သုည/People’s Spring
စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (စက်တင်ဘာ ၂၀) မှာလည်း အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ”ပြည်သူ့အားမာန် ”သပိတ်စစ်ကြောင်း၊ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း၊ “Our Ambassador Myanmars Voice ငါတို့သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့အသံ ဖြစ်သည်” စာသားတွေကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာလည်း အာဏာရှင်ဆန့်ရေး သပိတ်စစ်ကြောင်းက ပြည်သူတွေနဲ့ ပူးပေါင်းပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆန္ဒပြသခဲ့ပါတယ်။
တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်းမှာလည်း ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)ကနေ ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
အဲဒီလှုပ်ရှားမှုမှာ ကမ္ဘာ့ကုလသမဂ္ဂ Credential ကော်မတီအစည်းအဝေးကနေ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် ဆက်လက်ခန့်အပ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒီကနေ့ပြုလုပ်တဲ့ လူထုသပိတ်လှုပ်ရှားမှုကို အမျိုးသမီး လူငယ်တွေနဲ့ ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်၊ DDMSC၊ လက်ပံတောင်းသပိတ်