■စစ်သုံးပန်း ၃ ဦးနှင့် လက်ခဲယမ်းများသိမ်းဆည်းရရှိ
သြဂုတ်-၂၁၊၂၀၂၅။ကျော်ဇော/People’s Spring
ထားဝယ်မြို့ဘက်မှလာသော စစ်ကောင်စီတပ်ယာဥ်တန်းနှင့် စစ်ကြောင်းကိုတော်လှန်ရေးတပ်များက နှစ်ရက်ဆက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ရဲ့ ယာဥ် ၁၀ စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဓဝယ်အမျိုးသားလွတ် မြောက်ရေးတပ်တော် DNLA မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
သြဂုတ် ၁၈ ရက်နေ့ မွန်းတည့် ၁၂ နာရီက ထား ဝယ်မြို့ဘက်မှ အင်အား ၁၅၀ ယာဥ် ၁၀ စီးနဲ့ထွက်လာတဲ့ စစ်တပ်ယာဥ်တန်းကို ဘဲ့မဲ့တောင်အနီးမှာ တော်လှန်ရေးတပ်တွေက နာရီဝက်ကြာ တိုက်ခိုက်ခဲ့တယ်လို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ လေးဦးသေဆုံး၍ ၁၀ ဦးခန့်ဒဏ်ရာရကာ ၎င်းတို့ထံမှ MA1 အမျိုးအစားသေနတ်တစ်လက်၊ ကျည်ဘောက်နှစ်ခုအပါအဝင် ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ DNLA က အသိပေးပါတယ်။
အလားတူ သြဂုတ် ၁၉ ရက် မနက် ၁၀ နာရီမှာလည်း ပထမနေ့ကတိုက်ခိုက်ခဲ့တဲ့ စစ်တပ်ယာဥ်တန်းကိုသင်္ဃန်းတုန်းရွာအနီးမှာ ၇ နာရီခန့်ကြာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတွေစီးနင်းလာတဲ့ ယာဥ် ၁၀ စီးလုံးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“၁၀ စီးလုံး ရပ်သွားပါတယ်။ ၃ စီးပေါ်က ပစ္စည်းတွေတော့ သယ်လာနိုင်ခဲ့ပါတယ်။ ကျန်တာတွေတော့ မီးရှိုဖျက်စီးထားခဲ့ပါတယ်။ တိုက်ပွဲဖြစ် ပွားနေတဲ့အချိန် လေယာဥ်နဲ့ တစ်ကြိမ် သင်္ကန်းတုန်းရွာအနီးဝန်းကျင်ကို တခေါက်လာကြဲပါ တယ်”လို့ တိုက်ခိုက်မှုအခြေအနေကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA တာဝန်ရှိသူက People’s Spring ကို ပြောပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်တပ်ဘက်မှ ခုနစ်ဦးသေဆုံးပြီး MA1 လေးလက်၊ G3 တစ်လက်နှင့် ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိတဲ့အပြင် စစ်သုံ့ပန်းသုံးဦးကိုလည်း အရှင်ဖမ်းမိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
“သုံ့ပန်း ၃ ဦးဖမ်းမိပါတယ်။ သူတို့ကိုတော့ လုပ်ထုံးလုပ်နည်းအတိုင်းဆေးဝါးကုသမှုပေးပြီး ထိန်းသိမ်းထားပါတယ်ခင်ဗျာ”လို့ သုံ့ပန်းတွေနဲ့ပတ်သက်လို့ DNLA တာဝန်ရှိသူက ရှင်းပြပါတယ်။
ထိုကားတန်းမှာထားဝယ်မြို့မှ မေတ္တာသို့ ဦးတည်လာတာဖြစ်ပြီးတော့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားကလည်း ပြောပါတယ် ။
“၀ကုန်းမရောက်ခင် လမ်းသုံးထပ် တနေရာနဲ့ သင်္ဃန်းတုန်းတနေရာ အဲဒီမှာ ကျနော်တို့ စကစ ကား ၈စီး ပျက်စီးတယ်။ ၂စီးတော့ကျနော်တို့မီးရှို့ပြီး ပစ္စည်းသိမ်းသွားလို့ရတယ်။ စကစက ခန့်မှန်း ၂၀ကျော်သေတယ်။ ဖမ်းမိတာက သုံးယောက်အရှင်ဖမ်းမိတယ်။ လက်နက်ခဲယမ်းတချို့ရတယ်ပေါ့နော်။”လို့ ပဒိုစောအယ်နားက ပြောပါတယ်။
စစ်တပ်ယာဥ်တန်းအား နှစ်ရက်ဆက်တိုက်ခိုက်မှုကို DNLA မှ ဒူရကစစ်ကြောင်း၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ TPLF၊ ကျားသစ်နက်၊ ဘီလောင်းပြောက်ကျား တပ်ဖွဲ့၊ သံမဏိပြောက်ကျား(နဘယံ)၊ ဒေါနတပ်ခွဲ (၇)၊ ထားဝယ်ခရိုင်အမှတ် (၂)တပ်ရင်း (T5)၊ ထားဝယ်အရှေ့တောတပ်ဖွဲ့ (DEF)၊အရှေ့ပိုင်းကာကွယ်ရေးတပ်ဖွဲ့(EDF) ၊KNLA တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။တိုက်ပွဲမှာ ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကျဆုံးတယ်လို့ အသိပေးပါတယ်။
လက်ရှိအခြေအနေမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ အချိန်မရွေးပြုလုပ်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်သတိပြုကြဖို့၊ စစ်ကောင်စီတပ်သားသားတွေအနေနဲ့လည်း စစ်ရေးအရှိန်မြှင့်လာတာကြောင့် အမြန်ဆုံးပြည်သူ့ဘက်ပူးပေါင်းကြဖို့ DNLA နဲ့မဟာမိတ်ညီနောင်တွေက တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ဩဂုတ် ၉ရက်ကလည်း တနင်္သာရီ မြို့နယ် သိန်ခွန်းရွာနဲ့ချောင်းနှစ်ပေါက်ရွာအကြားမှာ မောတောင် ဒေသကို ပြန်ထိန်းချုပ်နိုင်ဖို့ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီအတွက်ရိက္ခာ၊ လက်နက်ခဲယမ်း လာပို့တဲ့ ထောက်ပို့ယာဉ်တန်းကို KNLAက တိုက်ခိုက်ခဲ့တာမှာလည်း ထောက်ပို့ ယာဉ် ၂စီးပျက်စီးခဲ့ပါတယ် ။ဒါအပြင် စစ်တပ်ဘက်မှသေဆုံးထိခိုက်ဒဏ်ရာရတာတွေလည်းရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်က KNLA တပ်မဟာ(၄)နယ်မြေအတွင်း စစ်ရေးလှုပ်ရှားမှုတွေပိုမိုပြုလုပ်လာတဲ့အတွက် KNLAနဲ့မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်လျက်ရှိရာ ထားဝယ်၊ ပုလော၊ တနင်္သာရီ စတဲ့ မြို့နယ်များမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပါတယ် ။
