close
Connect with us

Hi, what are you looking for?

သတင်း

ခုခံတော်လှန်စစ် အခက်အခဲအတားအဆီးများရှိသော်လည်းတော်လှန်ရေးပန်းတိုင် မရောက်မချင်း ချီတက်တိုက်ပွဲဝင်မည်ဟု NUG ယာယီသမ္မတပြော

စစ်အာဏာရှင်စနစ် ခုခံတော်လှန်စစ်လေးနှစ်တာအတွင်း ပုံစံမျိုးစုံဖြင့် တော်လှန်ရေး၌ ပေးဆပ်ခဲ့ကြသည့် မိသားစုဝင်များကို ကျေးဇူးတင် ကြောင်းနှင့် အနစ်နာခံ ပေးဆပ်မှုများ ထိရောက်အောင် တော်လှန်ရေးပန်းတိုင်မရောက်မချင်း အလျှော့မပေးဘဲ ဆက်လက်ချီတက် တိုက်ပွဲဝင်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလ ဓာတ်ပုံ - Screen Grab

အင်အားချိနဲ့နေသည့် စစ်ကောင်စီက ဒေသတွင်းနိုင်ငံများ၏ စစ်ရေး၊နည်းပညာအကူအညီများရနေမှု ဝမ်းနည်းစရာဖြစ်ရပ်ဟု ပြော

စက်တင်ဘာ ၇၊ ၂၀၂၅။ ထားမြတ်/People’s Spring

စစ်အာဏာရှင်စနစ် ခုခံတော်လှန်စစ်လေးနှစ်တာအတွင်း ပုံစံမျိုးစုံဖြင့် တော်လှန်ရေး၌ ပေးဆပ်ခဲ့ကြသည့် မိသားစုဝင်များကို ကျေးဇူးတင် ကြောင်းနှင့် အနစ်နာခံ ပေးဆပ်မှုများ ထိရောက်အောင် တော်လှန်ရေးပန်းတိုင်မရောက်မချင်း အလျှော့မပေးဘဲ ဆက်လက်ချီတက် တိုက်ပွဲဝင်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

ခုခံတော်လှန်စစ် လေးနှစ်မြောက်နေ့ဖြစ်သည့် ယနေ့ စက်တင်ဘာ ၇ရက်တွင် ယာယီသမ္မတက မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ကျနော်တို့ရဲ့ခုခံတော်လှန်စစ်ဟာလက်ရှိအချိန်မှာအခက်အခဲအတား အဆီးတွေ ကြုံတွေ့နေရပေမယ့် မလျော့သော ဇွဲနဲ့တော်လှန်ရေးပန်းတိုင်ကို လက်ဆုပ်ကိုင်ပြီး အတူဝိုင်းဝန်းချီတက်ကြဖို့ ထပ်မံပြီးတိုက်တွန်းပြောကြားလိုပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

စစ်အာဏာရှင်များသည်၎င်းတို့အာဏာသက်ဆိုးရှည်ရေးအတွက် ပြည်သူ လူထု၏အသက်အိုးအိမ်စည်းစိမ်ကို ချနင်းရန် ဝန်မလေးသည်ကို အားလုံးမျက်ဝါးထင်ထင်တွေ့မြင်ရပြီးဖြစ်ကြောင်း၊ယင်းလုပ်ရပ်မျိုးကိုစစ်အာဏာသိမ်းမှုမတိုင်ခင်ကတည်းကတောင်တန်းဒေသများ၌ တွေ့ကြုံခံစားနေခဲ့ရပြီး လက်ရှိတွင် တောင်တန်း၊ ပြည်မ တပြေးညီ နှိပ်စက်ညှင်းပမ်းခံနေရ၍ လူထုက ခုခံတော်လှန်မှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။

“တောင်တန်းနဲ့ ပြည်မဟာ လက်နက်ကိုသဘောကျလွန်းလို့ လက်နက်ကိုင်ခုခံတော်လှန်စစ်ကို ဆင်နွှဲရတာမဟုတ်ဘူးဆိုတာ သတိချပ်ကြဖို့လိုပါတယ်။ စစ်အာဏာရှင်စနစ်ရဲ့ နှိပ်စက်ညှင်းဆဲမှုကိုခံရလွန်းလို့မခံမရပ်နိုင်ဖြစ်ပြီး မိမိကိုယ်ကိုယ်ကာကွယ်ဖို့ ကြိုးစားရတာ ဖြစ်ပါတယ်။ ဖိနှိပ်ညှင်းဆဲခြင်း ကင်းလွတ်မှုကို အာမခံနိုင်တဲ့အချိန်တခုမှာ လူထုဟာ လက်နက်နဲ့ဝေးဝေးနေပြီး ငြိမ်းငြိမ်းချမ်းချမ်းနေလိုတဲ့ စိတ်ဆန္ဒ အပြည့်အ၀ရှိကြောင်းကျနော်တို့ အားလုံးနားလည်ထားကြပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။

