နေကြောင်း စစ်ကောင်စီ၏ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနမှ ဝန်ထမ်းအချို့က ပြောသည်။

ရေဘေးအတွက် ပြည်တွင်း၊ ပြည်ပမှပြည်သူများလှူဒါန်းကြရန် အမျိုးသားသဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ထုတ်ပြန်ထားပြီး ဆက်သွယ်လှူဒါန်းလာသူမရှိကြောင်း ရန်ကုန်တိုင်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“ခရိုနီတချို့ကတော့ စစ်တပ်ခေါင်းဆောင်ပိုင်းကို ချိတ်ပြီးလှူတယ်ကြားတယ်။ ပြည်သူတွေကတော့ လှူလာတာမရှိသေးဘူး။ မရှိတာမှ တစ်ဦးတစ်လေတောင်မရှိဘူး”ဟု အထက်ပါဝန်ထမ်းက ပြောသည်။

စစ်ကောင်စီ၏ အမျိုးသားသဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသည် ရေဘေးအတွက်အလှူခံမှုကို စက်တင်ဘာ ၁၄ရက်မှစတင်ခဲ့ခြင်းဖြစ်သည်။ ဆက်သွယ်လှူဒါန်းမည့်သူမရှိ၍ ဝန်ထမ်းများအား ဖိအားပေးနေကြောင်းလည်း နေပြည်တော်မှ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်းတစ်ဦးက ပြောသည်။

” ကျတော်တို့ ဝန်ထမ်းတွေကို အလှူခံခိုင်းတယ်။ နီးစပ်ရာကို အကူအညီတောင်းခိုင်းတယ်။ အလှူငွေက မရတော့ လူကြီးတွေ မျက်နှာပူနေကြတယ်”ဟု ၎င်းက ပြောသည်။

ရေဘေးသင့်ပြည်သူများကို ကူညီကယ်ဆယ်ရေးအတွက် ပြည်သူများက လူမှုကူညီရေးအဖွဲ့များထံလှူဒါန်းနေကြပြီး စစ်ကောင်စီကို အယုံအကြည်မရှိကြောင်း မန္တလေးမြို့ခံအချို့ကပြောသည်။

” စစ်ကောင်စီဆီက ဘာမှမျှော်လင့်လို့မရဘူး။ ဒီရေဘေးက သူတို့ သတ်လို့ လူတွေ သေကုန်တာ။ ဘာကူညီရေးမှ လုပ်တာမရှ်ိဘူး။ အားလုံးအသိပဲ”ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် နေပြည်တော်တွင် ရေဘေးကျရောက်ခဲ့ပြီး လူဦးရေသိန်းချီ၍ ရေ ဘေးသင့်ခဲ့သည်။ သေဆုံးသူအလွန်များပြားကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့်ဒေသခံများကပြောသော်လည်း အသေးစိတ် စာရင်းပြုစုနိုင်ခြင်းမရှိသေးပေ။

စစ်ကောင်စီကမူ နေပြည်တော်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် (အရှေ့ပိုင်း) နှင့် ဧရာဝတီတိုင်းတို့ရှိ မြို့နယ် ၆၄ မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာပေါင်း ၄၆၂ ရွာတို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာလ ၁၀ ရက်မှ ၁၃ ရက် ညပိုင်း အထိပြည်သူ ၇၄ ဦး သေဆုံးကာ ပျောက်ဆုံးနေသူ ၈၉ ဦးရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီထုတ်ပြန်ချက်နှင့် မြေပြင်သတင်းအချက်အလက်များ အလွန်ကွာဟနေပြီး ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့တစ်မြို့တည်း၌ပင် သေဆုံးသူ ၁၀၀ကျော်ရှိကြောင်း ဒေသခံများက ပြောသည်။ ရေဘေးသည် စက်တင်ဘာ ၁၀ရက်မှ ၁၂ရက်အထိ ဆိုးရွားစွာကြုံတွေ့ခဲ့သော်လည်း စစ်ကောင်စီသည် စက်တင်ဘာ ၁၃ရက်မှသာ ကယ်ဆယ်ရေးလုပ်ဆောင်ခြင်းဟုရေဘေးသင့်ပြည်သူများက ပြောသည်။

ထို့အပြင် နိုင်ငံတဝန်း ရေဘေးနှင့်မြေပြိုမှုများ ဆိုးရွားစွာကြုံတွေ့နေသော်လည်း စစ်ကောင်စီက ဒေသအချို့ကို လေကြောင်းမှ ပြင်းပြင်းထန်ထန်ဗုံးကြဲတိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စေတီပုထိုး၊ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီး

သတင်း

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အုပ်စုသည် ရေဘေးသင့် ပြည်သူများကယ်ဆယ်ခြင်းထက် အရပ်သား များအား ဗုံးကြဲတိုက်ခိုက်ရန်သာ ဦးတည်ဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

သတင်း

စစ်တောင်မြစ်ရေဝင်ရောက်၍ တောင်ငူမြို့ပေါ်ရပ်ကွက်များ ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်နေရာ ရုပ်အလောင်းအချို့ရှာဖွေတွေ့ရှိထားကြောင်း ကယ်ဆယ်ရေးလုပ် ဆောင်နေသူအချို့က ပြောသည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသတွင်လည်း လတ်တလောရေကြီးမှုကြောင့် ဒေသခံပြည်သူ သေဆုံးထိခိုက်ပျောက်ဆုံးမှုများရှိခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

Trending

Facebook