မောင်တောမြို့ပြင်တွင် တစ်ခုတည်းကျန်သော စစ်ကောင်စီတပ်၏ နခခ ၅ စခန်းကို အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်အရှိန်အဟုန်မြှင့်တင်သွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် သိမ်းပိုက်ရန် ကျန်ရှိသောစစ်တပ်စခန်းများကို တစ်ခုမကျန် သိမ်းပိုက်ရန် ထိုးစစ်များကိုဆက်လက်အရှိန်အဟုန်မြှင့်တင်သွားမည်ဟု အာရက္ခတပ်တော်(AA)ကထုတ်ပြန်လိုက်သည်။
မောင်တောမြို့အား အလုံးစုံသိမ်းပိုက်ရရှိရန် ကြိုးစားနေပြီး မြို့အတွင်း၌ ကစဉ့်ကလျားထွက်ပြေးပြီး တိုက်တာအဆောက်အအုံ၊ လူနေအိမ်အချို့၌ ထွက်ပြေးပုန်းခိုလွတ်မြောက်နေသေးသော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့၊ ၎င်းတို့သင်တန်းပေးထားသော လက်နက်ကိုင်အချို့ နှင့် ARSA၊ RSO၊ ARA အစရှိသော အကြမ်းဖက်လက်နက်ကိုင်များအား လိုက်လံရှင်းလင်းလျက်ရှိကြောင်းAAက အသိပေးထားသည်။
မောင်တောမြို့ပြင်၌ စစ်ကောင်စီ၏ အမှတ် (၅) နယ်ကြားစောင့်ရဲတပ်ရင်း- နခခ (၅) စခန်း တစ်ခုသာကျန်ရှိတော့ပြီး အပြီးသတ်သိမ်းပိုက်ရရှိရန်ထိုးစစ်များဆက်လက်အရှိန်အဟုန်မြှင့်တင်သွားမည်ဟု AAက စက်တင်ဘာ ၂၇ ရက်ညတွင်တရားဝင်ကြေညာလိုက်သည်။
ထို့အပြင် အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာအနီးတွင် စစ်ကောင်စီ၏ စကခ (၅) လက်အောက်ခံ ခမရ ၃၄၆/ ၃၇၃/ ၃၇၂တပ်ရင်းများ စုပေါင်းထားသော အင်အား ၁၀၀ခန့်ပါ စစ်ကြောင်းနှင့် စက်တင်ဘာလ (၂၆) ရက်နေ့၊ နံနက် (၁၁) နာရီ (၅၀) မိနစ်တွင်တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး နှစ်နာရီခန့်ကြာအတွင်း အလောင်း၅ လောင်း၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့သည်ဟုငိရသည် စက်တင်ဘာလ (၂၇) ရက်နေ့၊ နံနက် (၁၀) နာရီခန့်အချိန် တွင်လည်းတိုက်ပွဲထပ်ဖြစ်ပွားပြီး စစ်ကောင်စီသည် အထိအခိုက်အကျအဆုံးအချို့ဖြင့် နောက်ဆုတ်သွားသည်ဟုဆိုသည်။
အမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြီး ၅၀ဦးထက်မနည်းသေဆုံးသည့်သတင်းများကြားရကြောင်းဒေသခံအချို့ကပြောသည်။
AAက အသေးစိတ်သတင်းမထုတ်ပြန်သော်လည်း “ရန်သူ၏ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်း၊ ခြင်းတောင်းအများအပြားတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်” ဟု အသိပေးထားသည်။
ထို့အပြင် ဂွမြို့နယ်၊ ကျောက်ပါးစပ်ရွာအနီး၊ကျိန္တလီကားလမ်းမအနီးရှိ တောင်ကုန်းတွင်လည်း စက်တင်ဘာလ (၂၄) ရက်နေ့၊ နေ့လယ် (၁) နာရီ (၅၀) မိနစ်မှ နေ့လယ် (၃) နာရီ (၂၀) မိနစ်အထိ နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဂွမြို့နယ်သည် ဧရာဝတီတိုင်း နှင့် နယ်စပ်မြို့ဖြစ်ပြီး စစ်ကောင်စီစခန်းများကို AAက ထိုးစစ်စင်တိုက်ခိုက်မည်ဖြစ်၍ တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်ကြောင်း ဒေသခံများကပြောသည်။ ဂွမြို့နယ်ဒေသခံအများအပြားသည် ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်း၊ ရေကြည်၊ ဟင်္သာတမြို့များသို့ တိမ်းရှောင်နေကြသည်။
ထိုအပြင်ရခိုင်ပြည်နယ်၌ တိုက်ခိုက်သိမ်းယူရန်ကျန်ရှိနေသေးသည့် စစ်ကောင်စီလက်ကျန်စခန်းများအားလုံးကို တစ်ခုမကျန် သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်များကို ဆက်လက်အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း AAက ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲသတင်းများနှင့်ပတ်သက်၍ AAက သံတွဲမြို့နယ်တွင် နောက်ဆုံးကျန်ရှိသော မောင်ရွှေလေးရေတပ်စခန်းကိုစ်တင်ဘာ ၅ ရက်တွင် အပြီးသိမ်းယူပြီးနောက်စက်တင်ဘာလ ၆ရက်က နောက်ဆုံးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ထိုနောက်ပိုင်းတွင် ရခိုင်ပြည်နယ်၌ AA ၏ ထိုးစစ်အရှိန် လျော့ကျသွားခဲ့ပြီး လက်ကျန်စခန်းအားလုံးသိမ်းယူရန်ထိုးစစ်ဆက်လက်အရှိန်မြှင့်မည်ဟု AAက စက်တင် ၂၇ ညတွင် တရားဝင်ကြေညာလိုက်ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ဆက်တိုက်စစ်ရှုံးနေသောစစ်ကောင်စီက စက်တင်ဘာလ ၈ရက်နှင့် ၉ရက်တွင် ပေါက်တောမြို့နယ်မောင်တောမြို့ကိုလေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာ စစ်သုံပန်းအချို့နှင့် အရပ်သားပြည်သူအချို့သေဆုံးခဲ့သည်။
စက်တင်ဘာလ ၂၆ ရက်နံနက်တွင် သံတွဲမြို့ရှိ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ စစ်ဘေးရှောင် ၁၄ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ စက်တင်ဘာလ ၂၅ရက်ညကလည်းမြေပုံမြို့ကို လေကြောင်းမှဗုံးလေးလုံးကြဲချတိုက်ခိုက်ခဲ့သည်။ ထို့အပြင် စက်တင်ဘာလ ၂၄ ရက်နေ့ ညနေ ၇ နာရီ ၄၀ မိနစ်တွင် တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမကိုလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားနှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့သည်။
အာရက္ခတပ်တော်သည် ချင်းပြည်နယ် ပလက်ဝ မြို့နယ် နှင့် ရခိုင်ပြည်နယ်မှပေါက်တော ၊ ကျောက်တော် ၊မြောက်ဦး ၊မင်းပြား ၊ ရသေ့တောင် ၊ မြေပုံ ၊ ပုဏ္ဏားကျွန်း ၊ဘူးသီးတောင် ၊ရမ်းဗြဲ ၊သံတွဲ မြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။ထိုကြောင့်ရခိုင်ပြည်နယ်တွင် မောင်တော ၊ စစ်တွေ ၊ အမ်း ၊တောင်ကုတ် ၊ဂွ ၊မာန်အောင်မြို့နယ်တို့ကိုသာ တိုက်ခိုက်သိမ်းပိုက်ရန် ကျန်ရှိတော့သည်။