လက်ရှိဆင်နွှဲနေသည့် ခုခံတော်လှန်စစ်သည်တောင်တန်းနှင့်ပြည်မနယ်များပေါင်းစည်းပြီးစစ်အာဏာရှင်ယန္တရားကို စစ်ရေး၊ နိုင်ငံရေး လက်နက်တို့ဖြင့်ခုခံတော်လှန်သည့် တော်လှန်ရေးလှိုင်းကြီးဖြစ်ဟု ပြောသည်။

“ခုခံတော်လှန်စစ်ဟာ အကြမ်းဖက်မြန်မာစစ်တပ်ရဲ့ လက်တံခြေတံတွေကို ရိုက်ချိုးပစ်နိုင်တဲ့အထိ စွမး်ရည်ထက်မြက်ခဲ့ပါတယ်။ ဒါကြောင့်လည်း အကြမ်းဖက်မြန်မာစစ်တပ်ရဲ့ အင်အား ချိနဲ့မှုဟာ အသက်ထွက်ပြိုပျက်လုနီးအခြေအနေထိ ရောက်ခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ဒါပေမဲ့ ကျနော်တို့ ဟာ ယခု အခြေအနေမှာ ဝမ်းနည်းစရာ ဖြစ်ရပ်တချို့နဲ့ကြုံတွေ့ဖြတ်သန်းနေရပါတယ်။ အဲဒါကတော့ အသက်ထွက်ပြိုဆင်းဖို့ တာဆူနေတဲ့အကြမ်းဖက်မြန်မာစစ်တပ်ဟာ ဒေသတွင်း နိုင်ငံတွေရဲ့ စစ်ရေး၊ နိုင်ငံရေး၊ ငွေကြေးနဲ့ လက်နက်အကူအညီတွေကို ပြန်လည်ရရှိနေတာပဲဖြစ်ပါတယ်။” ဟု ယာယီသမ္မတက ပြောသည်။

ဒေသတွင်းနိုင်ငံများသည် ဒုက္ခနှင့် နေ့တိုင်း ယှဉ်တွဲဖြတ်သန်းနေရသည့် မြန်မာပြည်သူလူထု၏မျက်နှာကို မကြည့်ဘဲ ၎င်းတို့၏ မိတ်ဟောင်းဆွေဟောင်းစစ်အာဏာရှင်များ၏ မျက်နှာကို ပိုကြည့်နေဟု ၎င်းကပြော သည်။

“ဒေသတွင်းနိုင်ငံတွေဟာမိမိတို့ရဲ့အကျိုးစီးပွားကိုရှေးရှုပြီး အကြမ်းဖက်မြန်မာစစ်တပ်ကို စစ်ရေးနည်းပညာတွေ အကူအညီ အထောက်အပံ့ပေးနေတာ စိတ်မကောင်းဖြစ်မိပါတယ်။ ဒေသတွင်း နိုင်ငံများအနေဖြင့်လည်း ကျနော်တို့ တိုင်းရင်းသားပြည်သူလူထုကိုမျှော်လင့်ချက်မဲ့အခြေအနေမျိုးမဖြစ်အောင်မလုပ်ဖို့ ကျနော့်အနေနဲ့ ထပ်မံပြီး အနူးအညွတ်မေတ္တာရပ်ခံလိုပါတယ်” ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

ခုခံစစ်ဆင်နွှဲနေသည့် ပြည်သူများအနေဖြင့် အမှောင်မိုက်ဆုံးသော ညနက်များကို ဖြတ်သန်းခဲ့ကြရပြီးဖြစ်ကြောင်း၊ နွေဦးတော်လှန်ရေးသည် အကဲဆက်သည့်နိုင်ငံရေးမုန်တိုင်းများကိုဖြတ်သန်းနေရကြောင်းယာယီသမ္မတက တိုင်းရင်းသားပြည်သူများသို့ တင်ပြသည်။

“နိုင်ငံရေးအချိုးအကွေ့တွေတော်လှန်ရေးလှိုင်းအနိမ့်အမြင့်တွေကို ဖြတ်သန်းရင်း ရှေ့နှစ်လှမ်းတိုး နောက်တလှမ်းဆုတ် အခြေအနေ နဲ့ ရှေ့ဆက်နေကြရပါတယ်။ခုခံတော်လှန်စစ်မှာအတိုးအဆုတ် အတက် အကျနဲ့ အနိမ့်အမြင့်တွေ ဘယ်လောက်ပဲရှိရှိ ကျနော်တို့ဟာ ပန်းတိုင်ကို မျက်ခြေမပြတ်ဘဲ စူးစူးစိုက်စိုက် တက်လှမ်းနေကြောင်း ပြည်သူလူထု တရပ်လုံးကို တင်ပြချင်ပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။

အကြမ်းဖက်စစ်တပ်ခေါင်းဆောင်များသည်ဒေသတွင်း နိုင်ငံများ၏ စစ်ရေးအကူအညီများရယူရန်ကြိုးစားနေသည်သာမကပြည်တွင်း၌ နိုင်ငံရေးအသက်ရှုပေါက် ချောင်လည်အောင် ကြိုးပမ်းနေကြောင်း ပြောသည်။

