ယောနသံ/People’s Spring
MNDAA ကမန္တလေး နှင့် တောင်ကြီး မြို့တို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်း လုံးဝပြုလုပ်မည်မဟုတ်သော်လည်း မိမိကိုယ်ကိုခုခံကာကွယ်ခွင့်ကို ဆက်လက်စွဲကိုင်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၄ ရက်ရက်စွဲဖြင့် ထုတ်ပြန်သည်။
တရုတ်နိုင်ငံအနေဖြင့်မြန်မာနိုင်ငံ၏အခြေအနေကို ကြားဝင်စေ့စပ်ဖြေရှင်း ပေးပါရန် အထူးမေတ္တာရပ်ခံကြောင်း MNDAA က ထုတ်ပြန်သည်။
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)စစ်ရေးကော်မတီကစက်တင်ဘာ လဆန်းတွင် တရုတ်ဘာသာဖြင့် ထုတ်ပြန်ပြီးနောက် ခဏအကြာတွင် ဖြုတ်ချခဲ့ရာမှ စက်တင်ဘာ ၁၈ ရက်ည တွင် မြန်မာဘာသာဖြင့်ထပ်မံထုတ်ပြန်လာခြင်းဖြစ်သည်။
အဆိုပါထုတ်ပြန်ချက်တွင် MNDAA ၏ စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး ဟူသော နိုင်ငံရေးရပ်တည်ချက်ကိုလုံးဝပြောင်းလဲမည်မဟုတ်ဘဲ နိုင်ငံတော်မှ ခွဲထွက်ခြင်း၊ နိုင်ငံတော်အာဏာကိုလုယူခြင်း၊ လွတ်လပ်ရေးရယူပြီး နိုင်ငံတော်အသစ်ထူထောင်ခြင်းများကို လုံးဝ ပြုလုပ်မည်မဟုတ်ကြောင်း၊ တရုတ် သို့မဟုတ် မြန်မာကိုဆန့်ကျင်သော နိုင်ငံခြားအသိုင်းအဝိုင်းများနှင့် မပူးပေါင်းခြင်း၊ မဆက်ဆံခြင်း၊ မဟာမိတ် မဖွဲ့ခြင်းသည် MNDAA ၏ နိုင်ငံရေး Redline ဖြစ်ပြီး NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်း ခြင်း၊ စစ်မြေပြင်များချဲ့ထွင်ခြင်း၊ မန္တလေး နှင့် တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများအား လုံးဝပြုလုပ်မည်မဟုတ်ကြောင်း ဖော်ပြထားသည်။
သို့သော် မိမိကိုယ်ကိုခုခံကာကွယ်ခွင့်ကို ဆက်လက်စွဲကိုင်သွားမည်ဟု ကြေညာထားပြီး တရုတ်နိုင်ငံအနေဖြင့် လက်ရှိတစ်နေ့ထက်တစ်နေ့ပိုမိုဆိုးဝါးလာသော မြန်မာနိုင်ငံ၏အခြေအနေကို ကြားဝင်စေ့စပ်ဖြေရှင်း ပေးပါရန် အထူးမေတ္တာရပ်ခံအပ်သည်ဟုလည်းဆိုထားသည်။
MNDAA အနေဖြင့်လည်း ချက်ချင်းအပစ်အခတ်ရပ်စဲပြီး တရုတ်နိုင်ငံနှင့်တက်တက်ကြွကြွ ပူးပေါင်းကာ ပဋိပက္ခများကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးသောလမ်းစဉ်ဖြင့် အဖြေရှာဖြေရှင်းသွားမည်ဟု အသိပေးထားသည်။
MNDAA ၏ အဆိုပါသတင်းထုတ်ပြန်ချက်ကို ပြစ်တင်ရှုံ့ချကြောင်း လူမှုကွန်ရက်သုံးစွဲသူအချို့က မှတ်ချက်ပြုနေကြသည်။
၁၀၂၇ စစ်ဆင်ရေးစတင်ချိန်က စစ်အာဏာရှင်ပြုတ်ကျသည့်အထိ လူတို့နှင့်အတူ တိုက်ခိုက်သွားမည်ဟုပြောခဲ့ပြီး ယခုအခါ တရုတ်အစိုးရအလိုကျ စစ်ကောင်စီအားဆက်မတိုက်တော့ဘဲ တိုက်ပွဲများရပ်တန့်ခြင်းသည် MNDAAအနေဖြင့် လူထု အပေါ် သစ္စာဖောက်ခြခြင်းဟု မန္တလေးမြို့ခံတစ်ဦးကပြောသည်။
“တရုတ်က ကိုးကန့်ကို တော်တော်လေးဖိအားပေးနေတယ်။ သူစကားနားမထောင်ရင် လောက်ကိုင်ကိုမီးဖြတ်ပြီး နယ်စပ်ကုန်သွယ်ရေးတွေလည်းဖွင့်မပေးဘူးလို့ ဖိအားပေးထားတယ်” ဟု ရှမ်းမြောက်မှ သတင်းရင်းမြစ်တဦးကပြောသည်။
MNDAAသည် ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းနှင့် ဒုတိယပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုးမြို့၊ သိန္နီမြို့၊ ချင်းရွှေဟော ၊ကွမ်းလုံမြို့အပါအဝင် မြို့ကြီးအချို့ကိုသိမ်းယူထားသည်။
စစ်ကောင်စီကလားရှိုးမြို့ နှင့် ရမခကို ပြန်လည်သိမ်းယူရန် ပြန်လည်ထိုးစစ်ဆင်မည်ဟုဝါဒဖြန့်ကာ မိုင်းရယ်မြို့၌ ရမခ အစားထိုးဖွင့်သည်ဆိုကာ အင်အားတိုးနေသည်။ ထို့အပြင် MNDAA သိမ်းယူထားသည့်မြို့များကို လေကြောင်းမှ ဗုံးကြဲမှုများမကြာခဏ ပြုလုပ်နေသည်။အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့အချို့မှာ ပြည်သူများကိုလူသားဒိုင်းလုပ်ရန် လာနေစေသည်ဟုစွပ်စွဲပြီးဆုံးရှုံးထားသောဒေသများကိုသင့်တော်သလို ဆောင်ရွက်မည်ဟုဆိုသည်။ထိုသို့ပြောပြီး လားရှိုးမြို့ကိုဗုံးမကြာခဏကြဲနေသည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကို စစ်ကောင်စီကပြန်လည်ထိန်းချုပ်ရန်ကြိုးစားနေသော်လည်း ယခုအခါ MNDAAအုပ်ချုပ်ရေးယန္တရားအသက်ဝင်နေပြီဖြစ်သည်။
MNDAA၏စာသည်တရုတ်ဖိအားကြောင့် ထုတ်ပြန်ခြင်းဖြစ်ပြီး လူထုနွေဦးတော်လှန်ရေးအပေါ်ထိခိုက်မည် မဟုတ်၍ မစိုးရိမ်ကြရန် နိုင်ငံရေး စစ်ရေးလေ့လာသူအချို့ကပြောသည်။
တရုတ်အထူးသံတမန်သည် သြဂုတ်လကုန်ပိုင်းတွင် တရုတ်နယ်စပ်ရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ဆက်တိုက်တွေ့ဆုံ၍ စစ်ကောင်စီကို မတိုက်ရန်ဖိအားပေးခဲ့သည်။