စက်တင်ဘာ−၈၊ ၂၀၂၅။ဇော်ဝင်း/People’s Spring
စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်မှာ လှည့်ကင်းထွက်လာတဲ့ စစ်အုပ်စုကိုတိုက်ခိုက်ခဲ့ရာ ခုနစ်ဦးသေပြီး လက်နက်အချို့ရရှိခဲ့တယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။
ဒီကနေ့(စက်တင်ဘာ ၈ရက်) နံနက်၆ နာရီခွဲမှာ ကန့်ဘလူမြို့နယ် ဝက်တိုးကျေးရွာကနေ ကာဘိုးကျေးရွာဘက်ကို လှည့်ကင်းထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး ၁၇ဦးကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး ခုနစ်ဦးသေပြီး ကာဗိုင်၊MA 1 ၊ G3 နဲ့ ပြောင်းချော သေနတ်တွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
“သေနတ်က စုစုပေါင်း ခုနစ်လက်ရတယ်”လို့ ရေဦးပကဖ တာဝန်ရှိသူက ပြောပါတယ်။
ကန့်ဘလူလှုပ်ရှားအဖွဲ့ (ပကဖ)၊ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။
ဝက်တိုးနဲ့ ကားဘိုကျေးရွာက ကန့်ဘလူမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတာဖြစ်ပြီး စစ်ကောင်စီ လက်အောက်ခံ ပျူစောထီး အားကောင်းတဲ့ ဒေသတွေ ဖြစ်ပါတယ်။
လက်ရှိ ကန့်ဘလူမြို့နယ်ထဲက ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းကို ပြန်ထိန်းချုပ်ဖို့ စစ်ကောင်စီက အင်အား ၃၀၀ဝန်းကျင်နဲ့ စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။
