close
Connect with us

Hi, what are you looking for?

သတင်း

TNLA အပါအဝင် ရှမ်းမြောက်ရှိ လက်နက်ကိုင် သုံးဖွဲ့အား လက်နက်ခဲယမ်းနှင့် ငွေကြေးမပံ့ပိုးပေးတော့ဟု ၀တပ်ဖွဲ့ပြော

တရုတ်အစိုးရ ဖိအားကြုံနေရသော်လည်း အာဏာသိမ်းစစ်ကောင်စီကို ဆက်လက်တိုက်ခိုက်နေသည့် တအာင်းတပ်မတော်(TNLA) အပါအဝင် ရှမ်းမြောက်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ သုံးဖွဲ့ကို ၀တပ်ဖွဲ့(UWSA) ခေါ်ယူတွေ့ဆုံပြီး လက်နက်ခဲယမ်းနှင့် ငွေကြေး ပံ့ပိုးပေးတော့မည်မဟုတ်ကြောင်း UWSA၏ စစ်ရေးဆုံးဖြတ်ချက်ကို ပြောဆိုခဲ့သည်။

ရှမ်းမြောက်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ သုံးဖွဲ့ကို ၀တပ်ဖွဲ့(UWSA) တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - Wa News Land

ဩဂုတ်-၂၁၊ ၂၀၂၅။ ထားမြတ်/People’s Spring

တရုတ်အစိုးရ ဖိအားကြုံနေရသော်လည်း အာဏာသိမ်းစစ်ကောင်စီကို ဆက်လက်တိုက်ခိုက်နေသည့် တအာင်းတပ်မတော်(TNLA) အပါအဝင် ရှမ်းမြောက်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ သုံးဖွဲ့ကို ၀တပ်ဖွဲ့(UWSA) ခေါ်ယူတွေ့ဆုံပြီး လက်နက်ခဲယမ်းနှင့် ငွေကြေး ပံ့ပိုးပေးတော့မည်မဟုတ်ကြောင်း UWSA၏ စစ်ရေးဆုံးဖြတ်ချက်ကို ပြောဆိုခဲ့သည်။

၀တပ်ဖွဲ့ UWSA ခေါ်ယူတွေ့ဆုံခဲ့သည့် သုံးဖွဲ့မှာ TNLA၊ တရုတ်အစိုးရ၏ ဖိအားကြောင့် စစ်ကောင်စီနှင့် အပစ်ရပ်စဲထားရသည့် ကိုးကန့်တပ်မတော်(MNDAA)၊ စစ်ကောင်စီကို တိုက်ခိုက်ခြင်းမပြုသည့် ရှမ်းတပ်ဖွဲ့ SSPPတို့ဖြစ်သည်။ တွေ့ဆုံမှုကို UWSA ဌာနချုပ် ပန်ဆန်း၌ ကျင်းပခဲ့ဟု ၀တပ် သတင်းပြန်ကြားရေး WSTVက ဩဂုတ် ၂၀ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

တွေ့ဆုံပွဲသို့ ၀တပ်ဖွဲ့ ဒုဥက္ကဋ္ဌ ဦးကျောက်ကော်အမ်းနှင့်တာဝန်ရှိသူများ၊ TNLA အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်နှင့်အဖွဲ့၊ MNDAAနှင့် SSPPတို့မှ အကြီးတန်းကိုယ်စားလှယ်များ တက်ရောက်ခဲ့ရာ ဦးကျောက်ကော်အန်းက ၀တပ်ဖွဲ့၏ စစ်ရေးဆုံးဖြတ်ချက်များ ကြေညာခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

” ဝ ပြည်နယ်သည် မည်သည့်လက်နက်နှင့် ကိရိယာကိုမျှ ပံ့ပိုးပေးတော့မည် မဟုတ်ကြောင်း၊ စစ်ရေးအရ လွယ်ကူချောမွေ့စေရေး သို့မဟုတ် မည်သည့် အဖွဲအစည်းကို မည်သည့် အကြောင်းပြချက်၊ အချိန်မရွေး၊ မည်သည့် နေရာ၌ဖြစ်စေ ငွေကြေး အကူအညီ ပေးမည် မဟုတ်ပေ” ဟု ၀တပ်ဖွဲ့၏ ကြေညာချက်၌ ပါရှိသည်။

