အာဏာသိမ်းစစ်တပ်၏ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာမှုကြောင့် မတ္တရာမြို့နယ်အနောက်ခြမ်းရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ စခန်းအချို့ ယာယီဆုတ်ခွာပေးထားကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၂၁ ရက် နံနက် ၄ နာရီခွဲခန့်က တော်လှန်ရေးအင်အားစုများ အထိုင်ချထားသော မတ္တရာမြို့နယ်၊ သုံးဆယ်ပေးရွာသို့ မန္တလေးဘက်မှ စစ်ကောင်စီတပ်သည် အင်အား ၄၀၀ ကျော်ဖြင့် လက်နက်ကြီးပစ်ကူအများအပြားသုံးကာ ဝင်ရောက်ခဲ့သည်။
ထို စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျား တပ်ဖွဲ့(မန္တလေး) Generation Z Power Mandalay၊ BRA LDF ၊ မန္တလေးခရိုင်ပကဖ၊ မတ္တရာမြို့နယ် ပကဖ၊ ချမ်းမြသာစည်မြို့နယ် ပကဖ၊ အောင်မြေသာစံမြို့နယ် ပကဖ (Thunderbird) ၊ တောတွင်းတွတ်ပီ စသည့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ များက ပြန်လည်ခုခံတိုက်ခိုက်ခဲ့ကြောင်း ကာကွယ်ရေးအဖွဲ့များက ပြောသည်။
တိုက်ပွဲတွင်စစ်ကောင်စီဘက်မှ အထိနာနေချိန် နံနက် ၈ နာရီခန့်မှစ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နံနက် ၉ နာရီခန့်တွင် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း ကာကွယ်ရေးရဲဘော်အချို့က ပြောသည်။
သို့သော် တည်နေရာမှားယွင်းမှုကြောင့် မြေပြင်ရှိ စစ်ကောင်စီတပ်သားများအား အချင်းချင်းမှားယွင်းပစ်ခတ်ပြီး သေဆုံးမှုများရှိခဲ့သည်ဟု Generation Z Power Mandalay၏ တာဝန်ရှိသူက ပြောသည်။ စစ်ကောင်စီတပ်လေကြောင်းကမှားယွင်းတိုက်ခိုက်မိသည်ဆိုခြင်းနှင့် ပတ်သက်၍ People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။
လက်ရှိတွင် မတ္တရာမြို့နယ် အနောက်ခြမ်းရှိ သုံးဆယ်ပေး၊ ငယ်တိုး၊ သဖန်းထောင့်၊ သေနတ်ကုန်း၊ ညောင်ကုန်း၊ ရွှေချောင်း စသည့်ကျေးရွာများ၌ စစ်ကောင်စီက တပ်စွဲထားကြောင်း ကာကွယ်ရေးရဲဘော်အချို့က ပြောသည်။
ဆုတ်ခွာခဲ့သည့် စခန်းအရေအတွက်အားအတိအကျမသိရဘဲ သုံးဆယ်ပေးရွာမှ သဖန်းဒေါင့်အထိ ဆုတ်ပေးလိုက်သည်ဟု Generation Z Power Mandalay၏ တာဝန်ရှိသူက ပြောသည်။
ထိုတိုက်ပွဲ၌ ရဲဘော်တစ်ဦးသာ မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး ကျန်ရဲဘော်များအထိအခိုက်မရှိကြောင်း သိရသည်။
“စစ်ရေးစီမံချက်ကောင်းကောင်း CoC မိမိသွားတာမို့ ဆုတ်ခွာနိုင်တာပါ။ အင်အားများများနဲ့ လက်နက်ကြီး၊ လေယာဥ်ကကြုံဖူးပါတယ်။ ဒါပေးမဲ့ လက်နက်ကြီးအဲ့လောက်အများကြီး ပစ်တာတော့ ခုမှကြုံဖူးတာ။”ဟု Generation Z Power Mandalay၏ တာဝန်ရှိသူက ပြောသည်။
သို့သော် မတ္တရာ သုံးဆယ်ပေးကျေးရွာတဝိုက်ကို စစ်တပ်က စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ၊ ပေါက်ဝဲရွာ၊ ညောင်ကုန်း၊ မတ္တရာမြို့နှင့် ထီးတော်မိုးရွာများဘက်မှ ပစ်ကူပေးခဲ့ရာ ကလေးသူငယ်များအပါအဝင် ပြည်သူ ၆ ဦးသေဆုံးခဲ့သည်။
ထို့အပြင် စစ်ကောင်စီတပ်များသည် သုံးဆယ်ပေးကျေးရွာအား မီးတင်ရှို့သွားပြီး တစ်ရွာလုံးနီးပါး ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
သုံးဆယ်ပေးကျေးရွာတိုက်ပွဲအား လက်နက်ကြီးပစ်ကူသံများအား မန္တလေးမြို့အနီးတဝိုက်ကပါ ကြားလိုက်ရကြောင်း မြို့ခံများက ပြောသည်။
သုံးဆယ်ပေးကျေးရွာသည် ဧရာဝတီမြစ်ဘေးတွင်တည်ရှိပြီး ရွှေချောင်းပျူရွာနှင့် တောင်ပြုံးရွာဘက်မှ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်တိုက်ခိုက်နေ၍ ဒေသခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
သို့သော် စစ်ကောင်စီတပ်ပြန်စွဲသောစခန်းများမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေး (MDY PDF) က စစ်ကောင်စီထံမှသိမ်းပိုက်ထားသော စခန်းများမဟုတ်ပေ။
“မတ္တရာဘက်ခြမ်းမှာ ကျွန်တော်တို့တပ်ဖွဲ့ သိမ်းယူထားပြီးသား စခန်းတွေ ပြန်ပေးရတာမျိုးတော့ မရှိပါဘူး။”ဟု MDY PDF၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။
မန္တလေးPDF က ၁၀၂၇ ဒုတိယလှိုင်း ၊ရှမ်းမန်းစစ်ဆင်ရေးနှင့်အတူ မတ္တရာမြို့နယ်ရှိ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း ၊ ဆည်တော်ကြီးတပ်စခန်း အပါအဝင် စခန်းပေါင်း ၃၅ ခုကိုသိမ်းပိုက်ထားခြင်းဖြစ်သည်။