“အဲဒီအတွက်အတုအယောင်ရွေးကောက်ပွဲကိုဟန်ပြကျင်းပပြီးပြည်သူ လူထုကို လှည့်စားဖို့ ကြိုးစားနေပါတယ်။ အတုအယောင်ရွေးကောက်ပွဲဟာ လူထုအတွက်ထွက်ပေါက်မဟုတ်ဘဲ လူထုအတွက်ထောင်ခြောက်ဖြစ်နေပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

စစ်ခေါင်းဆောင်များသည်လက်နက်နှင့်သိမ်းယူထားသည့်အာဏာကို လူထုတရားဝင်မှုဖြင့် ပေါင်းစပ်ရန် အတုအယောင်ရွေးကောက်ပွဲ ကျင်းပပြီး ကြိုးစားနေသည်ကို တွေ့ရကြောင်း ၎င်းကဆိုသည်။

“ဒေသတွင်းနိုင်ငံတွေအနေနဲ့လည်းအတုအယောင်ရွေးကောက်ပွဲကို နိုင်ငံ ရေးအရ အားပေးထောက်ခံနေတာ တွေ့ရပါတယ်။ ဒါဟာ ကျနော်တို့ နိုင်ငံမှာ ရေရှည်ငြိမ်းချမ်းတည်ငြိမ်ဖို့မဟုတ်ဘဲ ပဋိပက္ခနဲ့ ယဉ်ပါးအောင် တွန်းအားပေးနေတယ်ဆိုတာကို သတိချပ်စေချင်ပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။

အတုအယောင်ရွေးကောက်ပွဲသည်ပြည်တွင်းငြိမ်းချမ်းရေးအတွက် အဖြေမဟုတ်ဘဲ ပြည်တွင်းစစ်သက်ဆိုးရှည်အောင်လောင်စာထည့်ပေးနေခြင်းဖြစ်ဟု ပြောသည်။

“ဒေသတွင်းနိုင်ငံတွေအနေနဲ့လည်းစစ်အာဏာရှင်တွေရဲ့မျက်နှာကို မကြည့်ဘဲ မြန်မာပြည်သူတရပ်လုံးရဲ့ မျက်နှာကို ငဲ့ဖို့ လေးနက်စွာ တောင်းဆိုချင်ပါတယ်။ ဒါ့အပြင် ကျနော်တို့ နိုင်ငံရဲ့ အနာဂတ်လမ်းပြမြေပုံဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီဖြစ်ထွန်းပေါ်ပေါက်ဖို့ဝိုင်းဝန်းကူညီပေးပါလို့တိုက် တွန်းလိုပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။

ပြည်သူတရပ်လုံးလိုလားနေသည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေးသည် ပြည်သူတရပ်လုံးအပါအဝင် ဒေသနိုင်ငံများ၏ ကူညီအားပေးမှု ရရှိမှသာ ပိုမိုမြန်ဆန်အောင်မြင်မည်ဖြစ်သည်ဟုလည်း ယာယီသမ္မတကပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်အသက်၈၀ပြည့်မွေးနေ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတဒူဝါလရှီးလက မွေ့နေ့ဆုမွန်စကား ပြောကြားခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်နိုင်သေးခင်အချိန်၌လည်းတိုင်းပြည်နှင့် လူထုငြိမ်းချမ်းရေး၊အကြောက်တရားက လွတ်မြောက်ရေး ကြိုးစားနေရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

သတင်း

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပေါ် ထားရှိသည့် သဘောထားကို နိုင်ငံအတာအနေဖြင့် ဆန်းစစ်သုံးသပ်ရန်လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောကြားသည်။

သတင်း

ပေးဆပ်လိုက်ရသည့် အသက်သွေးချွေး တခုစီတိုင်းအတွက် ထိုက်တန်သည့်အောင်ပွဲကို ရယူနိုင်ရေး နှင့် မြန်မာနိုင်ငံ၌ မည်သည့်အာဏာရှင်မျှ တကျော့ပြန်ခေါင်းထောင်မလာနိုင်ရေးအတွက် တော်လှန်ရေး အင်အားစုများအားလုံး၊ တိုင်းရင်းသားလူမျိုးစုများအားလုံးနှင့် ကျောင်းသားပြည်သူတရပ်လုံး အနေဖြင့် စုစည်းညီညွတ်စွာ အတူတကွတိုက်ပွဲဝင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းသည်။

သတင်း

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံကြီးများ၏ ပထဝီဝင်နိုင်ငံရေးအားပြိုင်မှု ကြားထဲ၌ ပြည်တွင်း နိုင်ငံရေးကို ရုန်းထနေရသည့် အခြေအနေတွင်ရှိနေပြီး ဒေသတွင်း နိုင်ငံကြီးများ၏ ပါဝင်ပတ်သက်မှုသည် ပြည်တွင်းရေး အခြေအနေများကို ပဋိပက္ခသက်ဆိုးရှည်အောင် အပံ့အပိုးဖြစ်နေသည်ကို တွေ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။