အဖွဲအစည်းများအနေဖြင့် လက်နက်နှင့် စက်ကိရိယာများ၊ ငွေကြေးအကူအညီများနှင်ါ အခြားထိုကဲ့သိုသော ကိစ္စရပ်များကို တောင်းဆိုခြင်းဖြင့် “ဝ” ပြည်နယ်ကို ထပ်မံနှောက်ယှက်ခြင်းမှ ရှောင်ကြဉ်ရန် လည်း တိုက်တွန်းကြောင်း ၀တပ်ဖွဲ့ဘက်က အသိပေးခဲ့သည်။

” အဓိကတော့ တရုတ်အစိုးရရဲ့ ဖိအားကြီးမားတယ်ဆိုတဲ့ သိသာထင်ရှားတဲ့ သက်သေပါ”ဟု ရှမ်းမြောက်အရေးလေ့လာသူ တဦးက UWSAက ယခုကဲ့သို့ ကြေညာခဲ့သည့် အခြေအနေအပေါ် သုံးသပ်သည်။

UWSAသည် တရုတ်အစိုးရ၏ လွှမ်းမိုးအောက်ရှိ တပ်ဖွဲ့တခု ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

” အခုရှမ်းမြောက်မှာ စကစကို တိုက်နေတာ TNLA တဖွဲ့ပဲဆိုတော့ TNLAဟာ တရုတ်အစိုးရဲ့ဖိအားရော စကစရဲ့ ထိုးစစ်ရော တပြိုင်နက် ရင်ဆိုင်နေရတာဟာ လက်တွေ့ကျကျစဉ်းစားရင် တကယ်မလွယ်ပါဘူး။ စကစက TNLA ကိုထိုးစစ်ဆင်နေချိန် ကျန်အဖွဲ့ကို ထိုးစစ်မလုပ်တာဟာ သူ့ရဲ့ ဗဟာဗျူဟာပါ။ ဒါကိုအားလုံးသိသင့်ပြီ။ အခုမတိုက်ပဲ ချန်ထားတဲ့အဖွဲ့တွေကိုလဲ စကစက မကြာခင် တိုက်လာလိမ့်မယ်”ဟု ရှမ်းမြောက်အရေးလေ့လာသူက ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့များအကြား လက်တွဲဆောင်ရွက်နိုင်ခြင်းမရှိပါက စစ်ကောင်စီ သက်ဆိုးရှည်သွားလိမ့်မည် ဖြစ်ကြောင်းလည်း ပြောသည်။ ယခုကဲ့သို့ ၀တပ်ဖွဲ့က လက်နက်ခဲယမ်း ငွေကြေး အကူအညီ ရပ်ဆိုင်းကြောင်းကြေညာမှုသည် ထိခိုက်မှုများရှိလာနိုင်ဟု ၎င်းကဆိုသည်။

“KIA(ကချင်လွတ်လပ်ရေးတပ်မတော်) နဲ့ TNLA စစ်ရေးပူးပေါင်းဆောင်ရွက်လာရင်တော့ အတိုင်းအတာတစ်ခုထိ ခုခံနိုင်လိမ့်မယ်။ဒီအတိုင်း TNLA တစ်ဖွဲ့တည်း စကစရဲ့ ထိုးစစ်ကို ခုခံနေရင် နယ်မြေတွေ ဆက်လက်ရှုံးလာနိုင်တယ်။ စကစရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ မိုးကုတ် သီပေါ ကျောက်မဲ ပြီးရင်KIA ထိန်းချုပ်ထားတဲ့ နမ့်ဖတ်ကာကို ဦးတည်လာနိုင်ပါတယ်။ ဒါကြောင့် KIA ကလည်း ရှမ်းမြောက်က စကစရဲ့ ထိုးစစ်ကို TNLA နဲ့ လက်တွဲသင့်ပါပြီ” ဟု ရှမ်းမြောက်အရေးလေ့လာသူက ပြောသည်။

TNLAနှင့် KIAတို့သည် မဟာမိတ်တပ်ဖွဲ့များဖြစ်ပြီး ၂၀၂၄ နှစ်ကုန်ပိုင်းနှင့် ယခု နှစ်ဆန်းပိုင်း၌ မြေပြင်တပ်ဖွဲ့အကြား နယ်မြေဆိုင်ရာ အငြင်းပွားမှု ပြဿနာအချို့ရှိခဲ့သည်။

” ကျနော်တစ်ဦးတစ်ယောက်ရဲ့ သဘောထားအမြင်အရဆိုရင် KIA နဲ့ TNLA စစ်ရေး နိုင်ငံရေးပူးပေါင်းနေသ၍ စကစဟာ ရှမ်းမြောက်မှာ သူလုပ်ချင်သလို ချယ်လှယ်လို့ရနိုင်မှာမဟုတ်ဘူး ၊ ဖြစ်ခဲ့တဲ့ နယ်မြေအငြင်းပွါးမှုတွေကြောင့် အောက်ခြေတပ်ဖွဲ့ဝင်တွေကြား ရိုက်နှက်မှုတွေကိုလည်း နိုင်ငံရေးရင့်ကျက်စွာ ခွင့်လွတ်ပြီး ဘုံရန်သူစကစကိုပဲ အတူ တိုက်သင့်ပါပြီ” ဟု ရှမ်းမြောက်အရေးလေ့လာသူက ပြောသည်။

စစ်ကောင်စီကို အမှန်တကယ် တော်လှန်နေသည့် လက်နက်ကိုင်အဖွဲ့များအားလုံး မဟာမိတ်ဖွဲ့ပြီး တတိုင်းပြည်လုံးအတိုင်းအတာ စစ်ကောင်စီကို တပြိုင်နက် ထိုးစစ်ဆင်သင့်ပြီဟုလည်း ၎င်းက တိုက်တွန်းသည်။

” စကစလာတိုက်မှ ပြန်တိုက်မယ် ပြီးတော့ တဖွဲ့ကိုတိုက်နေချိန် ကျန်အဖွဲ့တွေငြိမ်နေသရွေ့ စကစက သက်ဆိုးရှည်နေအုံးမယ့်အခြေအနေပါ”ဟုလည်း ရှမ်းမြောက်အရေးလေ့လာသူက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း မြို့အချို့တွင် ဒေသခံ ပြည်သူများအား စစ်ကောင်စီက မလာမနေရ ခေါ်ယူပြီး ကိုးကန့်တပ်မတော်(MNDAA)နှင့် တအာင်းတပ်မတော်(TNLA)တို့ကို ဆန္ဒပြခိုင်းသည့် လုပ်ရပ်ကို အားမပေးကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)က ယနေ့ ဩဂုတ်၁၈ရက်တွင် ထုတ်ပြန်သည်။

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကောင်စီက ယနေ့ ဩဂုတ် ၁၇ရက်နံနက်တွင် လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တဦး အပါအဝင် သုံးဦး သေဆုံးခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

သတင်း

တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားသည့် မိုးကုတ်မြို့ကိုစစ်ကောင်စီတပ်က ယနေ့(ဩဂုတ် ၁၇ရက်) မနက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းဒေသခံအချို့က အသိပေးသည်။

သတင်း

တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားသည့်မိုးကုတ်မြို့တွင် TNLA နှင့် ဂေါ်ရခါးလူမျိုးများ တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး စစ်မှုထမ်းရန် အသင့်မဖြစ်သေးသည့်ဂေါ်ရခါးလူမျိုး (၈၄)ဦးကိုလည်း ၎င်းတွေ့ဆုံဆွေးနွေးပွဲအတွင်း သက်ဆိုင်ရာတာဝန်ရှိသူနှင့် မိဘအုပ်ထိန်းသူထံ ပြန်လည်အပ်နှံခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။